ကျနော် ကိုယ်တွေ့ကြုံရတဲ့ ၁၉၈၈ ဖြစ်ရပ်များထဲမှာ မေ့မရနိုင်တဲ့ ဗဟန်းရဲစခန်းရှေ့ ပစ်ခက်သတ်ဖြတ်မှုပါ။ အရေးတော်ပုံ ပထမညဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့အပြီးမှာ နောက်နေ့မနက်မှာ ကျနော်တို့တွေ ရွှေတိဂုံဘုရားပေါ်ရောက်ပြီး။ သြဂုတ်လ ၁၀ရက်နေ့တွင် ရွှေတိဂုံဘုရားပေါ်မှ လှည့်စားခေါ်ထုက်ခံရပြီး ဆန္ဒပြ သံဃာ ကျောင်းသာ ပြည်သူလူထုကြီးကို ဗဟန်းရဲစခန်း အရှေ့တွင် စောင့်ပြီး ပစ်ခက်ပြီး။ ထွက်ပြေး လာသူများကို မြေပဒေသာကျွန်းထောင့်မှ ဘက်နက်များနှင့် ထိုးပြီးဖမ်းသော အလွန်ရက်စက်သည့် သတ်ဖြတ်မှုကြီးပါ။
ရွှေတိဂုံဘုရားပေါ်ဝယ်
မြို့တော်ခမ်းမရှေ့ သတ်ဖြတ်မှုကြီး၏ နောက်တနေ့တွင် ကျနော်တို့တတွေ ရွှေတိဂုံဘုရားပေါ်ကို ရောက်လာပြီး သပိတ်စခန်း ချထားပါသည်။ အဲဒီမှာ လူတန်းစား ပေါင်းစုံပါတယ်။ ကျောင်းသားရော အရပ်သားရော အိမ်ခြေမဲ့နေတဲ့ လူတွေလဲပါတယ်။ ကျနော်တို့တွေ ဘုရားမုဒ် အသီးသီးကို ပိတ်ထားလိုက်ပါတယ်။ လုံခြုံရေး တာဝန်ခွဲကြတော့ ကျနော်က တောင်ဖက်မုဒ်၏ ဂေါပကရုံးနဘေးမှာ တာဝန်ခံရသည်။ ကျနော်နှင့် အတူအခြား အရပ်သားအချို့ ပါဝင်ပြီး အိမ်ခြေမဲ့လူအချို့လဲ ပါသည်။ ဘုရားပေါ်တွင် မည်သည့် ဥပဒေမဲ့လုပ်ရပ်မျိုးမှ
မဖြစ်ရအောင် လိုက်လံထိန်းသိမ်းပြီး။ မသမာသူများ မဟုတ်တာ မလုပ်နိုင်ရန် ဘုရားရင်ပြင်တော်ပေါ်မှ အလှူခံပုံးများကို လိုက်လံသိမ်းဆည်းကာ တောင်ဖက်မုဒ် ဂေါပကရုံးခန်းတွင် ဂေါပကလူကြီးတယောက်မှ သော့ဖွင့်ပေးပြီး သိမ်းဆည်းခဲ့သည်။ သို့သော်လည်း နောက်တချိန်တွင် စစ်အစိုးရမှ ရွှေတိဂုံဘုရားပေါ်တွင် ဆူပူသောင်းကျန်းသူများက ဘုရားအလှူခံပုံးများကို လိုက်လံသိမ်းဆည်းပြီး အလှူခံငွေများကို ယူဆောင်သွားကြကြောင်းဟု ကြေငြာသည့်အတွက် ကျနော် ဒေါသဖြစ်လို့ မဆုံးဖြစ်ရပါသည်။ ကျနော်သည် စစ်အစိုးရ၏ ရက်စက်မှု ကောက်ကြံမှု ယုက်မာလီဆည်မှုများကို အမြဲတမ်း မျက်မြင် ကိုယ်တွေ့ ဖြစ်နေသောကြောင့် သူတို့ကို ယုံကြည်ရန် ခက်ခဲသည့် လူတန်းစားတွင် ပါရှိနေသည်မှာ ကျနော့်အလွန် ဖြစ်မည် မထင်ပါ။
