Monday, July 9, 2012

သေဆုံးနေတဲ့ မန္တလေးမြို့ (၁)

သေဆုံးနေတဲ့ မန္တလေးမြို့ (၁)
(သွယ်ဝိုက်ပြီး ငါလေမပြောချင်… ဗမာ့သမိုင်းများစွာ၊ စောင့်ထိန်းခဲ့ရာ… ကျနော် မွေးခဲ့တဲ့မြို့ မရှိတော့ပါ…။)

July 9, 2012
လူတော်တော်များများ ကြားဖူးလိမ့်မယ် ထင်တယ်။ ရန်ကုန်က ဒီနေ့ နာမည်ကြီးတဲ့ အဆိုတော်တွေထဲက တယောက်ဖြစ် တဲ့ လင်းလင်း၊ ရေး-ဆိုထားတဲ့ မန္တလေးမြို့သေဆုံးခြင်း ဆိုတဲ့ သီချင်းလေး။

လွန်ခဲ့တဲ့လကမှ အင်တာနက်က တဆင့် ပျံ့နှံ့ ပေါ်ထွက်လာလို့ ကျနော်လည်း ကြားလိုက်တာပါ။ မန္တလေးရဲ့ အစဉ်အလာ သမိုင်းကြောင်းတွေးရင် ရှက်နေမိတဲ့ အကြောင်း၊ အရှေ့ဘက်က ဘာသာစကားမတူ၊ အသားဖြူဖြူ လူတွေနဲ့ တစိမ်းတွေ ကြား ဖုံးလွမ်းနေ ကိုယ့်ရဲ့ ဇာတိအစစ်အမှန် မန္တလေးမြို့ကြီး သေဆုံးသွားပါပြီလို့ ရင်နာနာနဲ့ ဟစ်ကြွေးထားတဲ့ သီချင်း လေးပါ။

ဘယ်သူတွေလည်း.. ဒီမြို့ထဲမှာ.. ဟိုးအရှေ့ရပ်က.. အိမ်နီးချင်းတွေ..၊ မျက်လုံးမှေးမှေး.. အကြည့်နဲ့ပါ။ မေးခွန်းများစွာ ငါလေတွေးရင်း၊ သမိုင်းကြောင်း များစွာ ငါလေမေးရင်း.. နား ၂ ဖက်ချည်း ပိတ်နေမိ၊ တစိမ်းတွေနဲ့ ဆုံတွေ့နေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း…

မန္တလေးမြို့ဟာ နှစ်ပေါင်း ၁၀၀ ကျော် အင်္ဂလိပ် လက်အောက်မှာ ကျခဲ့ပေမဲ့ ကိုယ့်ယဉ်ကျေးမှု၊ စာပေနဲ့
ဘာသာစကားက ဒီဘက်ခေတ်မှာလို ခြိမ်းခြောက်တာ မခံခဲ့ရပါဘူး။ ကိုလိုနီခေတ် ကတည်းက မန္တလေးမှာ အထင်ကရရှိတဲ့ ရှေးဟောင်း ဈေးချိုရုံတော်ကြီးကို န၀တ ဗိုလ်ချုပ်ထွန်းကြည် လက်ထက်က ဖျက်လိုက်ပြီး သူတို့ပြောတဲ့ ခေတ်မီ ၆ ထပ်ဈေးကြီး ဆောက်လိုက်တော့ ပထမဆုံး ပေါ်လာတဲ့ဆိုင်းဘုတ်ဟာ တရုတ် ဆိုင်းဘုတ်ပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော် အုပ်စိုး ခဲ့တဲ့ အင်္ဂလိပ်စာထက် တရုတ် စာက ပိုကဲလာပါတယ်။ အင်္ဂလိပ် ဆိုင်းဘုတ်ထက် တရုတ်ဆိုင်းဘုတ်က ပိုများသွားပါတယ်။

တချိန်က ဘုံကျောင်းတွေမှာပဲ မြင်ရတဲ့ တရုတ်စာနဲ့ ဆိုင်းဘုတ်တွေဟာ ဒီနေ့မန္တလေးမြို့လည်အနှံ့ လက်ညှိုးညွှန်ရာ၊ မျက်နှာမူရာတိုင်း တွေ့နေရပါပြီ။ မြန်မာစာ မြန်မာစကားထက်၊ တိုင်းတပါး စာပေ၊ စကားတွေက ပိုပြီးတန်ဘိုး ကြီးမားသ ယောင် ဖြစ်နေပါပြီ။

