Wednesday, January 18, 2012

ချီးမွမ်းခြင်း နှင့် ကဲ့ရဲ့ခြင်း

by Ma Nandar on Tuesday, January 17, 2012 at 11:22pm
အရင်းအနှီး နည်းနည်းလေးနှင့် အမြတ်တွေ အများကြီး ရနိုင်သော အရာတခုရှိသည်။ အဲဒါက '' ချီးမွမ်းခြင်း '' ပင်ဖြစ်သည်။
သေချာလှချည်လား မနန္ဒာရဲ့ဟု စောဒက တက်စရာရှိပါသည်။ သေချာပါသည်။ ကျွန်ုပ်တွင် စာတွေ၊ လက်တွေ့ များစွာ သာဓက ပြနိုင်ပါသည်။

ဒီနေရာမှာ မိတ်ဆွေအနေနဲ့  ''ချီးမွမ်းခြင်း'' နှင့် '' မြှောက်ပင့် ပြောဆိုခြင်း'' ကို ကွဲပြားတတ်စေရန် လိုအပ်ပါသည်။ ကျွန်ုပ် အနေနှင့် ''ချီးမွမ်းခြင်း'' နှင့် '' မြှောက်ပင့် ပြောဆိုခြင်း''ကို အောက်ပါအတိုင်း အခုလို ယေဘုယျ ခွဲခြားသတ်မှတ်ပါသည်။


လူတယောက်ရဲ့ ပိုင်ဆိုင်မှုတခု၊ လုပ်ဆောင်ချက်တခု၊ ကြိုးစားအားထုတ်မှုတခုကို ရိုးသားစွာ အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း အသိအမှတ်ပြု ထုတ်ဖေါ်ပြောဆိုခြင်းသည် "ချီးမွမ်းခြင်း" မည်၏။
လူတယောက်ကို သူတကယ် စွမ်းဆောင်ထားသည်ထက်၊ သူ့မှာ တကယ် ပိုင်ဆိုင်နေတာထက် သာလွန်၍ မရိုးမသား ပြောဆိုခြင်းသည်မြှောက်ပင့်ပြောဆိုခြင်းမည်၏။

မိတ်ဆွေမှာလည်း သူတဖက်သားကို ချီးမွမ်းပြောဆိုဖူးတဲ့ အခါပေါင်း များစွာ ရှိပါလိမ့်မယ်။ အဲသည်လို ချီးမွမ်းပြောဆိုလိုက်တိုင်း မိတ်ဆွေ စိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ၊ မိတ်ဆွေရဲ့ စိတ်သဘောက အဲသည့်လူအပေါ်မှာ ဘယ်လိုသဘော ထားပါသလဲ။ ဒီလို မေးလိုက်ရင် ရုတ်တရက် ဖြေနိုင်ချင်မှ ဖြေနိုင်ပါလိမ့်မယ်။
" ဒီလိုပဲလေ ... လှလို့ လှတယ် ပြောလိုက်တာပဲ၊ တော်လို့ တော်တယ် ပြောလိုက်တာပါပဲ...."
စသဖြင့် ဖြေကြပါလိမ့်မယ်။ မိတ်ဆွေကိုယ်စား ကျွန်ုပ်ပြောနိုင်ပါတယ်။

