Sunday, March 18, 2012

မြေကွက်ပိုင်ရှင်များနှင့် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံ

Sunday, 18 March 2012 01:24

ဦးကိုကိုကြီးနှင့် ဦးခိုင်မောင်ရည်တို့အား အနန္တမေတ္တာကျောင်းတိုက်တွင် တွေ့ရစဉ်
လျော်ကြေးငွေ ၁၂၀၀၀ ကျပ်ဖြင့် ပြန်လည်သိမ်းခံခဲ့ရသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေကွက်များနှင့် ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြနိုင်ရန် ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့တို့သည် မြေကွက်ပိုင်ရှင်များနှင့် မတ်လ ၁၇ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ တွေ့ဆုံပွဲအား ဒဂုံမြို့ သစ်(အရှေ့ပိုင်း)၊၁၂၆ ရပ်ကွက်ရှိ အနန္တမေတ္တာကျောင်းတိုက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အလုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်သည့် ကျောင်းသားဟောင်းများနှင့် မြေကွက်ပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အစိုးရ၀န်ထမ်းများသို့ မြေကွက်ချထားခဲ့မှုများ ပယ်ဖျက်ခဲ့မှုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်ပြခဲ့ကြောင်းလည်း သိရှိရသည်။

ဦးကိုကိုကြီးနှင့် ဦးခိုင်မောင်ရည်တို့အား အနန္တမေတ္တာကျောင်းတိုက်တွင် တွေ့ရစဉ်
မြေကွက်ပယ်ဖျက်ခံရမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက် အလက်များကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ထပ်မံတင်ပြနိုင်ရန်အတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တွေ့ဆုံရာတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးမှ
''လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စနဲ့ပတ် သက်ပြီး ကိုယ်စားပြု ဒီမိုကရေစီနဲ့ တိုက်ရိုက် ဒီမိုကရေစီဆိုတဲ့ ပုံစံနှစ်ခုနဲ့ ကြိုးစားသွားမယ်။ ကိုယ်စားပြု ဒီမိုကရေစီနည်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့် ဆွေးနွေးတင်ပြသွားမှာဖြစ်ပြီး တိုက်ရိုက် ဒီမိုကရေစီကတော့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့  ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာဏာပိုင် အဖွဲ့အစည်းမဟုတ်ပေမယ့် ပြည်သူတွေဘက်က ရပ်တည်ပြီး အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာပါ''ဟု လည်း ပြောကြားသွားခဲ့သည်။

အလုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အဆိုပါမြေကွက်များ ချထားပေးစဉ်က စည်းကမ်းချက်အချို့နှင့် နောက်ထပ်အပို စည်းကမ်းများဆိုပြီး ထုတ်ထားသည်ကို တွေ့ရကြောင်း၊ အဆိုပါ အပိုစည်းကမ်းများ၏ နောက်တွင် သုံးလအတွင်း လာရောက်နေထိုင် ခြင်း၊ ဆောက်လုပ်ခြင်း မပြုလုပ်ရဟု စသည့် စည်းကမ်းချက်များ ပါရှိကြောင်း၊ နေထိုင်မည်ဆိုပါကလည်း မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိသည့် အတွက် သွားရောက်နေထိုင်မှု မပြုခြင်းဖြစ်ကြောင်း၊ မြို့ပြတစ်ခု တည်ဆောက်ရန် မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်သည့် အခြေအနေများကို မြို့ပြစီမံကိန်းချထားသူက ဖန်တီးပေးမှ ပြည်သူများ နေထိုင်နိုင်မည် ဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိသေးဘဲ သွားရောက်နေထိုင်ခြင်း မပြုသေးသည့် ပြည်သူများအပေါ် မြေကွက်သိမ်းမည်ဆိုသည့် ထုတ်ပြန်ချက်မှာ မဆီလျော်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
http://www.news-eleven.com/မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....