Monday, May 14, 2012

အမေ ကျေနပ်မှာပါလေ။

by Ma Nandar on Monday, May 14, 2012 at 12:47am ·
လာပြီဟေ့ ဗြိစ္ဆာ

နေ့ရက်က စနေနဲ့တနင်္ဂနွေနဲ့ကြား။
လရာသီက တန်ဆောင်မုန်းလ။
အချိန်က ည၁၂နာရီတိတိ သန်းခေါင်ထက် ညဥ့်မနက်တဲ့အချိန်။
ကောင်းကင်မှာ ကြယ်တာရာနက္ခ စုံလင်ချိန် ရန်ကုန်မြို့  အလုံမြို့နယ် ချမာဘီဆေးရုံတွင် ကျွန်ုပ်ကို အမေ မွေးဖွားခဲ့ပါသည်။
မွေးချိန်သာ ကိုးလိုးကန့်လန့်ကျရုံမကဘဲ မွေးဖွားရာတွင်လည်း လွန်စွာမှပင် နာကြင်ခက်ခဲစွာဖြင့် သွေးတစက်စက်ဖြင့် အသက်နှင့်ရင်းပြီး ဆောင့်ကြောင့်ထိုင်ကာ မွေးဖွားခဲ့ရသည်ဟု ဆိုပါသည်။ ကျွန်ုပ်လူ့ပြည်သို့ ဇောက်ထိုးကျရောက်လာချိန်တွင် ကျွန်ုပ်မိခင်မှာ သတိလစ်သွားခဲ့ရပါသည်။

ထိုအချိန်မှစ၍......တိုင်ပါတော့သည်

ကျွနု်ပ်မိခင် သတိပြန်ရသောအခါ သူနာပြုဆရာမက ကျွနု်ပ်သည် လွန်စွာ အသံပြဲကြောင်း၊ မွေးမွေးပြီးချင်း ညကြီးသန်းခေါင် အာခေါင်ခြစ်ပြီး အော်ငိုသံကြောင့် အခြားwardမှ အိပ်ပျော်နေသော ကလေးများလန့်နိုးပြီး ငိုကုန်ကြသဖြင့် သူတို့အတော်အလုပ်ရှုပ်သွားကြောင်း၊ အငိုတိတ်စေရန် နို့ဖျော်တိုက်ရာတွင်လည်း ပါးစပ်နဲ့ ရာဘာနို့သီးခေါင်း မဆန့်သော်လည်း တပုလင်းထဲနဲ့ မလောက်ဘဲ မွေးမွေးချင်းကို ၂ပုလင်းကုန်အောင် အဆက်မပြတ်  အငတ်ဘုံကမ္ဘာမှ လာသကဲ့သို့ တုန်ခါနေအောင် စို့ကြောင်း၊ ဒီကလေးတော့ မလွယ်ကြောင်းတို့ကို ကျွနု်ပ်မိခင်အား တိုင်ပါလေတော့သည်။
(ဤသည်မှာ ကျွနု်ပ်တရက်သမီးအချိန်တွင် ပထမဦးဆုံးအကြိမ် ကျွနု်ပ်ကြောင့် အမေမျက်နှာ ပျက်ခဲ့ခြင်း ဖြစ်ပေသည်)

မြန်မာပြည်မှ ကလေးအတော်များများမှာ ၆လခန့်အရွယ်တွင် သွားငုတ်တုတ် လူငုတ်တုတ် ဖြစ်တတ်ကြသော်လည်း ကျွနု်ပ်မူကား ...
၎ လသမီးခန့်ကပင် သွားငုတ်တုပ် လူငုတ်တုပ် ဖြစ်နေသည်ကို မသိသေးသော ဧည့်သည်က ကျွနု်ပ်အား ငှက်ပျောသီးကို အစိတ်ကလေးများလုပ်၍ လက်ဖြင့်ခွံကျွေးရာ ကျွနု်ပ်က သူ့လက်ကိုပါ ၂ချောင်းတည်းသောသွားတို့ဖြင့် ဖိကိုက်ကြောင်း၊ အတော်ဆိုးသော ကလေးဖြစ်ကြောင်း ဧည့်သည်က အမေ့ကို တိုင်ပါတော့သည်။