မိတ်ဆွေ လူတယောက်ကို ချီးမွမ်းလိုက်မိပြီဆို...................
(၁) မိတ်ဆွေ ချီးမွမ်းလိုက်တဲ့ တဖက်သားမှာ ပိုင်ဆိုင်တဲ့အရာ (သို့) တဖက်သားရဲ့ စွမ်းဆောင်ချက်ကို မိတ်ဆွေတကယ်ကို သဘောကြ နှစ်သက်လို့ပါ။
(၂) အဲသည့် နှစ်သက်မှုကို ဘယ်သူ့ တိုက်တွန်းချက်၊ဘယ်သူ့ ဖိအားပေးမှုမှ မပါဘဲ ပြောချင်စိတ် ဖြစ်လာလို့ကို ထုတ်ပြောလိုက်တာပါ။
(၃) အဲသည်လို မိတ်ဆွေ ပြောလိုက်တဲ့ အချိန်မှာ သူ့ဆီက ဘာတစုံတခုကိုမှ မိတ်ဆွေ မျှော်လင့်မထားပါဘူး။
(ဥပမာ..ကားမှတ်တိုင်ဘေးက နေပူကြီးထဲမှာ ရေခဲရေရောင်းရင်း စာကျက်နေတဲ့ ကလေးတယောက်ကို " ကလေးက လိမ္မာလိုက်တာ " လို့
ချီးမွမ်းပြောဆိုခြင်းမှာ ဒီကလေးဆီက ရေခဲရေ အလကား သောက်ရဖို့ မိတ်ဆွေ မျှော်လင့်ပါသလား။အကယ်၍ မျှော်လင့်တယ် ဆိုရင် အဲဒါ ချီးမွမ်းခြင်းအရာမရောက်တော့ပါဘူး။ မရိုးသားမှု ပါနေတဲ့အတွက် မြှောက်ပင့်ပြောဆိုခြင်း ဖြစ်သွားပါပြီ။

တကယ်လည်း အဲလို မြှောက်ပင့် ပြောဆိုတော့မယ်ဆိုရင်
ရေခဲရေသည်လေး လိမ္မာတာ၊ မလိမ္မာတာထက် ဒီကလေးဆီက ငါ ဘယ်လိုနည်းနဲ့ ရေခဲရေ ညာသောက်ရမလဲဆိုတဲ့ အတွေးက အရင်ဆုံးရာက်လာမှာပါ။ ပြီးတော့မှ " ကလေးက လိမ္မာလိုက်တာ" ဆိုတဲ့ စကားလောက်နဲ့ မပြီးတော့ဘဲ "ငါ့ တူလေး သိပ်လိမ္မာတာပဲ၊ ကြည့်စမ်း မိဘကိုလည်း ကူတယ်၊ စာလည်းကြိုးစားတယ်နော်၊ ဒီလောက် နေပူနေရတဲ့ အထဲ ဦးနှောက်တွေ အတော်ကိုပူမှာပဲနော်၊ မင့်ကြည့်ရတာနဲ့ ငါတောင် ရေငတ်လာပြီကွာ " စသဖြင့် ရေခဲရောက် သောက်ရဖို့ လမ်းကြောင်းဘက်ကို စကားကို ပါအောင်ဆွဲပြော ပြောမိပါလိမ့်မယ်။ ဒါဟာ အနီးစပ်ဆုံး ဥပမာကို ပြောပြတာပါ။


ဒီသဘောပါပဲ။  မိတ်ဆွေ လူတယောက်ကို မြှောက်ပင့် ပြောဆိုလိုက်ပြီဆိုရင်လည်း သူ့ဆီက တစုံတခုကို မျှော်လင့်လို့(သို့) အဲသည့်လူကို အနည်းနဲ့အများ ဒုက္ခရောက်စေချင်လို့ ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့်လည်း " ငါတော့ သူ့ကို မြှောက်ပြောပြီး သူ့ဆီက ပိုက်ဆံချေးလာတယ်တို့၊ သူ့ကို မြှောက်ပြီး ခိုင်းရင်ရတယ်တို့၊ ဒီကောင့်ကို အမြင်ကပ်လို့ မြှောက်ပြီးမှ ရိုက်ချမယ်တို့...ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်ပေါ်လာတာပေါ့။