မန္တလေး ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာတွေ ရေးသားလေးရှိတဲ့ စာရေးဆရာ ဆူးငှက်က မန္တလေးက တရုတ် စာပေယဉ်ကျေး မှုကြီးစိုးလာပုံကို ခုလိုရှင်းပြပါတယ်။ “အဲနောက်ပိုင်းတော့ မန္တလေးလို နေရာမျိုးမှာ စီးပွားရေး အရရော၊ တရုတ်ရဲ့ လွှမ်း မိုးမှုတွေ များလာတာပေါ့ တရုတ်စာ သင်ကျောင်းတွေပေါ့ဗျာ… တရုတ် စာသင်ကျောင်းတွေ။ ဗမာကမွေးတဲ့ ဗမာကလေး စစ်ကိုတောင် မဖြစ်မနေ တရုတ်ကျောင်းပို့တဲ့အထိတွေ ဖြစ်လာတယ်။ အလားတူပဲ အလုပ်ခေါ်တဲ့ နေရာတွေမှာ တရုတ် စကားပြော တတ်ရမယ် ဆိုတဲ့အထိ လွှမ်းမိုးမှုတွေက များလာတယ်။ တဖက်က ဗမာစာ အားနည်းမှုတွေ ပြန်ကြည့်မယ် ဆိုရင်လည်း၊ မန္တလေးမှာ နိုင်ငံတကာ ကျောင်းတွေရှိတယ်၊ ပိုက်ဆံရှိတဲ့ ကလေးတိုင်းကို အဲဒီကျောင်းတွေမှာ ထားတယ်။ အဲဒီကျောင်းတွေက ဗမာစာ မသင်ဘူး ဒီတော့ ပြည်တွင်းမှာနေတဲ့ ကလေးတွေတောင် ဗမာစကား ဗမာစာတတ်ဘို့က ခဲယဉ်းသွားပြီ။ ဆိုတော့ ဒီကလေးကလည်း နိုင်ငံတကာ ကျောင်းသွားမယ်။ ပြီးတော့တခါ တရုတ်စာ သင်အုံးမယ်ဆိုရင် စဉ်းစားသာကြည့်ပေါ့။ မြန်မာစာ မြန်မာစကား ကြာရင် ဘာမှကို ကျန်တော့မှာမှုတ်တော့ဘူး။

ကျနော် အခုနေထိုင်နေတဲ့ နော်ဝေးနိုင်ငံ အပါအ၀င်၊ ဥရောပနိုင်ငံတွေမှာ နိုင်ငံစုံက၊ လူမျိုးစုံ ဘာသာစုံ၊ အရောင်အသွေးစုံ လာရောက် အခြေစိုက်နေထိုင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ စာ၊ စကားပဲ အသုံးပြု ရပါတယ်။ မိမိတို့ လူမျိုးစာပေ၊ စကားနဲ့ ယဉ်ကျေးမှုလည်း သင်ကြားခွင့်၊ ဖော်ထုတ်ခွင့် ပေးထားပါတယ်၊ ဒါကတပိုင်းပါ။ ဒါပေမဲ့ အဲဒီနိုင်ငံ တွင်း လူမှုအဖွဲ့အစည်းနဲ့ စာသင်ကျောင်း၊ ရုံး၊ လုပ်ငန်းခွင် အားလုံးမှာ လူမျိုးခြား စာပေ၊ စကား တရားဝင် ပြောဆို၊ ရေး သားခွင့်မရှိပါ။

အင်္ဂလိပ်စကားနဲ့ စာ ဒီနိုင်ငံသားတွေ လူတိုင်း တတ်ကြပါတယ်။ ဒါပေမဲ့ ပြောလေ့ပြောထ မရှိပါဘူး။ အင်္ဂလိပ်လို ဆိုင်း ဘုတ်တောင် မရှိသလောက် ရှားပါတယ်။ ဒီနည်းလမ်းနဲ့ မိမိနိုင်ငံစာပေ၊ စကားနဲ့ယဉ်ကျေးမှုကို ထိမ်းချုပ်ထားပါတယ်။

ကျနော်တို့ဆီမှာက ရေရှည် အကျိုးမကြည့်တတ်သလို၊ ဉာဏ်အမြော်အမြင် နည်းပါးတဲ့ စစ်ဘိုရှုတ်၊ ယူနီဖောင်းဝတ်ရော၊ အကျွတ်တွေရော၊ လူတွင်ကျယ်လုပ် အုပ်ချုပ်နေကြလို့ ဗမာလူငယ်တွေကိုယ့်  အမျိုးသားစာပေ၊ စကားတောင် အလေး မထားနိုင် ဖြစ်နေရတယ်။

