Saturday, July 14, 2012

ဖျာခင်းတဲ့ ဇာတ်လမ်း တစ်ခု


ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မြေလွတ် မြေရိုင်းတွေ လျှောက်ကြပါတယ်။ နိုင်ငံတော်အတွက် ဒေါ်လာငွေ သန်းချီ ရှာပေးနိုင်မယ့် ကျွန်းသစ်တွေ၊ ရာဘာတွေ စိုက်ကြမယ်ပေါ့။ တကယ့်ကို လေးစား အထင်ကြီးချင် စရာပါ။ အရင် အစိုးရ လက်ထက်က ဒေသ အာဏာပိုင်တွေ အဆင့်ဆင့်ရဲ့ ထောက်ခံချက် အမျိုးမျိုးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာနက နှစ်ပေါင်း ၃၀ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် စာချုပ်တွေ ချုပ်ကြတာပေါ့။ နိုင်ငံတော်ကို သက်ဆိုင်ရာ ကုမ်္ပဏီက ပေးသွင်းရတဲ့ အခွန်ငွေကိုလည်း ကြည့်ကြပါဦး။ မြေလွတ်မြေရိုင်း တစ်ဧကကို တစ်နှစ် ကျပ် ၅၀၀ တဲ့။ အပေါစား အချိုရည် ၁ ပုလင်းစာ တန်ဖိုး လောက်ပဲ ရှိပါတယ်။ ဘာပြောကောင်းမလဲ။ အင်အားကြီးမားပြီး ပေါက်ရောက်တဲ့ ကုမ်္ပဏီကြီးတွေက ဖျာဝင်ခင်း လိုက်ကြတာပေါ့။ သာမန် နိုင်ငံသား တွေရဲ့ ကုမ်္ပဏီတွေက မရကြရှာပါဘူး။ နိုင်ငံသား တွေလည်း သေသေချာချာ မသိလိုက်ဘူး။

အစိုးရပိုင်းနဲ့ အကျွမ်းတ၀င်ရှိတဲ့ ကုမ်္ပဏီကြီးတွေက မြေဧက သိန်းနဲ့ချီပြီး ယူထား လိုက်ကြပါတယ်။ ယူထားပြီးတော့ သူတို့က ဘာတွေ ဆက်လုပ်ကြသလဲ။ လေ့လာ ကြည့်ကြရအောင်။

ပထမဆုံး မြေရှင်းတယ်ဆိုပြီး ယူထားတဲ့ မြေလွတ်မြေရိုင်း တွေပေါ်မှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို ခုတ်လိုက်ပါတယ်။ သစ်ညံ့ သစ်ဖျင်းတွေပေါ့။ ပြီးတော့ တရားမ၀င် ရယူထားတဲ့ သစ်အကောင်းစားနဲ့ အလဲအလှယ် လုပ်ပြီး သက်ဆိုင်ရာကို တင်ပြတယ်။ ဒီမြေကွက်ကို ရှင်းလိုက်တဲ့အခါမှာ ဒီသစ်တွေခုတ်လို့ ရပါတယ်ဆိုပြီး တရားဝင်အောင် လုပ်လိုက်တယ်။ ပြီးတော့မှ မြေရှင်းတဲ့နေရာက ထွက်တဲ့ သစ်တွေပါဆိုပြီး နိုင်ငံခြားအထိ Export လုပ်လိုက်ကြတယ်။ အမှန်တကယ် အစိုးရကို ပေးရတဲ့ အခွန်ကတော့ တစ်နှစ် တစ်ဧက ကို အချိုရည် တစ်ပုလင်းစာပါပဲ။ သိပ်ကို လှပတဲ့ ဇာတ်လမ်းတစ်ခုပေါ့။

ကြိုတင် ဖျာခင်းပြီး ယူထားတဲ့ ဧက သိန်းသောင်းတွေအနက် ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ကို သစ်ပင် စိုက်ပြ လိုက်ပါတယ်။ စိုက်တဲ့ နေရာကိုလည်း လူသူ အတွေ့များမယ့် နေရာတွေကို သေသေချာချာ ရွေးချယ် ထားပါတယ်။ လမ်းဘေး ၀ဲယာကို ပိုပြီး စိုက်ပြတယ်။ ဆိုင်းဘုတ်တွေ ထောင်ပြီး show ပြတယ်။
ဘယ်သူက မှလည်း မစစ်ဆေးဘူးလေ။ စစ်ဆေးမယ့် လူတွေဆီကိုလည်း ကြိုတင် ၀င်ထားပြီး ပြီကိုး။