ဒီလောက်ဆို "ချီးမွမ်းခြင်း" နဲ့ " မြှောက်ပင့်ခြင်း" ကို မိတ်ဆွေ ကွဲပြားလောက်ပြီ ထင်ပါတယ်။
ဒါဆိုရင် "ချီးမွမ်းခြင်း" ဖြင့် ဘယ်လို အကျိုးအမြတ်တွေ ရနိုင်လို့လဲ။ ရနိုင်တာပေါ့။ "ချီးမွမ်းခြင်း" ဖြင့် ချီးမွမ်းလိုက်တဲ့ သူမှာရော ချီးမွမ်းခံလိုက်ရတဲ့ သူမှာပါ အကျိုးကျေးဇူး ခံစားရပါတယ်။ ကိုယ်က မျှော်လင့်မထားပေမယ့် ကိုယ့်ရဲ့ ရိုးသားမှု စိတ်စေတနာက အကျိုးပေးတာပါ။

"ချီးမွမ်းခြင်း"ဖြင့် ချီးမွမ်းခံလိုက်ရတဲ့သူက အကျိုးအမြတ်ရကြောင်းကို ကျွန်ုပ်စာတွေ့နဲ့ရော လက်တွေ့နဲ့ပါ ပြောပြချင်ပါတယ်။

ငယ်စဉ်ကလေးဘဝကစပြီးတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို မိဘဆွေမျိုးတွေက တော်သင့်မှန်ကန်သော ချီးမွမ်းခြင်းမျိုးနဲ့ ချီးမွမ်းခံရတဲ့ ကလေးဟာ ကြီးပြင်းလာတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်။ အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်သုံးသပ်တတ်လာတယ်။ အဲသည်လို ကလေးမျိုးဟာ ကလေးဘဝက ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဘယ်တော့မှ လူ့အောက်သူ့အောက် မကျတော့ဘူး။ သိမ်ငယ်စိတ် မရှိတော့ဘူး။

ချီးမွမ်းတာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကဲ့ရဲ့ အပြစ်တင် ရှုံ့ချခြင်းကို ငယ်စဉ်ကတည်းက ခံလာရတာကလေးငယ်ဟာ ကြီးပြင်းလာတဲ့အခါ မိမိကိုယ်ကို လုံးဝ ယုံကြည်မှုမရှိတော့ဘူး။ ငါလုပ်လိုက်ရင် ဘယ်သူကများ ငါ့ကို အပြစ်ပြောလိုက်မလဲ...ဆိုတဲ့ စိုးရိမ်စိတ်တွေ ထာဝရ ကိန်းအောင်းနေတတ်တယ်။ လူတွေကိုလည်း အကောင်းမမြင်တတ်တော့ဘူး။ ရန်လိုတတ်တဲ့ သဘောတွေဆောင်နေမယ်။ လူတကာကို မယုံသင်္ကာစိတ်နဲ့ ဆက်ဆံမယ်။ အများအမြင်မှာ ဘယ်လိုပဲ လူတကာနဲ့ အဆင်ပြေအောင် ဆက်ဆံတတ်ပါတယ်ပြောပြော မိမိရဲ့ အတွင်းစိတ်ထဲမှာတော့ လူတွေနဲ့ ပါတ်သက်ပြီး စိုးရိမ်စိတ်က အမြဲရှိနေတတ်တယ်။


ကမ္ဘာပေါ်မှာ အဆိုးဆုံး၊ အရက်စက်ဆုံးဆိုတဲ့ အာဏာရှင်အတော်များများဟာ ကလေးဘဝက အရွယ်နဲ့မလိုက်အောင် အဖိနှိပ်ခံ၊အပြစ်တင် ဝေဖန်ခံရမှုတွေ များခဲ့ကြတယ်။ ဒါတွေကတော့ ကျွန်ုပ်စာထဲမှာ မကြာခဏဆိုသလို ဖတ်ရတဲ့ အကြောင်းအရာတွေပါ။
ကျွန်ုပ်ပတ်ဝန်းကျင်မှာလည်း အဲသည်လို ကလေးမျိုးတွေ တွေ့ဖူးပါတယ်။ တကယ်ပဲ စာထဲက အတိုင်းပါပဲ။

