Tuesday, December 13, 2011

ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၂)

 ဆက်ရေးမယ်ဆိုပြီး နောက်ပိုင်း မရေးဖြစ်တာ အတော်ကြာသွားပါတယ်။ ရေးဖြစ်အောင်အားပေးတဲ့ ပရိသတ်တွေရော ကိုမြင့်လှိုင်(ဘားမားတူဒေး) နှင့် အချိန်တိုင်း အဆက်မပြတ်တိုက်တွန်းတဲ့ မအေးနန္ဒာအောင်(လမ်းပြကြယ်-ဂျပန်) တို့ကို ကျေးဇူးတင်ပါတယ်။ အချက်လက်အချို့ကို မအားလပ်တဲ့ကြားကနေ ဖြေကြားပေးတဲ့ သူငယ်ချင်း ကိုဇေယျာဝင်း ကျေးဇူးတင်ပါသည်။ သရုပ်ဖေါ်ပုံများနှင့်တကွ ဖေါ်ပြရန်အကြံပေးခဲ့သော ကိုအိုးဝေအောင်(အယ်ဒီတာ-ဟစ်တိုင်)တို့အား အထူးကျေးဇူးတင်ပါတယ်။

ကျနော်ရေးတဲ့ အထဲမှာ ချန်မထားချင်စရာ အကောင်းဆုံးက အောင်မြင် ကျော်ကြားလာရင် ၀ိုင်းရံလာတဲ့ ပိုက်ဆံရှိ အသိုင်းဝိုင်းတွေကိုပါပဲ။ ကိုပေါ့်နားမှာ စီးပွါးရေးတောင့်တင်းတဲ့ မိသားစုတစုက လူငယ်တွေ ၀ိုင်းရံလာချိန်က ဖြစ်ပါတယ်။ဒီလိုဝိုင်းရံမှုဟာ အခြေနေအရတော့ ကိုပေါ့်အနေနှင့် လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကားနှင့်လိုက်ပို့ လိုက်ကြိုပြီး စီစဉ်ပေးနိုင်တဲ့ မိသားစုကြီးက ကူညီလိုက်တော့မှပဲ ကျနော်တို့နှင့် ကိုပေါ်အရင်လို မထိ တွေ့ရတော့ဘူး။ သူကလည်း အရေးကြီး ကိစ္စတွေလိုက်လံဆွေးနွေးလုပ်ကိုင် နေတာများတော့ (၁၀၁)လမ်းအိမ်ကို သိပ်မလာနိုင်တော့ပါဘူး။ လုံခြုံရေးအရလည်း မကောင်းတော့လို့ပါ။

အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ လူငယ်တွေဖြစ်တဲ့ ကျနော်တို့တွေ သွေးဆူလာပါတယ်။ နယ်စပ်ကို ထွက်ပြီး လက်နက်ကိုင်မယ် ပြန်ချမယ်ဆိုတာမျိုးတွေကို ကိုပေါ်က လုံးဝမကြိုက်တော့ သဘောမတူဘူးခင်ဗျ။ ကျနော်ကတော့ အဲဒီတုန်းကအသိဥာဏ်နဲ့ ကိုပေါ့်ကို အဖိုးကြီးဆိုပြီး စိတ်ထဲမှာ နည်းနည်းတော့ ညစ်လာပါတယ်။ အဲဒီမှာ ကျနော်တို့လည်း ကိုယ်လုပ်ချင်တာတွေ စလုပ်ကြတော့တာပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ ကိုတင်ဌေးနှင့်ကျနော်တို့တွေ ကိုပေါ်နားက ထွက်ခွါခဲ့ပါတယ်။ လမ်းပေါ်တက်ပြီး အော်တဲ့ ပွဲတွေကိုကျနော်တို့ ပြောက်ကျားလုပ်ကြပါတယ်။ စစ်တပ်ကလာရင် ထွက်ပြေးပေါ့ဗျာ။ ရသလောက် အာခံနေတဲ့သဘောနဲ့ ရန်ကုန်မြို့အနှံ့ကျနော်တို့ တွေ မြေအောက်လှုပ်ရှားမှုတွေ လိုက်လုပ်ခဲ့ကြပါတယ်။