ဒီလိုနှင့် ကျွနု်ပ်တနှစ်သမီးအရွယ်တွင် မိခင်ဖြစ်သူက အပြင်ထွက်၍ စီးပွားရှာလိုသဖြင့် ကျွနု်ပ်အဖွားအရွယ် အဒေါ်ကြီးတဦးနှင့် နှစ်ဦးသဘောတူ ကလေးထိန်းဈေးကို ညှိ၍ ကျွနု်ပ်အား ၄င်းအဒေါ်ကြီးနှင့် အပ်ခဲ့ပါတော့သည်။ ကျွနု်ပ်မိခင် ညနေ ဈေးသိမ်း၍ အိမ်ပြန်လာချိန်တွင် အဆိုပါအဒေါ်ကြီးက "ညည်းယောကျာင်္း အထက်တန်းစာရေးရဲ့ လစာအကုန်လုံးပေးတောင် ဒီကလေးကို ငါမထိန်းတော့ဘူး"ဟု ဆိုကာ ကျွနု်ပ်သောင်းကျန်းပုံများကို အမေ့ကို တိုင်ပါလေတော့သည်။

ကျွနု်ပ်သူငယ်တန်း ပထမဦးဆုံး တက်ရသောနေ့၌ အတန်းထဲတွင် အခြားသော ကလေးများနှင့် သိုင်းချတန်းကစားကြပါသည်။ သူတို့က ကျွနု်ပ်ကဲ့သို့ ကျွမ်းကျင်စွာ ပေတံရေး (ဓါးရေးလှံရေး မဟုတ်ပါ။ ပေတံနဲ့ ခုတ်ကြသောကြောင့် ပေတံရေးဟု ရေးခြင်းဖြစ်ပါသည်) မကစားတတ်ကြသောကြောင့် ကျွနု်ပ်၏ ပေတံစောင်းများဖြင့် သူတို့ခေါင်းတို့ ညားကုန်ကြ၏။

ကျောင်းက ပထမဦးဆုံး ပြန်လာသောနေ့မှာပင် စစ်အောင်နိုင်သူ ကျွနု်ပ်မှာ ကိုယ့်ကိုကိုယ်ဂုဏ်ယူရင်း ရေချိုးနေချိန်တွင် " အမရေ...ဒီမှာလေ အမသမီး ကျမတို့ ကလေးတွေကို လုပ်လွှတ်လိုက်တယ်...ဟူသော အစချီသံနှင့်အတူ........." အမေ့ကို တိုင်ပါလေတော့သည်။

ဒီလိုနှင့် ကျွန်ုပ်သည်  ဂေါ်လီရိုက်၊ ဂျင်ပေါက်၊ စွန့်လွှတ်၊ ဘောလုံးကန်၊ ဂွေလှိမ့်၊ လေးခွပစ်၊ နို့ဆီခွက်ထောင်ပစ်၊ သားရေးကွင်းပစ် စသည့် ယောကျာင်္းလျာတို့ တတ်အပ်သော အဌာရသတို့ကို အရွယ်ကြီးပြင်းလာသည်နှင့်အမျှ ကျွမ်းကျင်စွာ တတ်မြောက်လာသည့် အားလျော်စွာ ကျွန်ုပ်၏မောင်လေးများနှင့်တကွ ရပ်ကွက်ထဲရှိကလေးများအား တပ်ထောင်တာဗိုလ်ထု လူစုကာ ကျွန်ုပ်တို့ ရပ်ကွက်ထဲရှိ ဘုန်းကြီးကျောင်းအထိ နယ်ချဲ့ကာ သွားရောက်ကစားနိုင်ရေးအတွက် ထိုကျောင်းရှိ ကိုရင်လေးဦးစီးသော ဘုန်းကြီးကျောင်းသားလေးများနှင့် နယ်မြေလုရေး တိုက်ပွဲကို ထိုကျောင်းဝန်းအတွင်းမှာပင် ဆင်နွှဲခဲ့ပါသည်။

ဟိုဘက်မှာ ၁၀နှစ်သားအရွယ် ကိုရင်က အကြီးဆုံးဖြစ်သလို ဒီဘက်မှာလည်း ၁၀နှစ်သမီးအရွယ် ကျွန်ုပ်က အကြီးဆုံးမို့ ခေါင်းဆောင်ချင်း ဖိုက်ကြရာ အချစ်နှင့်စစ်တွင် မတရားတာမရှိ ဆိုသည့်စကားအတိုင်း ကျွန်ုပ်လည်း ကိုရင့်သင်္ကန်းကို အားနည်းချက်သဖွယ် သဘောထားလျက် အတင်းဆွဲ၍ လက်သီးထိုးပါတော့သည်။
ဤအချင်းအရာကို မြင်သော ထိုကျောင်းတွင်းရှိဘုန်းဘုန်းက လွန်စွာမှပင် ထိတ်လန့်တုန်လျက် ကျွန်ုပ်အမေအား အိမ်တိုင်ယာရောက် လာတိုင်ပါတော့သည်။

