Thursday, August 9, 2012

ရှစ်လေးလုံးနေ့ဟုခေါ်သည့် ယနေ့ သြဂုတ်လ ၈ ရက်ကို မြန်မာနိုင်ငံဒီမိုကရေစီနေ့အဖြစ် သတ်မှတ်သွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

ဦးမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော ၀ါဆို သင်္ကန်း ကပ်လှူပွဲအပြီးတွင် ပြုလုပ်သော နိုင်ငံရေး ဆွေးနွေးပွဲ၌ ယနေ့ ရှစ်လေးလုံးနေ့ကို မြန်မာနိုင်ငံ ဒီမိုကရေစီ နေ့အဖြစ် သတ်မှတ်ရန် မန္တလေးမြို့မှ ၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ စိမ်းရောင်စို activities မှ ကိုတင်သစ်က အဆိုပြုသွားခဲ့ခြင်း ဖြစ်သည်။

၈၈ ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်အား ယင်းအဆိုနှင့် ပတ်သက်၍ မေးမြန်းရာတွင် "ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။ သဘောလည်း တူပါတယ်။ နောက်နှစ်လုပ်မယ့် ငွေရတုမှာ ပြည်လုံးကျွတ် သဘောမျိုး လုပ်ပြီးတော့ အတည် ပြုလိုက်ရင်တော့ သင့်တော်မယ် ထင်တယ်။ အဲဒီလို စဉ်းစားထားတယ်။ ခုလည်း ကန့်ကွက်မယ့်သူမရှိဘူး။ မှတ်တမ်းလည်း တင်ထားတယ်။

နောက်နှစ်မှာ ရှမ်းပြည်နယ်မှာ ဖြစ်ချင်ဖြစ်မယ်။ ကချင်ပြည်နယ်မှာ ဖြစ်ချင်ဖြစ်မယ်။ တိုင်းရင်းသားတွေပါ ပါပြီးတော့ အတည် ပြုလိုက်မယ်လို့ စဉ်းစား ထားပါတယ်"ဟု ဖြေကြားသည်။ ရှစ်လေးလုံး အထိမ်းအမှတ်ကို မန္တလေးမြို့တွင် လာရောက် ကျင်းပရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ "လိုရင်း ပြောရရင်တော့ဗျာ မန္တလေးကို ချစ်လို့ပေါ့ဗျာ။ အဲဒါ နံပါတ်တစ်ပါပဲ။ နောက်တစ်ခုက ကျတော့ ဒီမှာက ပထ၀ီ အနေအထားအရ အားလုံး လာဖို့လွယ်တယ်။ ပြီးတော့ အလုပ်တစ်ခုကို စလုပ်ရင် ဒီမှာက သံဃာထု အင်အားကောင်းတယ်။ ကျွန်တော်တို့နဲ့ ခေတ်ပြိုင် အလုပ်တူတူ လုပ်ခဲ့တဲ့သူတွေလည်း မန္တလေးမှာ လုပ်ဖို့အသင့်တော်ဆုံး ကန့်ကွက်မယ့်သူလည်း မရှိလို့ ဒီကိုရွေးလိုက်တာပါ။ သံဃာထု အင်အားကို အားကိုးတာလည်း ပါပါတယ်"ဟု ဦးမင်းကိုနိုင်က ပြောသည်။

လာမည့်နှစ်တွင် ပြည်နယ်တစ်ခုခု၌ ကျင်းပ သွားမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးသို့ လှည့်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ် - 7Day News Journal

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....