ကျွန်ုပ်လက်တွေ့ ကြုံတွေ့လိုက်ရတဲ့ အမှတ်မထင် ချီးမွမ်းမိလိုက်တဲ့ ကိစ္စလေးတခုကနေ ရလာတဲ့ အကျိုးအမြတ်လေးကို ပြောပြချင်ပါတယ်။
ကျွန်ုပ်နဲ့အတူတူ အလုပ်တွဲလုပ်နေတဲ့ ၁၆နှစ်အရွယ် အထက်တန်းကျောင်းသူ ဂျပန်မလေး တယောက်ရှိပါတယ်။
သူမဟာ အင်္ဂလိပ်စာ အလွန်ညံ့ပါတယ်။ အင်္ဂလိပ်စာဟာ သူမအတွက် အခက်ခဲဆုံးဘာသာရပ်ပါပဲ။ သူမက အင်္ဂလိပ်စာကို ကြောက်တော့ မကျက်၊ မကျက်တော့ ညံ့၊ ညံ့တော့ ကြောက်နဲ့ သံသရာလည်နေတဲ့သူပေါ့။
သူမ အလုပ်ထဲရောက်လာတော့ ကျမက အင်္ဂလိပ်စာကို လေ့လာသင့်ကြောင်း၊ အင်္ဂလိပ်စာတတ်ရင် ဘယ်လို အဆင်ပြေကြောင်း၊ ဘယ်လို အသုံးဝင်ကြောင်းတွေကို ဘယ်လိုပင် ဘယ်လောက်ပြောပြော သူကတော့ အင်္ဂလိပ်စာကို မုန်းတယ် မုန်းတယ်ပဲ တွင်တွင်ကြီးကို ဆိုခဲ့ပါတယ်။

တနေ့တော့ သူမဟာ အားရဝမ်းသာနဲ့ အလုပ်ထဲကို ရောက်လာပါတယ်။ ပြီးတော့ ကျွန်ုပ်ကိုလည်း ပြစရာရှိတယ်၊ ပြစရာရှိတယ်ဆိုပြီး အလုပ်ယူနီဖေါင်းကို ကမန်းကတမ်းသွားလဲပြီး သူမကျောင်းလွယ်အိတ်ထဲက စာရွက်သုံးလေးရွက်လောက်ကို ထုတ်ပြပါတယ်။

ကြည့်လိုက်တော့ သူမရဲ့ အင်္ဂလိပ်စာ အဖြေလွှာဖြစ်နေပြီး ရမှတ်က ၈၂ မှတ်ဖြစ်နေပါတယ်။ သူမကိုကြည့်လိုက်တော့ ဝမ်းသာနေလိုက်များ မျက်လုံးထဲမှာ မျက်ရည်ကြည်တွေတောင်  ဝေ့နေပါတယ်။ သူမက" ငါလေ မယုံနိုင်လွန်းလို့ ဆရာမကိုတောင် ၂၈ နဲ့ ၈၂ မှားတာလားလို့ သွားမေးလိုက်တယ်တဲ့။

အဲသည့်အချိန်မှာ ကျွန်ုပ်က သူမကို  "ယုံလိုက်ပါလေ။ နင်က မှတ်ဥာဏ်ကောင်းတာပဲဟာ။ အလုပ်ထဲမှာ နင်အလုပ် လုပ်နေတာကို ကြည့်ရင် နင်မှတ်ဥာဏ်ကောင်းမှန်း ငါသိပါတယ် " လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်ပါတယ်။  သူမက " ဟုတ်လားဟင်၊ တကယ်လား ၊ ငါ ကြိုးစားရင် ငါတကယ် ဖြစ်နိုင်လား " လို့ မျှော်လင့်တကြီးနဲ့ မေးပါတယ်။ ပြီးတော့ ဆက်ပြောတယ်။ ငါ့ကို အဲလိုပြောတာ နင်တယောက်ပဲ ရှိတယ်တဲ့။