မှတ်မှတ်ရရ တံတားနီ နှစ်ပတ်လည်နေ့ကို (ရန်ကုန်တက္ကသိုလ်ပင်မ-MAIN) မိန်းထဲမှာ လုပ်တော့ တက်ကြွတဲ့ လူတွေက အပြင်ထွက်ဖို့ နိုးဆော်ပြီး ခွပ်ဒေါင်းအလံတိုလေးတခုထောင်လိုက်ပါတယ်။ (အလံထောင်လိုက်တယ်ဆိုတဲ့ သဘောက လမ်းထွက်တော့မယ်၊ ဆန္ဒပြကြမယ်) လို့ ဆိုတဲ့ သဘောပါ။ ဟောပြောနေတဲ့ စင်နားမှာ လုံခြုံရေးဝိုင်းလုပ်နေတဲ့ ကျနော်တို့တွေ အဲဒီအလံတိုလေးကို လိုက်လုရာက တဖြေးဖြေးနှင့် မန္တလေးဆောင်ရှေ့ကနေ အလံတိုလေးကဟာ ဘွဲ့နှင်းသဘင်ဘက်ကို ရောက်သွားပါတယ်။

အဲဒီတုန်းက မဖြစ်သင့်တာ မဖြစ်ရအောင် လူအမုန်းခံပြီး ထိပ်ဆုံးက လိုက်တားတာ ကိုမိုးသီး(မိုးသီးဇွန်)ပါ။

ဆွဲကြလွဲကြနှင့် ဘွဲ့နှင့်သဘင်ဘေးက စင်ဝင်အောက် ရောက်တော့ အလံကို ကျနော်လုယူ လိုက်နိုင်ပါတယ်။ ကျနော်တို့ လိုက်လုတုန်းကတော့ အပြင်မထွက်ဖို့ ထိန်းတဲ့အနေနဲ့ လိုက်လုတာပါ။ ကျနော်လက်ထဲလည်း အလံရောက်ရော ဘေးက ၀ိုင်းအော်တဲ့ တက်ကြွသံတွေကြားမှာ လူငယ်တယောက်ဖြစ်တဲ့ ကျနော်ပါ အပြင်ထွက်မယ့် သွေးဆူလာပါတော့တယ်။
သွေးဆူစေရတဲ့ အဓိက အကြောင်းရင်းကတော့   အင်းယားဖက်က ကျောင်းခြံစည်းရုံး အပြင်ကနေ သေနတ်နှင့်ကျောင်းထဲကို ၀ိုင်းချိန်ထားတဲ့ စစ်သားတွေကို မြင်လိုက်ရလို့ပါပဲ။ ကြည့်ပြီး တော်တော်ကြီးကို ဒေါသထွက်သွားဗျ။

ကျောင်းသားကို ဒီလိုခြိမ်းခြောက်လို့ ရရိုးလားကွဆိုပြီး ကျနော်လဲ ဆက်ထွက်ဖို့ စိတ်ဝင်ပြီး အပေါက်ဖက်ကို ဆက်ချီတက်ဖို့ ထွက်လာခဲ့လိုက်တယ်။ စိတ်ပြောင်းသွားတဲ့ ကျနော့်ကို အတင်းတားတဲ့ ကိုမိုးသီးကိုလည်း  မျက်စိထဲမှာ ဘာမှမမြင်တော့ဘဲ အဲဒီအလံတိုလေးနှင့် လွဲရိုက်ပစ်လိုက်မိတယ်။

