Sunday, May 27, 2012

မြန်မာ့ကျောက်စိမ်း

"ကျောက်စိမ်းလုပ်ကွက်တွင် တနည်းနည်းဖြင့် ဆက်စပ်နေသော စစ်ဗိုလ်ချုပ်များ၊ ၎င်း၏ မိသားစုဝင် များ၊ ကုမ္ပဏီများသည် သတ္တုတွင်းဝန်ကြီးဌာနသို့ ပေးသွင်းရန် အခွန်ငွေများ၊ လုပ်ကွက်ကြေးများကို ပေးဆောင်ရန် ပျက်ကွက်လျက်ရှိ"


စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းလုပ်ကွက်အားလုံးကို လက်ဝါးကြီးအုပ် ချယ်လှယ်ခဲ့သည်။ တနိုင်တပိုင်လုပ်ငန်းရှင်များသည် ဦးပိုင်ကုမ္ပဏီ မှ တဆင့် လုပ်ကွက်ဝယ်ယူနေကြရသည်။ ၁၉၉၅ ခုနှစ်ခန့်မှ စတင်၍ တပ်မတော်အစိုးရသည် အကျိုးတူကျောက်စိမ်းလုပ်ကွက်များကို သတ်မှတ်ပေးကာ စစ်ဗိုလ်ချုပ်များ၊ ၎င်း၏မိသားစုဝင်များနှင့် တရုတ်ကုမ္ပဏီများပူးပေါင်းကာ ကျောက်စိမ်းကို အထိန်း အကွပ်မရှိ ပရမ်းပတာတူးဖေါ်ခဲ့ကြသည်။

စက်ယန္တရားကြီးများဖြင့် နေ့၊ ည မရပ်မနားတူးဖေါ်မှုကြောင့် အချိန်တိုကာလအတွင်း ဖါးကန့်ဒေသ သည် မူလနယ်မြေအနေအထားများ လုံးဝပျက်စီးနေရသည်။ မြေဇာကို စနစ်တကျသွန်ချမှု မရှိသော ကြောင့် နှစ်စဉ်

ဥရုချောင်း ရေလမ်းကြောင်းပိတ်ဆို့မှုဖြစ်ကာ ဒေသခံလူထုများ ရေဘေးအန္တရာယ်ကို အမြဲရင်ဆိုင်နေရသည်။

ဖါးကန့်မှထွက်ရှိသော ကျောက်စိမ်းအားလုံးသည် တရုတ်နိုင်ငံသို့ရောက်ရှိသွားကာ ဒေသလုပ်ငန်းရှင် များမှ မဆိုစလောက်သာ အကျိုးခံစားခွင့် ရနေကြသည်။ အာဏာပိုင်အဖွဲ့အစည်းများ၊ အာဏာပိုင် ပုဂ္ဂိုလ်များမှာမူ ကျောက်စိမ်းမြင်တွေ့ရန် မလိုဘဲ တရုတ်လောပန်းများ၏ ငွေကြေးစွန့်ကြဲမှုကြောင့် စည်းစိမ်အပြည့်ခံစား၊ ချမ်းသာနေကြသည်။ မြန်မာနိုင်ငံအနှံ့မှ အရင်းအနှီးမရှိသူများသည် ရေမဆေး ကောက်ခြင်း၊ ကုမ္ပဏီများတွင် လခစားဝန်ထမ်းဖြင့် ဆောင်ရွက်ခြင်းဖြင့် နေ့စဉ် စားရေးအတွက် ရုန်းကန်နေရသည်မှာ ဦးရေ သိန်းဂဏာန်း ရှိသည်။

ဤကဲ့သို့ ကျောက်စိမ်းတူးဖေါ်မှုကို ရပ်တန့်ရခြင်းမှာ လွန်ခဲ့သည့်လအတွင်း သတ္တုတွင်းဝန်ကြီးဌာန အတွင်း ငွေကျပ်သိန်းထောင်ပေါင်းများစွာ ငွေအလွှဲသုံးစားမှုဖြစ်ပေါ်နေသည် ဟူသော သတင်းနှင့် ဆက်စပ်မှုရှိမည်ဟု ကျောက်လုပ်ငန်းရှင်များ ပြောဆိုနေကြသည်။

ကျောက်စိမ်းလုပ်ကွက်တွင် တနည်းနည်းဖြင့် ဆက်စပ်နေသော စစ်ဗိုလ်ချုပ်များ၊ ၎င်း၏ မိသားစုဝင် များ၊ ကုမ္ပဏီများသည် သတ္တုတွင်းဝန်ကြီးဌာနသို့ ပေးသွင်းရန် အခွန်ငွေများ၊ လုပ်ကွက်ကြေးများကို ပေးဆောင်ရန် ပျက်ကွက်လျက်ရှိသည်။ လုပ်ကွက်ကြေးကို အပြည့်မပေးဆောင်ဘဲ သတ္တုတွင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများကို ရွှေတုံး၊ ငွေ၊ ခြံမြေများ၊ အခြားစီးပွါးရေးလုပ်ငန်းများတွင် ရှယ်ယာခွဲဝေ ပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးနေရကြောင်း သိရှိသည်။

သတ္တုတွင်းဝန်ကြီးဌာနသည် အစိုးရအသစ်လက်ထက်တွင် ငွေကြေးအလွှဲသုံးစားမှုရှိသည်ဟု ပထမဦးဆုံး နာမည်ဆိုးပေါ်ထွက်လာသောကြောင့်၊ ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန် ယခုကဲ့သို့ ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကို ရပ်တန့်လိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုနေကြ သည်။
(မြစ်ကြီးနားဘလော့) မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....