ငါ ဒီစာရွက်ကို ငါ့အိမ်မှာ လိုက်ပြတော့......
ငါ့အကိုက ခိုးချလာတာလားတဲ့။
ငါ့အမေက ရမ်းဖြေတယ်ဆိုတာ (၂)ခါ မအောင်မြင်နိုင်ဘူးတဲ့။
ကျောင်းက သူငယ်ချင်းတွေက နင်ရူးသွားလို့ဖြစ်မှာပါလို့ ဝိုင်းနောက်ကြတယ်တဲ့။  " အမှန်တော့ ငါအင်္ဂလိပ်စာ တတ်ချင်ပါတယ်" လို့ ခေါင်းကို ငုံ့ပြီးပြောရှာတယ်။ ကျွန်ုပ်က တတ်ချင်ရင် ဖြစ်ကိုဖြစ်ရမှာပေါ့။ ငါလည်း နင့်ကို ကူညီမယ်လို့ အားပေးစကားပါ ပြောပေးလိုက်ပါတယ်။

အဲသည့်နေ့က သူအလုပ် လုပ်တာ လုပ်တာ များဟာလေ....သွက်လက်နေတာပဲ။ အမှားအယွင်းလည်းမရှိဘူး။ ပြန်ခါနီးမှာ ဒီအပါတ်ပိတ်ရင် ငါ့ကို အင်္ဂလိပ်စာအုပ်တွေ လိုက်ဝယ်ပေးနော်လို့ ပြောသွားသေးတယ်။ အဲသည့်အချိန်ကစပြီး သူမဟာ သူမရဲ့တယောက်တည်းသော ချီးမွမ်းရှင်ဖြစ်တဲ့ ကျွန်ုပ်ကို သူမကျောင်းက အင်္ဂလိပ်စာသင်ခန်းစာတွေ ယူလာပြီး ပြတယ်။ မေးတယ်။ သူမ ကြိုးစားတယ်။

ရလဒ်ကတော့ သူမကအခုဆို အင်္ဂလိပ်စာ မကြောက်တော့တဲ့အပြင် အရင်က အထက်တန်းအောင်တာနဲ့ တက္ကသိုလ်ဆက်မတက်တော့ဘဲ ထမင်းဆိုင်ဖွင့်မယ်ဆိုတဲ့ သူမရည်ရွယ်ချက်ဟာ အခုတော့ ဖြစ်တဲ့နည်းတဲ့ တက္ကသိုလ်တက်ပြီး အင်္ဂလိပ်စာအဓိက လိုင်းကိုယူမယ်၊ နောက်ပြီး ပိုက်ဆံစုပြီး US (သို့) UKမှာ စာသွားသင်မယ်ဆိုတဲ့သံဓိဋ္ဌာန် အဖြစ်ကို ပြောင်းသွားခဲ့ပါပြီ။ သူမ တကယ်လည်း အလုပ်ရော၊ စာရော အရင်ကထက် ပိုကြိုးစားနေပါတယ်။

ကျွန်ုပ်ပြောချင်တာက အကယ်၍သာ အဲသည့်နေရာမှာ ကျွန်ုပ်လည်း သူမကို တခြားလူတွေလိုပဲ ကဲ့ရဲ့ဝေဖန်လိုက်မယ်ဆိုရင် အဲသည့်နေ့ကတည်းက သူမဟာ ငါဘာမှ ဖြစ်မှာမဟုတ်ပါဘူးလေ၊ ဟုတ်ပါတယ်လေ၊ သူတို့ပြောသလိုပဲ ငါဟာ (ဗမာစကားပုံနဲ့ဆိုရင်တော့) ကြာက်ကန်းဆန်အိုးတိုးလို့ပဲလေ ဆိုပြီး ဒီအတိုင်းပဲ နေလိုက်မှာပါပဲ။ အင်္ဂလိပ်စာဟာလည်း သူမနဲ့ ဝေးသည်ထက် ဝေးသွားမှာပါပဲ။ သူမ အလွန်ဆုံးဖြစ်လှ ထမင်းဆိုင်ပိုင်ရှင်ပေါ့။ အခုတော့ တနေ့သူမ ဘာဖြစ်မလဲ...ဘယ်သူမှ မပြောနိုင်ဘူးနော်။ သူမရှေ့မှာ လမ်းတွေ အများကြီး ပွင့်နေပြီ။ ဒါက ချီးမွမ်းခံလိုက်ရတဲ့ သူမအတွက်  ကောင်းကျိုးဖြစ်တည်မှုပါ။