ဒါပေမယ့် ကိုမိုးသီးတို့တွေ .......
ရအောင် ထိန်းနိုင်ခဲ့ပါတယ်။ ကိုမိုးသီးနှင့် အားလုံးသော အမျှော်အမြင်ရှိသူတွေ အထိန်းကောင်းလို့ နှစ်ပတ်လည်နေ့က သွေးမြေကျမယ့်ကိန်းက သီသီလေးလွတ်သွားတာပါ။ အဲသည့်တုန်းက အပြင်ထွက်ဖို့ ဦးစီးတဲ့ လူတွေထဲမှာ ကျနော်သေသေချာချာ မှတ်မိတာတေ့ ရကသ အတွင်းရေးမှူးမတင်တင်ညို နှင့်အကသ ရဲဘော်အချို့ပါ။ အဲဒီခေတ်အဲဒီအခါက သေမှာမကြောက်ကြတဲ့ စစ်အုပ်စုကို စိန်ခေါ်ရဲတဲ့ ကျောင်းသားတွေပေါ့ဗျာ။

ကိုပေါ့်အကြောင်းပြန်ဆက်ကြဦးစို့.....ကျနော်စိတ်ထဲမှာတော့ အဲသည့်အချိန်ထိ ဆိုခဲစေ မြဲစေဆိုတဲ့ ကိုပေါ့်ကို ချစ်တုန်းပါပဲ။ ချစ်လို့လည်း ကလေးအတွေးနှင့် ကိုမင်းဇေယျာ တို့က မန္တလေးဆောင်မှာ မကသ ဆိုပြီးလုပ်တော့ ဒါဟာ ကိုပေါ်တို့ကို ပြိုင်တာပဲ ဆိုပြီး ကိုပျံလွှား(တာမွေ)နှင့် ကျနော်တို့ မန္တလေးဆောင်ထဲသွားပြီး ရမ်းကားဖူးတယ်။ ဦးချစ်ဆိုင်ဖက်မှာ ထိုင်နေတဲ့ မကသခေါင်းဆာင် ကိုဇေယျာကြီး
နှင့်အတွင်းရေးမှူးကိုထွန်းကြည်တို့ကို ပုပုသေးသေးလေးကျနော်က တုတ်တချောင်းနှင့် ကြိမ်းလား မောင်းလား လုပ်သေးတယ်ဗျ။
အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွှန်ရဲ့နည်းဗျူဟာဖြစ်တဲ့ ကျောင်းသားလူငယ်တွေကို သွေးခွဲတဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေက အောင်မြင်တဲ့ အချိန်ပေါ့။ မကသ ကို ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ မန္တလေးဆောင်မှာ ပေါ်ပေါ်ထင်ထင် ရပ်တည်ခွင့်ပေးတာဟာ ကျနော်တို့လို ကျောင်းသားလူငယ်တွေအတွက် အလွန်ပဲ ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ကျောင်းသားလှုပ်ရှားမှုအတွင်းမှာလည်း ဗ(ဗကသ) နှင့် မ(မကသ) ဆိုပြီးကွဲကုန်တော့တာပါပဲ။
ဒါကြောင့်လည်း အစည်းအဝေးတွေမှာ ဗ နှင့် မ နှင့် အငြင်းပွားတာတွေ၊ ပြဿနာတက်ရတာတွေ မကြာခဏဖြစ်ခဲ့ရပါတယ်။ ဘာပဲပြောပြော ကျနော်ကတော့ တရားဟောကောင်းတဲ့ ကျနော်တို့ အကိုကြီး ကိုပေါ်(မင်းကိုနိုင်) ကိုသာချွင်းချက်မရှိထောက်ခံသူတယောက်ဖြစ်ခဲ့ပါတယ်။။ နုနယ်သေးတာကြောင့်ရယ်၊ ကိုပေါ့်ရဲ့ တခြားလေးစားစရာကောင်းတာတွေကိုပါသိနေတော့ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာလည်း ပါတာပေါ့ဗျာ။