ဒီလိုနှင့် တနေကုန် ကျနော်တို့ ဘုရားပေါ်မှာ ရှိနေပြီးနောက် မိုးချုပ်ခါစ ၆ နာရီခန့်တွင် အရှေ့ဖက်မုဒ်နှင့် တောင်ဖက်မုဒ်အောက်သို့ စစ်ကားများ ရောက်လာကြသည်။ စပီကာဖြင့် ဘုရားပေါ်မှာ မနေကြဖို့ ပြန်ဆင်းပေးကြရန် ဥပကိုလိုက်နာပါ ဒါမှမဟုတ်ရင် ထိရောက်စွာ အပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်း ကြေငြာသည်။ ကျနော်တို့တွေ မိန်းကလေးတွေကို တနေရာတွင် စုထားပြီး လိုအပ်ပါက ပြေးလို့ရအောင် ဘုရားကုန်းတော်ပေါ်မှာ ဆင်းပုန်းနိုင်မည့် နေရာများကိုလည်း ကြည့်ထားပါသည်။ တနေကုန် လုပ်စရာရှိတာတွေကို တုတ်တချောင်းကိုင်ပြီး လိုက်လုပ်နေသည့် ကျနော်ကို အားလုံးကလဲ ချစ်ကြသည်။ ၁၆ နှစ်သား ကောင်လေးသေးသေးလေး ကျနော့ကို တောင်ဖက်မုဒ်က အသေးလေး လို့ခေါ်ကြသည်။ ကျနော်နှင့် ရှစ်ရက်နေ့ညက အမေရိကန်သံရုံး အနောက်ဖက် ၀င်ပုန်းရာတွင် ပါသည့် ကောင်မလေးနှစ်ယောက် အပါဝင် လူအချို့လဲ ယ္ခုဘုရားပေါ်တွင် ပါနေသည်။ မျက်မှန်နှင့် အကိုကြီးက ညနေပိုင်းကပြန်သွားပြီး သူပြန်လာမည်ဟု ကတိပေးသွားသည်။ တညလုံး ကျနော်တို့ မအိပ်ပါ ဘုရားမုဒ်အသီးသီးကို မီးပိတ်ထားကာ လုံတက်နိုင်သည့် လှေကား တံခါးပေါက်များ အားလုံးကို ရရာပစ္စည်းများဖြင့် ပိတ်ဆို့ထားလိုက်သည်။ တညလုံး ဟိုနားကလန့်လိုက် ဒီနားကလန့်လိုက်နှင့် မိုးလင်းရတော့သည်။
လှည့်စားခံရခြင်း
မိုးလင်းတော့ ကျနော်တို့တတွေ ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး ဗိုက်များလည်း အလွန်းဆာလောင်နေသည်။ ကျနော်ဆို နှစ်ည နှစ်ရက် မအိပ်ရသေးပါ ဘာစားလည်းတောင် သတိရတော့ပါဘူး။ ကျနော် ရှစ်ရက်နေ့ညက ထမင်းထုပ်တော့ စစ်တပ်က မပစ်ခက်မှီ စားခဲ့တာတော့ ကောင်းကောင်း မှတ်မိသည်။ အဲဒီလိုဖြစ်နေချိန်မှာ မကြာခင်မှာပဲ ကော်လံကတုံးဝတ်ဆင်ပြီး အနီရောင် နဖူးစည်း စည်းထားသော လူသုံးယောက် လေးယောက်ခန့်ရောက်လာပါသည်။ ဗဟန်း ငါးထပ်ကြီးဘုရားတွင် ရန်ကုန်မြို့ရှိ ကျောင်းသားအတော်များများ စုစည်းနေပြီး မကြာခင် လှည့်လည်တော့မှာဖြစ်လို့ ကျနော်တို့ကို လာရောက် ပူးပေါင်းရန် ခေါ်လွှတ်လိုက်ကြောင်း ပြောပြသည်။ လက်ကိုင်ဖုန်းမရှိတဲ့ အဲဒီခေတ်မှာ မေးမြန်းရန်က