ရပ်ကွက်ထဲတွင် ပေါက်ကျော်မ၊ ကလေးဗိုလ်ဟု နာမည်ကြီးနေသော ကျွန်ုပ်အား အမေက ငါးတန်းနှစ်အရောက်တွင် မိန်းကလေးသီးသန့်ကျောင်းသို့ ပို့လိုက်ပါသည်။ ကျောင်းတက်ချိန်တလျောက်လုံး မိန်းကလေးတွေချည်းဖြစ်သောကြောင့် ကျွန်ုပ်မပျော်ပါ။
ထို့ကြောင့် နွေရာသီ ကျောင်းပိတ်ရက်တွင် ရပ်ကွက်ထဲက ကလေးများနှင့် အသားကုန် နည်းမျိုးစုံ ဆော့ကစားပါတော့သည်။
နွေရာသီ၏ တခုသော နေ့လည်ခင်းတွင် ကျွန်ုပ်တို့အားလုံး၏ မုန့်ဖိုးနဲနဲစီထည့်၍ စုဝယ်ထားရသော ကျွန်ုပ်တို့ကန်နေသော ကော်ဘော်လုံးလေးမှာ ဖေါင်းကနဲမြည်အောင် ပေါက်ပြီး ကွဲထွက်သွားပါသည်။
 ဘောလုံးအကွဲကိုကြည့်ပြီး ကျွန်ုပ်တို့အားလုံး စိတ်မကောင်းဖြစ်ကြရပါသည်။ လောလောဆယ်တွင် ထပ်ဝယ်စရာ ပိုက်ဆံမပြည့်ပါ။ မဟုတ်တာမှန်သမျှတွင် အင်မတန်ဥာဏ်ကောင်းသော ကျွန်ုပ်မှာ ကလေးအားလုံး၏ ခေါင်းဆောင်လည်းဖြစ်နေတာကြောင့် အခုလို ကြံစည်လိုက်ရပါတော့သည်။

" ကဲ...ဒီဘောလုံးထဲကို နင်တို့ငါတို့အိမ်တွေမှာ ရှိတဲ့ ရောင်းလို့ရတဲ့ ပလတ်စတစ်တွေအစအနတွေ အကုန်သွပ်ပြီးထည့်မယ်။ ပလတ်စတစ်တွေ မထည့်ခင် အရင်ဆုံး ကျောက်စရစ်ခဲလုံးကြီးကြီးကို အလည်ကမြှုပ်ပြီး ထည့်မယ်။ ပြီးမှ ပလတ်စတစ်တွေ ကျပ်နေအောင်ထည့်မယ်။ ပြီးရင် ဒန်အိုးဒန်ခွက် ဦးလေးကြီးကို ရောင်းမယ်။ ရတဲ့ ပိုက်ဆံနဲ့ နောက်အသစ်တလုံး ပြန်ဝယ်မယ်' ဟူသတတ်။

ကလေးတွေလည်း ခေါင်းဆောင်နန္ဒာရဲ့ အမိန့်အတိုင်း သေသေသပ်သပ် စီရင်ပြီး ဒန်အိုးဒန်ခွက် ဦးလေးကြီးကို ခေါ်လိုက်ပါရော။ ကျွန်ုပ်တို့ထက် လည်၍ လူကြီးလုပ်နေသော အနှီဦးလေးကြီးမှာ ဘောလုံးလေးကို လက်နှင့် ဆကြည့်လိုက်ပြီး သူ့အနားတွင် မျက်လုံးကလေးများပြူး၍ ရင်တထိတ်ထိတ်နှင့် ဝိုင်းထိုင်ကြည့်နေကြသော ကလေးအုပ်အား တခွန်းထဲသော မေးခွန်းကို မေးပါသည်။