ဒါပေမယ့် မကသ မှာ ကျနော်တကယ် ခင်တဲ့ ကိုဌေးကြွယ် တယောက်တော့ ရှိပါသေးတယ်။

ကိုဌေးကြွယ်က အဖွဲ့အစည်းမခွဲခြားဘူး။ ကျနော်တို့ကို လူငယ်တွေကို သူတတ်နိုင်သလောက် ကူညီပါတယ်။ ကျနော်လူငယ်တွေကို တော်တော်များများကို  သူကူညီဖူးတယ်။ ဒီလိုနှင့် တရက်ပေါ့.....ကျနော့်အိမ်ရှေ့က လမ်းဘေးလဖက်ရည်ဆိုင်ကို မစပယ်(မမိုးမြစံပယ်အေး) ရောက်လာပြီး  ကိုညိုထွန်းဆိုသူနဲ့ မိတ်ဆက်ပေးပါတယ်။ အဲဒီ့ ကိုညိုထွန်းဆိုတာက ( န၀တက "ဗမာ"ကို " မြန်မာ " လို့ပြောင်းတာကို ဝေဖန်ခဲ့တဲ့သူ။ ဒါကို နဝတဗိုလ်ချုပ်ခင်ညွှန့်က ဗုဒ္ဓကို မုဒ္ဓ ပြောသူဆိုပြီး သတင်းစာကနေ  ပြန်လှန်ထိုးနှက်တာကို ကောင်းကောင်းခံရတဲ့ ခေါင်းဆောင်တဦးပါ)။ 

အကုန်လုံး အဲဒီအချိန်တုန်းက ကျနော်တို့ကျောင်းသားတွေ ယုံကြည်နေခဲ့ကြတာကို ကျနော်မှတ်မိသလောက်ပြောရရင် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကိစ္စ ပျက်သွားတာကြောင့် အလားတူ လိုင်းတခုတင်ဖို့နဲ့ န၀တ အစိုးရကို ပါဝါပြိုင်ဖို့ ကျောင်းသားအုပ်စုတွေ ကြိုးစားနေတဲ့ အချိန်လို့ ထင်ပါတယ်။ မစံပယ်က ကျနော် လုပ်ရမယ့် ကိစ္စတွေ ပြောဆိုပြီး  ပြန်သွားခဲ့ပါတယ်။ ကျနော်ကတော့မစံပယ် ပြန်သွားပြီး သိပ်မကြာခင်မှာပဲ ကျနော့်အိမ် (သို့)ကျနော့် အဖေ့ထံမှ အပြီးအပိုင် တသက်စာ ထွက်ခွါလာခဲ့ရပါတော့တယ်။ ကျနော်ပိုင်ဆိုင်သမျှ စက်ဘီးကလေးနဲ့အတူ အဖေ၀ယ်ပေးထားတဲ့ ရွှေလက်စွပ်၊ ဆွဲကြိုးနှင့် အဖိုးတန်မယ့် အ၀တ်အစားမှန်သမျှ ထားခဲ့တယ်......လို့ မထင်ကြပါနဲ့။ သားလိမ်မာပီပီ တော်လှန်ရေးမှာ သုံးဖို့အတွက် ထုခွဲရောင်းချဖို့ နိုင်သလောက် သမ လာခြင်းဖြစ်ပါတယ်။ 

ကျနော်တို့ ခေတ်အခါက ဗိုလ်ချုပ်ခင်ညွှန့်က ကျနော်တို့ ကျောင်းသားတွေကို( ပြည်ပအားကိုး ပုဆိန်ရိုး) လို့သာစွပ်စွဲ ပြောဆိုနေတာ။ ကျနော်တို့မှာတော့ ၀တ်ထားတဲ့ ပုဆိုး အသစ်ကို ချွတ်ရောင်းတဲ့ လူတွေ အများကြီးပါ။ ဒီလိုနှင့် ကျနော်တို့ လုပ်ကိုင်နေရင်း သတင်းဆိုး တခုကြားရပါသည်။ အဲဒါကတော့ မတ်လ(၂၃)ရက်နေ့မှာ ကိုပေါ့်ကို ရန်ကင်းတိုက်တန်းတွေ အနီးမှာ စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းပါပဲ။ 