ကိုယ်တိုင်သွားရောက်ကြည့်မှ သာလျှင် သိရတဲ့ ခေတ်ပါ။ ကျနော်တို့က ဘာလို့ ကျနော်တို့နှင့် ရွှေတိဂုံဘုရားတွင် လာရောက်ပူးပေါင်းမှု မရှိပါသနည်းဟု မေးကြည့်ရာ သူတို့က ရွှေတိဂုံဘုရားသည် စစ်တပ်က ပတ်ပတ်လည် ပိတ်ဆို့ထားသောကြောင့် လာရောက်ပြီးပါက ပြန်လည့်ထွက်ခွါ ဆန္ဒပြရန် ခက်ခဲလှပါသည်။ ငါးထပ်ကြီးဘုရားသည် ဗဟန်းမြို့နယ် တာမွေမြို့နယ် များနှင့် နီးစပ်နေသောကြောင့် မြို့တွင်းသို့ ချီတက်ရန် လွယ်ကူသဖြင့် ရွေးချယ်ထားကြောင်း သိရသည်။
ထိုသူများက ထမင်းထုပ်များ သယ်ယူလာပြီး သူတို့ကိုယ်တိုင်လဲ မစားရသေးသောကြောင့် အတူစားရန်ပြောပြီး ဆာလောင်နေတဲ့ ကျနော်တို့လဲ ထမင်းစားသောက်ရင်း သူတို့နှင့် စကားပြောရာ ဘုရားအောက်တွင် စစ်တပ်က နေရာယူထားကြောင်း သို့သော် ပြည်သူအများ ပါဝင်နေသည် ဖြစ်၍ စစ်သားများက တာဝန်အရ ပိတ်ဆို့မှုများသာ လုပ်နေပြီး။ မကြာခင် အစိုးရဆင်းရတော့မယ် ဖြစ်ကြောင်း ပြောကြသည့်အတွက် အသိနုနယ်လှသော ကျနော်တို့သည် ကျနော်တို့ကို သတ်ရန် သတ်ကွင်းထဲသို့ ခေါ်ထုက်ရန် လာသည့် ဒလန်များကို မသိပဲ ယုံကြည်ကာ စိတ်ဓါတ်များတက်ကြွပြီး ပုန်းအောင်းနေသူများကို ခေါ်ထုက်တာကာ လည်းကောင်းတို့နှင့် အတူ ငါးထပ်ကြီးဘုရားသို့ လိုက်သွားရန် သဘောတူလိုက်ပါသည်။ ကျနော်တို့တွေ အားလုံးစုစည်းလိုက်သည်။ ဘုန်းကြီးကျောင်းများမှ သံယာတော်များလဲ သာသနာ့အလံများဖြင့် ထွက်လာပါသည်။ ကျနော်တို့ ပြင်ဆင်ပြီး ရွှေတိဂုံ အရှေ့ဖက်မုဒ်မှ ဆင်းလာပါတော့သည်။ တက်ကြွနေသော ကျနော်တို့သည် မကြာခင် ရက်စက်စွာ သတ်ဖြတ်ခံရမည့် နေရာကို ခေါ်ဆောင်သွားမည်ကို ကျနော်တို့လုံးဝ မသိပါ။
သတ်ကွင်းထဲသို့ ရောက်သွားခြင်း
အားလုံးစုပြီး ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ အောင်မြေနင်းပြီး သစ္စာတိုင်ကြပါတယ်။ အချက်လက်တွေကို သေသေချာချာ မမှတ်မိတော့ပါဘူး။ အသေခံပြီး မဆလ ပါတီကို ပြုတ်ကျသည် အထိ တိုက်ပွဲ ၀င်ကြမည် ဖြစ်ကြောင်းကို သစ္စာဆိုတာ တခုတော့ မှတ်မိပါသည်။ ဒီလိုနှင့် ကျနော်တို့ ဘုရားပေါ်က ဆင်းလာပါပြီ။