အတိတ်ကို ပြန်ကြည့်ရင်၊ ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်ကတည်းက ပန်းသေးတရုတ် လူမျိုးတွေ ဘုရင့်တပ် မတော်မှာ အမှုထမ်း အရာထမ်းအဖြစ် ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်း အင်္ဂလိပ် လက်ထက်မှာလည်း အိမ်းနီးချင်း ယူနန် နယ်ဘွား တရုတ်တွေ ရေကြည်ရာမြက်နုရာ၊ စီးပွားရေးအရ အခြေစိုက်လာပေမဲ့၊ မိမိတို့ မိသားစု စားရေး ၀တ်ရေး သက် သက်လာသူတွေ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီး မော်စီတုံးရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကြောင့်ရော၊ ချန်ကေချိတ် အစိုးရ ထောက်ခံသူတွေ မြန်မာနယ် ထဲ ခိုလှုံခဲ့တာတွေ ရှိပေမဲ့ သူတို့ဟာ မြန်မာမှုကို လေးစားပြီး မြန်မာပြည်ချစ်စိတ်ရှိတဲ့ မြန်မာပြည်သား ဧည့်ကောင်းတွေ ဖြစ်ခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ မြန်မာပြည်က မတည်ငြိမ်တဲ့နိုင်ငံရေး၊ ဆုတ်ယုတ်နေတဲ့ စီးပွားရေး၊ အာဏာသိမ်း အစိုးရရဲ့ နိုင်ငံတကာမှာ အထီးကျန်မှုတွေကို အခြေခံပြီး အရှေ့က တရုတ်လူမျိုးတွေ ပြိုဆင်း လာပါတော့တယ်။ မှတ်ပုံတင်အတု တွေနဲ့၊ အိမ်ထောင်စု စာရင်းတွေဝယ်ပြီး (သက်ဆိုင်ရာကို လာဘ်ထိုးပြီး) အုတ်အုတ်သဲသဲ ၀င်လာတယ်။ မြန်မာကျပ်ငွေ တန်ဘိုး အဆမတန် ကျဆင်းမှုတွေ၊စီးပွားခြွတ်ခြုံကျမှု၊ အာဏာရှင်အောက်က အမျိုးသားရေး စိတ်ဓာတ် ခေါင်းပါးမှုတွေ ဟာ တိုင်းတပါးသားတွေကို တံခါးမရှိ ဓားမရှိ ဖြစ်စေခဲ့ပါတယ်။

ဆရာဆူးငှက်က…
“သူတို့ နောက်ကွယ် (backgroun) မှာက နည်းတဲ့ ငွေကြေးအင်အားမှ မဟုတ်ဘဲ၊ ဗမာက အဲဒီအချိန် ငွေတသိန်းဆိုတာ တနှစ်လုံး ကုန်းရုန်းရှာတောင် ခဲယဉ်းတဲ့အချိန်၊ တရုတ်က သိန်းပေါင်း၊ သန်းပေါင်းများစွာ (ကျပ်ငွေ) သူတို့လက်ထဲရှိနေ တာကိုး။ ကျနော်တို့ ကြားနေတာ ၁၉၉၀ လောက်က ငွေကြေးအများကြီး ထောက်ပံ့ပြီး ကြိုက်တာ ၀င်လုပ်၊ အဲလိုနောက် ကွယ်က လုပ်ပေးနေတာ။ ဒါ အစီအစဉ်ကျကျ လုပ်ခဲ့ကြတာပါ။ ဒီမှာ တသောင်းတန်ကို တသိန်းပေးလိုက်တယ်။ ကျနော်တို့ ဘိုးဘွားပိုင်တွေ အဲလိုရောင်းချပလိုက်တယ်”

ပိုဆိုးတာ တခုက တရုတ်လုပ်ငန်းရှင်တွေ၊ ကုမ္မဏီတွေ တရုန်းရုန်းဝင်လာပေမဲ့ ဗမာအလုပ်သမားတွေ အလုပ်လက်မဲ့ ဘ၀ကနေ မလွတ်ကျွတ် တာပါဘဲ။ သူတို့အလုပ်သမားနဲ့ သူတို့အလုပ်ကို ခိုင်းစေပြီး ကိုယ့်အိတ်ထဲ ကိုယ့်ငွေတွေ ပြန်ထည့် သွားတာပဲ။ ဒီနေရာမှာ အာဖရိကမှာ လာရောက် ရင်းနှီးတဲ့ တရုတ်အစိုးရ စီမံကိန်းတွေကိစ္စ ပြောပြချင်တယ်။

