Monday, March 19, 2012

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ ဖွဲ့စည်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နာယကအဖြစ် ပါဝင်သည့် ‘ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း (Hanthawady U Win Tin Foundation)’ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအဖွဲ့က ၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
အဆိုပါ ဖောင်ဒေးရှင်း ကို ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ...
မွန်မြတ်သောလုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများအား ကူညီထောက်ပံ့ရေးနှင့် ဘ၀တူ စာနယ်ဇင်းသမားများအား ကူညီထောက်ပံ့ရေး အစီအစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ယင်းလုပ်ငန်းများကို  အရှည်သဖြင့် ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းကြောင်း ဖော်ပြထားသည်။ ဖောင်ဒေးရှင်းကို နာယကအဖွဲ့၊ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့(အလုပ်အဖွဲ့)၊ လုပ်ငန်းအထောက်အကူပြုရေးအဖွဲ့ ဟူ၍  အဖွဲ့ ၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေကို ဟံသာဝတီ ဦးဝင်းတင်၏ စာအုပ်စာတမ်းများထုတ်ဝေခြင်းနှင့် မူပိုင်ခွင့်တို့မှ ရရှိသည့်ဝင်ငွေ၊ ပြည်တွင်းပြည်ပ စေတနာရှင် တစ်ဦးချင်းထံမှ လစဉ်ပုံမှန်လှူဒါန်းငွေ၊ ပြည်တွင်းပြည်ပမှ တလုံးတခဲတည်းလှူဒါန်းငွေ၊ ရန်ပုံငွေပွဲများအပါအ၀င်အခြားနည်းလမ်းများဖြင့် ရှာဖွေခြင်းမှရရှိသည့်ရန်ပုံငွေတို့ဖြင့် စုဆောင်း ထူထောင်သွားမည်ဟု သိရသည်။
ရန်ပုံငွေစုဆောင်းကောက်ခံရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး (ထောက်ပံ့ငွေ ပေးအပ်ရေး) တို့အတွက် ပြည်တွင်းပြည်ပတွင် နိုင်ငံအလိုက်၊ မြို့နယ်ဒေသအလိုက် ထောက်ကူပြုအဖွဲ့ခွဲများဖွဲ့စည်း၍  တာဝန်သတ်မှတ်ပေးရန်၊ ဖောင်ဒေးရှင်း မတည်ငွေအဖြစ် ကျပ်ငွေ သိန်း ၁၀၀ သတ်မှတ်လျာထားရန်၊ ရန်ပုံငွေစုဆောင်းရရှိငွေ သိန်း ၁၀၀ မပြည့်မီသေးသော်လည်း ရရှိပြီးသည့် ရန်ပုံငွေထဲမှ မတည်ငွေရင်းအတွက် စုဆောင်းဖြည့်တင်းရင်း ကူညီထောက်ပံ့ရေး အစီအစဉ်များကို စတင်ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း သိရသည်။
အသင်းအနေဖြင့် လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၊  အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၏မိသားစုများ၊  နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများမှ  အမှန်တကယ် လိုအပ်သူများကို စိစစ်ရွေးချယ်ပြီး ဦးစားပေး ထောက်ပံ့ကူညီသွားမည့်အပြင် စာနယ်ဇင်းသမားများအနက် ကျန်းမာရေးအတွက် အမှန်တကယ် ထောက်ပံ့ရန်  လိုအပ်သူများ၊ စာနယ်ဇင်းသမား မိသားစုများအနက် ပညာရေးအထောက်အပံ့ အမှန်တကယ်လိုအပ်သူများအား ထောက်ပံ့ကူညီသွားမည်ဟု ဆိုသည်။
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့တွင် နာယက အဖွဲ့ဝင်များအဖြစ် ဒဂုန်တာရာ၊ သခင်သိန်းမောင်(၀ါးခယ်မ)၊ ဦးသော်(ကြေးမုံ)၊ ဟံသာဝတီ ဦးဝင်းတင် တို့ပါဝင်၍ အလုပ်အဖွဲ့ဝင်များအဖြစ် ဦးအုန်းထွန်း၊ ဦးမောင်မောင်ခင်၊ ဦးသာဘန်း၊  ဦးမိုးသူ၊ မောင်ဝံသ၊ ဦးကိုကိုကြီး(ဟန်ဂေရီ)၊ ဦးကျော်အောင်(ရွှေပြည်တန်)၊ ဦးစိန်ရွှေ၊ ဦးမျိုးမြင့်ညိမ်း၊ ဦးမြင့်လွင်(စိုးအုပ်)၊ ဦးအောင်သိန်း၊ ဒေါ်ဖြူဖြူသင်း၊ ဦးဇော်မင်းကျော်၊ ဦးဇော်မျိုးအောင်၊ ဦးမောင်မောင်နိုင် တို့ ပါဝင်သည်။
လုပ်ငန်းအထောက်အကူပြုအဖွဲ့တွင် ဦးအုန်းကြိုင်၊ ဦးသိန်းတန်၊ ဖျာပုံနီလုံဦး၊ ဦးနေ၀င်း(နေ၀င်းစံ)၊ ဦးစိုးမြင့်၊ ဦးရဲထွဋ်၊ ညောင်ဦးဖိုးချို၊ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)၊ ဦးအောင်ထိုက်(စိတ်တိုင်းကျ)၊ ဦးမိုးဝင်း၊ ကိုဖုန်း၊ ညီပုလေး(မန္တလေး)၊ ညီစေမင်း(မန္တလေး)၊ ဦးဆန်နီ၊ ဦးသက်စိန်(ဖြူး) တို့ပါဝင်ပြီး ပြည်တွင်းပြည်ပမှ လုပ်အားပေးနိုင်သူများဖြင့် လိုအပ်သလို ဆက်လက်တိုးချဲ့သွားမည်ဟု သိရှိရသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....