ကျွန်ုပ်အတွက်ရော ဘာအကျိုးရှိပါသလဲ။ ရှိတာပေါ့။
တစ်....သူမ ကျွန်ုပ်ကို အရင်ကထက် ပိုချစ်သွားတယ်။
နှစ်.....နှစ်ယောက်တွဲပြီး အလုပ်လုပ်ရတာပိုအဆင်ပြေလာတယ်။ အလုပ်ပြင်ကမှာပါ တတွဲတွဲဖြစ်လာလို့ ကျွန်ုပ်အဖို့ မသိသေး၊ မရောက်ဖူးသေးတဲ့ ဂျပန်ကအကြောင်းတွေ၊ ဂျပန်ကနေရာတွေ ပိုသိလာတယ်။
သုံး...နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပါတ်သက်လို့ ကျွန်ုပ်ခွင့်လိုချင်ရင် သူမက ကျွန်ုပ်ကိုယ်စား အလုပ်ဆင်းပေးတယ်။ ဂျပန်မှာက ခွင့်ကို ယူချင်တိုင်း အလွယ်တကူ ယူလို့ရတာ မဟုတ်ဘူးလေ။ အနာဂတ်မှာလည်း သူမဟာ ကျွန်ုပ်အတွက် မိတ်ဆွေကောင်းဖြစ်သလို၊ ကျွန်ုပ်ဟာလည်းသူမအတွက် မိတ်ဆွေကောင်းဖြစ်သွားပြီလေ။

ဒီလိုပါပဲ အိမ်ထောင်ရေးကိစ္စတွေမှာလည်း ချီးမွမ်းခြင်းဟာ အလွန် အင်မတန် လွယ်ကူစွာနဲ့ အသုံးပြုနိုင်ပြီး သိပ်ကိုလည်း ထိရောက်တဲ့ အိမ်ထောင်ရေးအဆင်ပြေသာယာစေကြောင်း နည်းလမ်းကောင်းလေး တခုလို့ ဆိုချင်ပါတယ်။
ဥပမာ..အလုပ်သွားရင် ညီညာပြန့်ပြူးပြီး ကော့နေအောင် မီးပူတိုက်ထားတဲ့ အကျီ င်္ကို ဝတ်ပြီး နေ့စဉ်အလုပ်သွားရတဲ့ အိမ်ထောင်သည် အမျိုးသားတယောက်ဟာ သူ့ဇနီးဖြစ်သူကို ကြုံရင်ကြုံသလိုပဲ ဖြစ်ဖြစ် ၊ ဧည့်သည်လာတဲ့ အခါမှာပဲ ဖြစ်ဖြစ် " ကျနော့် အမျိုးသမီးကောင်းမှုကြောင့် ကျနော်က အမြဲသပ်သပ်ရပ်ရပ် ဖြစ်နေတာပါ" ဆိုတာမျိုး ချီးကျူးစကားဆိုကြည့်စမ်းပါ။

ဇနီးမယားဖြစ်သူ အမျိုးသမီးမှာ ဘယ်လောက်ကြည်နူးလိုက်မလဲ။ ဒါဟာ သူမအတွက် အကောင်းဆုံးလုပ်အားခပါပဲ။
အကယ်၍ လင်ယောကျာင်္း ဝင်ငွေနဲ့ မလုံလောက်ရင်တောင် ဇနီးမယားစိတ်ထဲမှာ သြော်..သူ့ခမြာ ကြိုးစားရှာနေတာပါပဲလေ။ ငါ့ကိုလည်း ကြင်နာတတ်တယ်လေ ဆိုပြီး အပြန်အလှန် မေတ္တာစိတ်ဝင်လာမှာပါ။ ဒီအခါမှာ သာယာတဲ့ အိမ်ထောင်တခု ဖြစ်လာနိုင်ပါတယ်။