ထုံးစံအတိုင်း အာဖရိကနိုင်ငံတွေက ရေအားလျှပ်စစ် စီမံကိန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေမှာ လိုအပ် တဲ့ အလုပ်သမားတွေကို တရုတ်နိုင်ငံက အကျဉ်းသားတွေ ခေါ်ပြီးခိုင်းတဲ့ အဖြစ်အပျက်ပါ။ အချိန်ကာလတခုထိ လျော့ ရက်ရမယ်၊ လွတ်လွတ်လပ်လပ် နေရမယ်၊ အစားအနေ၊ ဘာမှမပူရဘူး ဆိုတော့ လစာမပေးပေမဲ့ တရုတ်ပြည်က ထောင် သားတွေ တော်တော်များများ အာဖရိက ရောက်ကုန်တယ်။ ဒီနည်းနဲ့ အာဖရိကပြည်သူတွေ ရသင့်ရထိုက်တဲ့ လစာနဲ့ အလုပ်တွေမှာ တရုတ်က ကိုယ့်အိတ်ထဲ ကိုယ်ပြန်ထည့်သွားတာပါပဲ။ ကျနော်တို့နိုင်ငံမှာလည်း တရုတ်က အာဖရိကလမ်း စဉ် သုံးနေပါတယ်။ ဆရာဆူးငှက်ပြောတာက…

“အခု ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ၀င်လာတဲ့ တရုတ်တွေဆို…၊ အရင်ကမှ ဗမာ အလုပ်သမား ခန့်သေးတယ် သူတို့ရဲ့ စက်ရုံ စီမံကိန်း၊ ဘာ၊ ညာစီမံကိန်းတွေဆို ပညာရှင်ကနေ၊ အလုပ်ကြမ်း သမားအထိ သူတို့ဆီက တရုတ်တွေ အကုန်ခေါ်ချလာ တာ၊ ဆိုပါတော့ အခုဓာတ်ငွေ့ပိုက်လိုင်း စီမံချက်တွေဆို သူတို့ အလုပ်သမားတွေနဲ့ သူတို့လာတာ။ ကုလားအုတ်လိုပေါ့ ဗျာ။ သူတို့အကျင့်၊ သူတို့လူမျိုး စရိုက်အတိုင်း စီးစီးပိုးပိုးနဲ့ အကုန်လုပ်သွားတာ။ ရှိသမျှ အကုန်သူတို့ အိတ်ထဲရောက် အောင်လုပ်သွားတာ”

တခါတုံးက ကျနော်နယူးဒေလီ(အိန္ဒိယ)က ကြယ်ငါးပွင့်အဆင့် ဟော်တယ်တခုကို မိတ်ဆွေတယောက်နဲ့တွေ့ဘို့ ရောက် သွားတယ်၊ အပေါ့သွားချင်လို့ ဟော်တယ် ဧည့်ခန်းအနီး သန့်စင်ခန်းကို သွားပြီး အထွက်မှာ လက်ဆေးမလို့ပြင်တော့ ဟော်တယ်ဝန်ထမ်းဝတ်စုံအပြည့်နဲ့ အိန္ဒိယအမျိုးသား တယောက်က ကျနော့်ကို လက်ဆေးကန် ရေပိုက်ဖွင့်ပေးတယ်၊ ပြီး တော့ လက်သုတ်ပုဝါလေးကိုင်ပြီး ဘေးမှာ ရပ်နေတယ်၊ ရုတ်တရက်တော့ ကျနော်လည်း ကြောင်သွားတယ်။ နောက်မှ သဘောပေါက်သွားတယ်။ သူတို့ဆီမှာ မြားပြားလွန်းတဲ့ အလုပ်လက်မဲ့ ပြဿနာကို အဲလို ဖြေရှင်းကြပါတယ်။ ကုမ္မဏီ တွေ၊ ပြည်ပက လာရောက်ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေကို မိမိနိုင်ငံက ၀န်ထမ်း ဘယ်လောက် ဦးရေ ကို၊ ဘယ်လောက်နှုံးထားနဲ့ လစာပေးပြီး အလုပ်ခန့်ရမယ်ဆိုတာ သဘောတူစာချုပ် ချုပ်လေ့ရှိပါတယ်။ ဗမာပြည်မှာ အဲ လို ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ မူဝါဒတွေရှိဘို့ လိုနေပါပြီ။

အခုတော့ အလုပ်လက်မဲ့ပြဿနာကို ပြည့်တန်ဆာထူထောင်ရေး လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော်နေသလိုပါပဲ။ ဆရာဆူးငှက် ပြောပြတာကရှင်းပါတယ်။ လူရော၊ ရိက္ခာရော၊ အမြတ်အစွန်းရော အကုန်ယူသွားတာတဲ့။