ကျနော်တို့တတွေ ဆင်းချလာတော့ ဦးဆောင်ပေးသူက အဲဒီအကျီအဖြူ ၀တ်ထားတဲ့ လူသုံး လေးယောက်ပါပဲ။ ကြားတောရလမ်း အတိုင်း ဆင်းချလာပြီး ရေတာရှည်လမ်းဟောင်းကို စစ်တပ်က ပိတ်ထားပါတယ်။ ပိတ်ထားတဲ့ စစ်တပ်နားအရောက်မှာ သူတို့(လာခေါ်သူတွေ)က ဦးဆောင်ပြီး အော်တယ် မကြောက်ကြနှင့် ကိုယ့်လမ်း ကိုယ်သွားမယ်။ အတွေ့အကြုံနုနယ်လှတဲ့ ကျောင်းသားငယ် အများစုသာဦးစီးတဲ့ သပိတ်တပ်ကြီးက အာဏာရှင် လက်ပါးစေများ၏ ရက်စက်လှတဲ့ လှည့်ကွက်ကို သဘောမပေါက်ခဲ့ပါဘူး။
ကျနော်တို့ ဗဟန်းလမ်းမကို ရောက်လာတော့ ကြားတောရလမ်း တလျှောက်တွင် ထပ်ပူးပေါင်းလာတဲ့ သံဃာတော်တွေ အရပ်သားတွေနှင့် ကြီးမားလှတဲ့ သပိတ်မှောက် ချီတက်တဲ့ လူထုကြီးဖြစ်လာပါပြီ။ သံဃာ့အလံများ နိုင်ငံတော်အလံများ နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံကို ကိုင်ပြီး ချီတက်လာပါသည်။ နတ်မောက်လမ်းနှင့် မြေပဒေသာကျွန်းမှာ စစ်တပ်က နေရာယူထားသည်မှာ များပြားလွန်းလို့ စိမ်းပုတ်မဲမှောင်နေပါသည်။
ကျနော်တို့ သွားမှာ ငါးထပ်ကြီးဘုရားဖြစ်တဲ့ အတွက် ကြားတောရလမ်းမှ ထွက်လာပြီး ဗဟန်းလမ်းမကြီး၏ ဘယ်ဖက်ကို ချိုးကာ ပန်းချီ ပန်ပုကျောင်း ဖက်မှ ဆက်လက်ချီ တက်လာပါသည်။ ဗဟန်းရဲစခန်းရှေ့ တွင်ကျနော်တို့ ၏ ရပ်တန့်သွားပါသည်။ ဘာကြောင့်လဲဆိုတော့ ဗဟန်းရဲစခန်း အကျော်တွင် စစ်တပ်က ဒူးထောက်လျှက် တတန်း မတ်တပ်ရပ်လျှက် တတန်း ပိတ်ထားပြီး စည်းတားထားပါသည်။ ထိုစည်းကို ကျော်လျှင် ပစ်မည်လို့ အော်ပြောသဖြင့် အလံကိုင်ထားတဲ့ ကျနော့ကို ဘုရားပေါ်မှာ မျက်မှန်းတန်းမိနေတဲ့ သံဃာတပါးက လာပြီး မင်းဟိုကောင်တွေကို လိုက်ရှာပြီးလိုက် တို့စစ်တပ်ကို ညှိုနှိုင်းရမယ်လို့ ပြောကာကျနော့ကို လာဆွဲတော့ အလံကို ကျနော့အနားက ကောင်မလေးတယောက် ပြောင်းပြီး ကိုင်ထားလိုက်သည်။ ထိုသူများကို ဘယ်နေရာမှ ရှာမတွေ့တော့ပါ။ အဆင့်ဆင့် အော်ဟစ်ပြီး လူတန်းကြီးအတွင်း ရှာဖွေကြရှာ မရှိတော့ပါ။ ပျောက်ကွယ်သွားပါပြီ။ ထို့နောက် ကျနော်တို့တွေ အရှေ့ဖက်ကို ပြန်ပေးလာပြီး အလံကိုင်နေသူများကို ကျနော်တို့ ပြန်ဆုက်မယ်လို့ ပြောတဲ့ အချိန်မှာ စစ်တပ်က ဆယ်မိနစ် အတွင်းပစ်မယ်လို့ ကြေငြာလိုက်ပါပြီ။ ပြန်ဆုက်ဖို့ကို အများစုက လက်မခံပဲ ကြွေးကြော်သံတွေကိုသာ အော်ဟစ် ကြွေးကြော် နေကြသည်။ သံယာတော်များက တုတ်များနှင့် လိုက်ရိုတ်ပြီး နောက်ဆုက်ခိုင်း သော်လည်း ရေလှိုင်းကြီးလိုဖြစ်နေတဲ့ သပိတ်တပ်ကြီးမှာ ထိန်းမရပါ။