" ဒါ ဘယ်သူ ခေါင်းဆောင်တာလဲ" တဲ့။ သစ္စာရှိသော ကျွန်ုပ်၏ တပ်သားများကလည်း ညီညီညွတ်ညွတ်ပင် တိုင်ပင်ထားသကဲ့သို့ ကျွန်ုပ်ထံသို့ လက်ညှိုးများပါ အဆစ်ထိုး၍ " အဲသည့် အမ မအေးနန္ဒာ၊ သူက ၆တန်း၊ သူ ဦးစီးတာ "ဟု ရိုက်မစစ်ရဘဲ စုံစုံစေ့စေ့ဖြေကြလေသည်။ ဒီလိုနှင့်ပင် ဒန်အိုးဒန်ခွက်ဦးလေးကြီးလည်း ကျွန်ုပ်ကို အမေနှင့် တိုင်ပါတော့သည်။

ကျွန်ုပ်၈တန်းသို့ ရောက်ချိန်တွင် ကျွန်ုပ်နှင့် ဆိုးဖေါ်ဆိုးဖက်ဖြစ်သော (ယခု Happy world ကလေးကစားကွင်း ပိုင်ရှင်ဖြစ်နေသူ) သူငယ်ချင်း အိမ့်အိမ့်အောင်နှင့် အဆင်မပြေခိုက် နောက်ထပ် သောင်းကျန်းဖက် တယောက်ဖြစ်သော သူငယ်ချင်းမ ဆုနွယ်( Cindy Chan, ယခု ဂျာမဏီတွင် ကိုယ်ဝန်နေ့စေ့လစေ့ကြီး) နှင့်ပူးပေါင်းကာ အိမ့်အိမ့်အောင်၏ ထမင်းချိုင့်ကို ခိုးယူစားသောက်ပြီးသည့်အပြင် ချိုင့်အလုံးလိုက်ကိုပါ စာသင်ခန်းအပြင်က အမှိုက်ပုံးထဲ သွားထည့်ထားလိုက်ပါသည်။

ထမင်းစားချိန်ကုန်သည်အထိ ချိုင့်လည်းပျောက်၊ ထမင်းလည်း ငတ်ရရှာသော အိမ့်အိမ့်အောင်မှာ ကျွန်ုပ်တို့နှစ်ယောက်ကို မသင်္ကာကြောင်း ဆရာမနှင့်သွားတိုင်ပါသည်။ နဂိုကတည်းက ကျွန်ုပ်၏ လက်စလက်နကို သိနေသော ဆရာမကလည်း သမီးသူ့ချိုင့်ကိုယူလားလို့ မမေးဘဲ သမီးသူ့ချိုင့်ကို ဘယ်မှာ ဝှက်ထားလဲဟုသာ တိုက်ရိုက်မေးပါတော့သည်။
ညနေကျောင်းဆင်း၍ အိမ်ပြန်လာသောအခါ ဖုန်းခွက်ကို ကိုင်ထားသောအမေ့၏ "ဟုတ်ကဲ့ပါ ဆရာမ၊ နောက်ဒီလို မဖြစ်စေရပါဘူး ဆရာမ၊ ဟုတ်ကဲ့ပါရှင် "အစ၇ှိသော စကားသံတို့ကို အိမ်ပေါ်မရောက်ခင်ကပင် ကြားလိုက်ရခြင်းဖြင့် ဆရာမ အမေကို တိုင်နေပါတော့သည်။

ဒီလိုနှင့် ကျွန်ုပ်တက္ကသိုလ်ကျောင်းသူဘဝရောက်ချိန်တွင်လည်း တခုသော မနက်ခင်း၌ အိပ်ယာထနောက်ကျခြင်းကြောင့် class ကို မီအောင် အိမ်ရှေ့တွင် တန်းစီထိုးရပ်ထားသော အိမ်နီးခြင်းကားများကြားမှ ကျွန်ုပ်၏ကားကို မဆင်မခြင် မောင်းထွက်လိုက်ရာ ဂျွတ်ဂျွတ်ဂျွတ် ဟူသော အသံများနှင့်အတူ ကျွန်ုပ်ကား၏ ညာဘက်မီးလုံး ကြေမွသွားပြီး ဘေးတွင်ရပ်ထားသောMR 2ကား၏ နားထင်လည်း ပိန်လိမ်သွားပါတော့သည်။