တကယ်တော့ နိုင်ငံသား အားလုံးရဲ့ ပိုင်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုကို လူတစ်ဦးတစ်ယောက်ထံသို့ မင်းလုပ်ချင် ရင်လုပ်တော့ ဆိုပြီး ပေးထားလိုက်သလိုပါပဲ။ Proposal ထဲမှာတော့ ဘယ်နှနှစ်အတွင်း ဧက ဘယ်လောက် စိုက်ရမယ်၊ ဘာအမျိုးအစား သစ်ပင်တွေ စိုက်ရမယ်ဆိုပြီး ဩန်ကြားထားတာပါ။

အခုလို ပွင့်လင်းလာခါစ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းမှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေလာတော့ လုပ်စရာ၊ ပေးစရာ မြေက မရှိတော့ဘူး။ စိုက်စရာ မြေလည်း မရှိတော့ဘူး။ တကယ် စီးပွားရေး လုပ်ချင်လို့လာတဲ့ ကုမ်္ပဏီတွေက အလုပ်လုပ်ချင်ရင် သူတို့ကို ပါမစ်ကြေး ဒေါ်လာသန်းချီ ပေးပါတော့လို့ အဓိပ်္ပာယ် ဆောင်နေပါတယ်။ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ နိုင်ငံကို ဘယ်သူက ရင်းနှီးမြှုပ်နှံမှာလဲဆိုတဲ့ မေးခွန်းကိုတော့ တိတိကျကျ ဖြေဆိုပေးနိုင်မယ့်သူ မရှိသေးပါဘူး။

ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေကို အစိုးရက စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အားပေးရမယ်ဆိုတဲ့ မူဝါဒရှိပေမယ့် တိုင်းရင်းသား လုပ်ငန်းရှင်တွေက ဂုဏ်သိက်္ခာရှိဖို့ လိုပါမယ်။ နောက်တစ်ချက်က နိုင်ငံနဲ့ လူမျိုးကို ချစ်မြတ်နိုးဖို့ လိုပါမယ်။ အခုတော့ ဥပဒေကို လှည့်စားပြီး ကိုယ့်ရဲ့ ဥစ္စာဓနကို ပိုပြီး တိုးတက်လာဖို့ သက်သက်ကိုပဲ ကြိုးစားနေကြတာကို ကြည့်ရင်း ရင်နာရပါတယ်။

နောက် တစ်နှစ်အတွင်း တရားမျှတတဲ့ စီးပွားရေး ဒီမိုကရေစီကို မဖော်ဆောင် နိုင်ရင် နိုင်ငံတကာက အယုံအကြည်မဲ့ သွားမှာ ကျိန်းသေပါပဲ။ ရင်းနှီးမြှုပ်နှံမှု တွေဟာလည်း အခြေခံ အဆောက်အအုံတွေ ကောင်းလာတဲ့ ဗီယက်နမ်၊ ကမ္ဘော ဒီယားတွေဆီ ဦးလှည့်သွားကြမှာ ဖြစ်ပါတယ်။

တိုင်းပြည်ကပိုင်တဲ့ မြေနေရာတွေကို ဖျာခင်းပြီး စောင့်နေကြတဲ့ အခွင့်အရေး သမားတွေကတော့ နိုင်ငံသား တွေရဲ့ ပခုံးထက်က နတ်ဆိုးတွေအဖြစ် ကျွန်တော် ကတော့ ညွှန်းဆိုလိုက်ချင်ပါတယ်။

ဇော်သက်ထွေး
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၂၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၂)
သတင်းရင်းမြစ်ကို facebook စာမျက်နှာကနေ ကူးယူခဲတာပါ။

နိုင်ငံသားတို့ ပခုံးထက်က နတ်ဆိုးများ-၂ ဆက်ဖတ်လူသူများ....
https://www.facebook.com/notes/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%B1%E1%80%81%E1%80%90%E1%80%B9/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%82%94-%E1%80%95%E1%80%81%E1%80%B6%E1%80%AF%E1%80%B8%E1%80%91%E1%80%80%E1%80%B9%E1%80%80-%E1%80%94%E1%80%90%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%81%82-%E1%80%B1%E1%80%87%E1%80%AC%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%B1%E1%80%91%E1%80%BC%E1%80%B8/457817680909994

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....