သွေးမြေကြရပြီ
မကြာခင်မှာပဲ စစ်တပ်က စတင်ပစ်ခက်ပါပြီ။ ပထမဆုံးထွက်ပေါ်လာတဲ့ ဘောင်းဘောင်း ဆိုတဲ့ သေနတ်သံနှင့်အတူ သေနတ်သံများ ပေါ်ထွက်လာပါပြီ။ ကျနော့ ဘေးဘယ်ညာမှာ အတွဲလိုက် အတွဲလိုက် ပြိုဆင်းသွားတဲ့ လူတွေနှင့် အတူ ကျနော်တို့ ပြန်လှည့်ပြေးလာသည်။ ဘုရားပေါ်ပြန်တက် ဘုရားပေါ်ကို ပြေးဆိုတဲ့ အသံနှင့်အတူ နှစ်ဖက်ပိတ်နေတဲ့ လမ်းမကြီးမှာ ကျနော်တို့ ပြေးနေရပါသည်။ ပန်းချီ ပန်းပုကျောင်းရှေ့ ရောက်တော့မှ ၀င်ပြေးသွားတဲ့ လူအချို့ကို အသက်လုပြေးရင်း မြင်လိုက်မိသည်။ ကျနော့်ဘေးနားမှာ ရှီ ရှီ ဆိုတဲ့ ကျည်တိုးသံတွေကို ကြားလိုက်တိုင်း လူတွေ လဲပြိုသွားတာ ကိုတွေ့ရသည်။ အစ်ကိုလို့ ဘေးနားက အော်သံ ကြားတာ့ပြေးရင်းနှင့် ကြည့်လိုက်တာ သွေးတွေ ရင်ဖက်မှာ ပေနေတဲ့ ကောင်မလေးတယောက် ကျနော့ဖက်ကို ပြိုလာသည်။ ကျနော်သူ့ကို တွဲရင်း ကယ်ကြပါအုန်းလို့ အော်လိုက်သည်။ ဟာ ကလေးမကို ထိသွားပြီဟု အော်သံနှင့် အတူ ကောင်မလေးတဖက်ကို ကျနော်နှင့် အတူ အကိုကြီးတယောက် ၀ိုင်းတွဲကာ ကျနော်တို့ ပြေးလာတော့သည်။
ရက်စက်မှုကမ်းကုန်ကြသူများ
ကျနော်တို့ပြေးလာတော့ နတ်မောက်လမ်းနှင့် မြေပဒေသာကျွန်းမှာ နေရာယူထားတဲ့ စစ်တပ်က ဟိုဖက် ဗဟန်းရဲစခန်းရှေ့ ပစ်တဲ့ ကျည်လမ်းကြောင် လွတ်တဲ့ ကြားတောရလမ်းရှေ့ကနေ သေနတ်ဘက်နက်နှင့် ထိုးပြီး လူဖမ်းပါသည်။ သူတို့ အဓိက ထားသည်က ဒဏ်ရာရသူများကို ဆွဲလာသည့် လူတွေကိုပါ ကျနော်လဲ သွေးရူးသွေးတန်းဖြစ်နေပါပြီ။ ကောင်မလေးက အော်နေသည် ကျနော်က ကောင်မလေး၏ ညာဖက်ကို တွဲထားပြီး ဘယ်ဖက်ကို တွဲထားသည့် အကိုကြီးသည် မြေပဒေသာကျွန်းဖက် အခြမ်းကျသဖြင့် ပြေးဝင်လာသော စစ်သား၏ ဘက်နက်က အကိုကြီး၏ ဗိုက်ကို ထိုးလိုက်သည့် ဇိဆိုတဲ့ အသံနှင့်အတူ ကန်လိုက်သည့် စစ်သားကြောင့် အကိုကြီးနှင့် အတူကောင်မလေးရော လဲပြို ကျသွားပြီး ကျနော်သည် လဲမလိုနှင့် အရှေ့ငိုက်သွားကား ပြေးပြေး လို့ အော်သံနှင့် အတူကျနော် ဆက်ပြေးခဲ့သည်။ အော်ဟစ်ငိုကြွေးပြီး ပြေးခဲ့သည်။ ကျနော့ကို လူတယောက်က ဆွဲပြီး ဆက်ပြေးသွားသည်။