အခြင်းအရာ အစအဆုံးကို အိမ်ပေါ်မှ လိုက်မြင်လိုက်သော MR 2ပိုင်ရှင်၏ "ဟေ့ ဟေ့....ဟူသော အသံကိုတောင် ဆုံးအောင်နားမထောင်ဘဲ ကားကို ဝုန်းကနဲ ဆောင့်မောင်းထွက်လာခဲ့လိုက်ပါသည်။
လှည်းတန်းမီးပွိုင့်အရောက် မီးနီမိသောအခါကျမှ တွေးမိပါသည်။ ဟိုလူကြီး အခုလောက်ဆို အမေ့ကို တိုင်နေလောက်ပြီ။

ထိုအချိန်မှာတော့ အမေသည် ကင်ဆာရောဂါကြီးတဖက်နှင့် သမီးဆိုးကို တသက်လုံး ဆုံးမခဲ့သည့်အတိုင်း ဆုံးမနေပါသေးသည်။ ငယ်တုန်းကလိုတော့ ကျွန်ုပ်ကိုရိုက်ရန် သူလက်မမြှောက်နိုင်တော့ပါ။

ထို့နောက်မှာတော့ အမေသည်  ကျွန်ုပ်အလယ်တန်းနွေရာသီ ကျောင်းပိတ်ချိန်မှစ၍ သူမ လမ်းလျှောက်နေနိုင်သေးချိန်အထိ နွေကျောင်းပိတ်ရက်များတိုင်း အမေလိုက်ပို့ပေးလေ့ရှိသော တရားစခန်းရိပ်သာကို အမေမရှိလည်း သမီးသွားနော်ဟု နောက်ဆုံးစကားပြောကြားပြီး ကျွန်ုပ်ကို ထိုက်သင့်သော ဥစ္စာအမွေ၊ ဘွဲ့တခု၊ ဒီပလိုမာ ၂ခု၊ စီးပွားရှာ နည်း အတတ်ပညာ၊ မိန်းကလေးတို့ တတ်အပ်သော အချက်အပြုတ်၊ အချုပ်အလုပ် အတတ်ပညာ တို့နှင့်တကွ လူ့လောကအလယ်တွင် ကျွနု်ပ်ကို စိတ်ချလက်ချထားကာ တခုသော သင်္ကြန်အကြိုနေ့၏ မနက်ခြောက်နာရီတွင် တရားနာရင်း လူ့လောကထဲက အပြီးတိုင် ထွက်ခွာသွားခဲ့ပါသည်။

ကျွန်ုပ်ကို မွေးခဲ့ရသည့်အတွက် အမေ ဘာများရပါသနည်း။ အမေ့၏ မွေးခြင်းကို ခံရသော ကျွန်ုပ်ကတော့ အများကြီးရလိုက်ပါတယ်။ အမေက မိဘကို ရှိနေခိုက် ကျေနပ်အောင် မထားဘဲ မိဘသေမှ ဝမ်းနည်းပူဆွေးပြီး လူကြားထဲမှာ ငိုယိုနေတာမျိုးကို  အမေသေရင် မလုပ်မိစေနဲ့လို့ မှာခဲ့ပါတယ်။ အမေ့ရဲ့ ဆုံးမစကားအတိုင်း ကျွန်ုပ်ရှေ့မှာ အမေ့ကို လောင်တိုက်သွင်းတော့ မီးလျှံတွေကို မျက်တောင်မခတ်ဘဲ မျက်ရည်မကျဘဲ ဆိုက်ကြည့်နေနိုင်ခဲ့ပါတယ်။ အဲသည့် မီးညွန့်တွေကြားမှာ အမေပြာဖြစ်သွားသလို သမီးဆိုးတယောက်လည်း ပြာဖြစ်သွားခဲ့ပါတယ်။

အမေဆုံးချိန်ကစလို့ ယခုအချိန်အထိ အသက်ရှင်နေတဲ့ သမီးကတော့ ............အမေရယ် ရောက်လေရာ ဘုံနန်းကနေ စုံစမ်းကြည့်ပါ။
အမေ ကျေနပ်မှာပါလေ။

အမေများနေ့မှာ အမေ့ကို ဤစာဖြင့် ပူဇော်ပါ၏။
အေးနန္ဒာအောင်(ဂျပန်)

2 comments:

  1. ကောင်းလိုက်တဲ့စာဗျာ။မအေးနန္ဒာအောင်တော်ပါပေတယ်။

    ReplyDelete
  2. တကယ်ကောင်းပါတယ် တောင်ကြီးမှာလား ရန်ကုန်လား
    ဒါမှမဟုတ်လူများမှားသလား

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....