“တကောင်းဘက်က နီကယ်လ်စီမံကိန်းတွေနဲ့ ရခိုင် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေမှာဆို၊ ဗမာက တရုတ် အလုပ်ကြမ်း သမားအတွက်ပါ ၀န်ဆောင်မှုပေးရတယ်။ သူတို့က ဒီမှာရှိတဲ့ ဟင်းသီးဟင်းရွက်သားငါးကို ၀ယ်စားတယ်။ ကျနော်တို့ တမတ်၊ ငါးမူးအမြတ်နဲ့ သူတို့အလုပ်သမား၂ထောင်ရောက်လာလို့ ဒီလောက်ရောင်းရတာဆိုပြီး ၀မ်းသာအားရ ဖြစ်နေ ရတယ်။ ၀န်ဆောင်မှုမှာ ဘာတွေဆက်ဖြစ်လာလဲဆိုတော့.. အဲဒီနားလေးက ရွာတွေမှာ အနှိပ်ခန်းတွေ၊ အရက်ဆိုင်၊ ကာ ရာအိုကေတွေ ပေါ်လာတယ်။ သူတို့အတွက် မကောင်းတဲ့မိန်းမတွေ ပေါ်လာတယ်။ အဲဒါတွေကို ဗမာက လုပ်ပေးလိုက်ရ တာဗျ။ ဒီမှာက ဆင်းရဲလွန်းတော့၊ တနှစ်လုံးကောက်စိုက်မှ တောသူတောင်သားတွေ ထောင်ဂဏန်းလောက်ရတဲ့အချိန်၊ သူတို့နဲ့ တညသွားအိပ်လို့၊ သောင်းဂဏန်းလောက်ရတာဆိုတော့ အဲလိုတွေ ဖြစ်ကုန်ကြတယ်။ အဲဒီတော့ ကျနော်တို့ ဘက်က ရှုံးပြီးရင်းရှုံးရင်း မိအေး ၄-၅-ဆယ်ခါ နာနေကြရတာဗျ။ ဒီအတိုင်းသာဆက်သွားမယ်ဆို၊ ကျနော်တို့က သယံဇာ တပါသွားပြီ၊ အမျိုးကောင်းသမီးတွေပါသွားပြီ။ နောက်တခါ ကျနော်တို့ ယဉ်ကျေးမှုတွေလည်း အလွှမ်းမိုးခံနေရပြီ။ ဘာ များမက်လောက်စရာ ရှိတော့လို့လဲ၊ အဓိကက ကိုယ့်ဟာနဲ့ အကုန်လုံးလုပ်စားသွားခဲ့ကြတာကိုးဗျ။

မန္တလေးသား စာရေးဆရာ ဆူးငှက်ပြောပြသွားတာတွေပါ။
မန္တလေးနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ အမျိုးသားစာဆိုတော် ကဗျာဆရာဇော်ဂျီက …
မန္တလေးဟာ တဖက်မှာ ဂန္ထ၀င်ဆန်လွန်းသလို တဖက်မှာလည်း မော်ဒန်ဖြစ်လွယ်တဲ့မြို့။“ဆံပင် ကိုက်ညှပ်သော ဆိုင်ကြီး” လို့ ဆိုင်းဘုတ်ရေးသလို၊ “ဘသန်းကဖေး” လို့ ခေတ်မီမီစတိုင် ပထမဆုံး သုံးတာမျိုးလို့ ထောက်ပြဘူးပါတယ်။ အခုလို အချိန်မှာ ဆရာဇော်ဂျီ တမလွန်ကလာပြီး မန္တလေးကိုတွေ့ရင် တဖိတ်ဖိတ် တောက်နေသော စိနအက္ခရာ အလျှံပယ် ဆိုင်း ဘုတ်များနှင့် စကပ်တို ပေါင်တံဖြူ စကားမတူ၊ အယူဝါဒခြား၊ လူမျိုးကွဲ စိနတိုင်းသားတို့၏ စီးပွားနှင့် ယဉ်ကျေးမှုလွှမ်းမိုး နေသည့် ထီးကျိုးစည်ပေါက် မြန်မာတို့၏ နောက်ဆုံး ယဉ်ကျေးမှုခံတပ်၊ မန်းနေပြည်တော်ကြီး လဲပြိုလေပြီတကား…လို့များ၊ ရင်နာနာနဲ့ ရေးလေမလားလို့ တွေးနေမိပါတော့တယ်။
ကိုညို (အော်စလို)
(RFA ရေဒီယိုဖရီးအေးရှားမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဖော်ပြနေတဲ့ စိတ်ယဉ်ကျေးမှုမှတ်စုများမှ)
Copy from - naytthit

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....