ဗဟန်းလမ်းမကြီးအတိုင်း ပြေးလာတဲ့ ကျနော့ကို ညာဖက်အခြမ်းရှိ လူနေအိမ်တခုထဲ ဆွဲသွင်းခြင်းခံလိုက်ရလို့ အသက်ချမ်းသာရာ ရခဲ့ပါသည်။ ထိုမိသားစု၏ စေတနာကို ယနေ့တိုင်အောင် မမေ့ပါ။ ကျနော့တကိုယ်လုံးတုန်နေသည့် အတွက် ဘုရားစင်မှ ဘုရားသောက်တော်ရေများဖြင့် ဖြန်းပြီး ပရိတ်များ ရွတ်ဖက်ပေးကြသည်။ ထိုနောက် အထပ်ခိုးလေးတွင် ကျနော်ကို ဖွတ်ထားလိုက်သည်။
ထိုအထပ်ခိုးလေးတွေ သက္ကသိုလ်ကျောင်းသား အချို့နှင့် တွေပါသည်။ ထိုထဲတွင် မစပယ်လို့ ကျနော်ခေါ်သည့် အမကြီးတဦးနှင့် လည်းတွေ့ရပြီး။ ညနေတွင် ကိုတင်ဌေးနှင့် တွေ့ဆုံရပြီး နောင်တချိန်တွင် ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) ကော်မတီဝင်များဖြစ်လာမည့် လူအများစုရှိရာ ကိုတင်ဌေးအိမ်တွင် လိုက်နေဖြစ်ခဲ့သည်။ ထိုအိမ်တွင်ကိုမင်းကိုနိုင် ဖြစ်လာမည့် အကိုကြီး တယောက်ကို ရင်းနှီးခဲ့ရပါသည်။
သွေးနှင့်ရေးထားတဲ့ သမိုင်းဖျက်မရဘူး
ထိုသတ်ဖြတ်မှုကြီးသည် ကျနော်ကို စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုမှ စွန့်ခွါနိုင်စွမ်း မရှိအောင် လုပ်ထားသည့် ရက်စက်မှုကြီး ဖြစ်ပါသည်။ လဲပြိုပြီး ကျကျန်ခဲ့သည့် ကောင်မလေးနှင့် ဘတ်နက်နှင့် ထိုးခံရသည့် အကိုကြီး၏ ပြေးပြေးဆိုသည့် အသံသည်။ ကျနော်ကို အသက်ရှင်လျှက်နှင့် သူတို့ မလုပ်နိုင်တော့တဲ့ တာဝန်ကို ဆက်ယူသွားရန် ပေးလိုက်သည့် အမိန့်။ သူတို့အသက်နှင့် လဲပြီး ပေးသွားသည့် တာဝန်။ သူတို့ ထိုအချိန်မှာ မသေသေးပါ သို့သော် သေသူများနှင့် မသေမရှင် ဖြစ်နေသူများကို ကြံတောသချိုင်းမှာ ဘူဒိုဇာနှင့် ကလော်ပြီး မြေမြှုတ်တဲ့ သတင်းတွေက ထွက်ပေါ်လာပြီး။ ထိုအချိန်တွင် စစ်တပ်က ဘက်နက်နှင့် ထိုးဖမ်းသွားသည့် လူများ၏ သတင်း အစအနကို မည်သောအခါမှ ကျနော်တို့ မရရှိတော့ခြင်းကြောင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယ္ခုလိုသော