ဒီလိုမှ မဟုတ်ဘဲ လင်ယောကျာင်္းဖြစ်သူက " ဒါသူလုပ်ရမှာပေါ့။ ဒါ သူ့အလုပ်ပဲ၊ သူ့တာဝန်ပဲ " လို့ ဆိုကြည့်စမ်းပါ။ ရှင်ကရော ဘယ်လောက်တာဝန်တွေကျေနေလို့လဲ...ရှင့်လုပ်စာနဲ့ လောက်တယ် ထင်နေလား။ ကျမ ဒီအိမ်မှာတော်လို၊ အထိန်းအသိမ်းကောင်းလို့ ဟန်မပျက်နေနိုင်တာကို ရှင်သိထားစမ်းပါ...စသဖြင့် လာတော့မယ်နော်။အဆင်ပြေ သာယာတဲ့ အိမ်ထောင်တခု ဖြစ်ဖို့ သိပ်မလွယ်တော့ဘူး။

အဲသည်လောက်တောင် လူမှုဆက်ဆံရေးမှာ ချောဆီတခုလိုဖြစ်နေတဲ့ ချီးမွမ်းခြင်းကို တချို့တချို့သော လူတွေ ဘာကြောင့် တွင်တွင်ကျယ်ကျယ် မသုံးကြတာလဲဆိုတာ ကျွန်ုပ်တော့ နားမလည်နိုင်အောင်ပါပဲ။ အထူးသဖြင့် မြန်မာလူမျိုးတွေမှာ ကိစ္စရပ်တခုကို တခုတ်တယ မှတ်မှတ်သားသား ချီးမွမ်းလေ့မရှိဘူး။ အဲဒါက ချီးမွမ်းတာနဲ့ မြှောက်ပင့်တာ မကွဲပြားတာရယ်၊ သူတပါးကို မနာလို ဝန်တိုစိတ်အား ကြီးတာရယ်ကြောင့် ဖြစ်ရတာပါ။ လူတိုင်းကို မဆိုလိုပေမယ့် တတ်နိုင်သမျှတော့ စိတ်ထားလေးတွေ ပြင်ကြစေချင်ပါတယ်။ တချို့များ လင်မယား အချင်းချင်းတောင် မနာလိုဝန်တိုစိတ်ထားတတ်ကြတယ်။ ဘယ်မှာလာပြီး သာယာလှပတဲ့ အိမ်ထောင်တခု ဖြစ်နိုင်ပါတော့မလဲ။

ချီးမွမ်းခြင်းနဲ့ပါတ်သက်ပြီး ရေးပြရရင် အထင်ကရ ဥပမာတွေ အများကြီးပါ။ စာသိပ်ရှည်သွားရင် ဟုန်သွားပြီး ဖတ်လို့မကောင်းလို့ မရေးတော့ပါဘူး။
ကဲ...မိတ်ဆွေ ဒီနေ့ကစပြီး သင်လည်း သူတပါးအပေါ် ချီးကျူးစရာရှိရင် ရိုးသားစွာ ချီးကျူးစကားဆိုကြည့်စမ်းပါ။ သင့်နှုတ်ဖျားက ပွင့်ထွက်လာတဲ့ စကားပွင့်က သင့်ကို ဘယ်လောက်စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်လဲဆိုတာ သင်လက်တွေ့ ခံစားသိရှိလာရမယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။

အေးနန္ဒာအောင်(ဂျပန်)


စာကိုး....ဒေးကာနက်ဂျီ (လူပေါ်လူဇော်လုပ်နည်း)
           ဖေမြင့်( ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ)
           ပီမိုးနင်း (အောင်စိတ်)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....