ရက်စက်မှုကြီးများအတွက် တာဝန်ရှိသူများက တာဝန်ယူပေးရပါမည်။ အသတ်ခံရသူများ၏ အသက်ကို မည်သူ တဦးတယောက်မှ မပိုင်ပါ မည်သူ တဦးတယောက်မှ ကြေအေးပေးလို့ မရပါ။ သူတို့၏ အသက်ဝိဥာဉ်များအပေါ် တရားမျှတမှု ရရှိခြင်းမှ သာလျှင် ကြေအေးမှု ဖြစ်ပေမည်။ သွေးတွေနှင့် အသက်တွေနှင့် စတေးထားတဲ့ သစ္စာကို မည်သို့သောသူမှ ချိုးဖေါက်နိုင်ခွင့် ချိုးဖေါက်နိုင်စွမ်းမရှိပါ။ရဲမင်းထွန်း
ချိုးဖေါက်သူတိုင်း ၀ိဥာဉ်များအပေါ် မထိမျက်မြင်လုပ်ခြင်းသာ ဖြစ်ပေသည်။
အသက်တွေ သွေးတွေ ပေးဆပ်ပြီး ရေးထားသော သမိုင်းသည် ဘယ်တော့မှ မပျောက်ကွယ်နိုင်ပါ။ ကမ္ဘာတည်သရွှေ့ တည်နေမည်။
-----------------------------------------
နောင် ၂ နှစ်ကျော်ကြာပြီး ၁၉၉၁ ခုနှစ်မှာ ကျနော် အဖမ်းခံရလို့ စစ်ကြောရေးအပြီးတွင် ရမန်ယူဖို့နှင့် စစ်ကြောရေးမှာ ကျနော်အနာခံပြီး ငြင်းပယ်လို့ မဆိုင်သူများဖြစ်သော ကိုဘိုဘိုနှင့် အချို့ကို လွှတ်ပေးဖို့ ဗဟန်းရဲစခန်းကို ရောက်လာတဲ့ အခါမှာ ကျနော်ကို ညဖက် အလွတ်သဘော မေးမြန်းကြတဲ့ စခန်းမှူးနှင့် ရဲတပ်သားများ အဲဒီ သြဂုတ်လ ပစ်ခက်မှုမှာ ကျနော်ပါတဲ့ အကြောင်းကို ပြောပြတော့ သူတို့တွေ အလွန်အံ့သြကြပြီး။ ကျနော်ကို ညီလိုအကိုလို ဆက်ဆံကြပါသည်။ ဒုရဲအုပ်တယောက်ဆိုရင် အဲဒီနေ့က သူသည် ရဲစခန်းထဲမှာ တာဝန်ကျနေတာဖြစ်ပြီး သူတောင် အင်မတန်မှ ကြောက်လန့်တုန်လှုပ်သွားရသည့် မြင်ကွင်းဟု ပြောရင်း ကျနော်ကို ကြည့်ကာ မျက်ရည်များပင်ကျလာပါသည်။ ကျနော်က စစ်ကြောရေးမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနှင့်လေ။ သူတို့တွေ ကျနော်ကို အင်းစိန်ထောင် ပြန်မပို့မှီ ချုပ်ထားသော ငါးရက်တွင် ညဖက်တိုင်း စခန်းမှူးရုံးခန်းထဲခေါ်ထုက်တာ ကောင်းမွန်စွာ ကြွေးမွေးပါသည်။ သူတို့၏ ဇနီးများလည်းလာတွေ့ပါသည်။ ကျနော်တို့ ထောင်မကျမခြင်း ရန်ကုန်တိုင်းရုံးမှာ ရုံးထုက်လာတိုင်း သူတို့လာရောက်တွေ့ဆုံကာ တက်နိုင်သမျှလေးတွေ ကြွေးမွေးခဲ့သည်ကို မမေ့ပါ။ ဒီလို လူစိတ်ရှိသူများနှင့်လည်း ပြန်ဆုံချင်ပါသေးသည်။
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်