သူနှင့် ပါသွားတဲ့ လူတွေထဲက ကိုဘိုကြည်
(ကိုဘိုကြည်) 
(ယ္ခု ထိုင်းနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေသူ) တယောက်သာ ထွက်ပြေးလွတ်မြောက်လာလို့ ပြန်သိရတာပါ။ သူသာလွတ်မလာရင် သတင်းပျောက် ဖျောက်လိုက်နိုင်ပါသည်။ ဒီတော့ ကျနော်တို့တွေ ဘာပဲလုပ်လုပ် အကုန်လုံး စုစည်းဆွေးနွေး မျက်နှာချင်းဆိုင် ကြတဲ့ နေရာကတော့ အခုအင်းလျားလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းထဲက တဲကြီးဆီမှာပါပဲ။

၁၉၈၉ မတ်လ ၂၅ ရက်နေ့ မှာ ကိုပေါ့်ကို ဖမ်းသွားတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းသား အဖွဲအစည်းပေါင်းစုံ စုစည်းတိုင်ပင်ကြပါတယ်။ အကသ မှလည်း ကိုမင်းဇင်
(ကိုမင်းဇင်)
တို့ ကိုဇေယျာဝင်း၊ ကိုလတ်၊ ကိုသီဟ တို့ ကွယ်လွန်သွားတဲ့ (ကိုသက်ဝင်းအောင်)လည်း ပါ ပါတယ်။
(ကိုသက်ဝင်းအောင်)
နောက်ကျတော့ ခြံပြင်ကို အကသ အဖွဲ့တွေ ထွက်သွားတော့ ကျနော့်ကို ကိုတင်ဌေးက ညီလေး မင်းလိုက်သွား သူတို့ သွေးဆူနေတယ် တခုခုဆို အကို့လာပြော အမြန်ထိန်းရမယ် ဆိုပြီး လွှတ်လိုက်ပါတယ်။ ကျနော်လည်း သူတို့တွေရှိနေတဲ့  တဖက်ခြံထဲက လဖက်ရည်ဆိုင်ကို လိုက်သွားခဲ့ပါတယ်။ ကိုမင်းဇင်က အကသ CEC မဟုတ်သူတွေနှင့် ကျနော်ကို စားပွဲဝိုင်းကနေ ခဏရှောင်ပေးဖို့ သူတို့ ဆုံးဖြတ်ချက်ချစရာရှိလို့ ဆိုပြီး ပြောလို့ ကျနော်တို့ အခြားဝိုင်း ပြောင်းထိုင်ရသည်။

ဒီလိုနှင့်ပေါ့ဗျာ အခြေအနေက အကသ အနေဖြင့် လမ်းမပေါ်တက်မယ်ဆိုပြီး ဖြစ်လာတော့၊ မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းမယ့် ကိုတင်ဌေးတို့ဆီ ကျနော် ပြန်ပြေးလာတဲ့ အခါမှာ ခြံတံခါးတာဝန်ကျများက ကျနော့ကို ပြန်ပြီး ၀င်ခွင့်မပေးတာနဲ့ပဲ ကျနော်လည်း အထဲက ကိုတင်ဌေးကို အကြောင်းမကြား နိုင်တော့ပါဘူး။ ဒါနဲ့ပဲ လုပ်လို့မရရင် ရတာလုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ မင်းကိုနိုင်ကို ပြန်လွှတ်ပေး ဆိုတဲ့ တောင်းဆို ဆန္ဒပြမှုကို ၀ိုင်းနွဲလိုက်ပါတယ်။ အစည်းဝေးလည်း ပျက်ပြီး ခြံပြင်မှာလဲ စစ်တပ်ကလာတဲ့ ၀ိုင်းတဲ့အထိ ဖြစ်ကုန်တော့တာပေါ့။ အန်တီစုက ညနေမှ ကော့မှူးနယ်စည်းရုံးရေး ခရီးစဉ်က ပြန်လာခဲ့ပါတယ်။

ကိုပေါ်ကြောင့် ကျနော့်အဖေဟာကျနော့်ကို စိတ်ချယုံကြည်ခဲ့ရသလို အားပေးမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဒလသစ်တောဝင်းကို ကိုပေါ်တို့တရားဟောပြီး အပြန် ထမင်းစားဖို့ ကျနော်က ဘရွတ်ကင်းလမ်းက ကျနော့အမ၀မ်းကွဲ အိမ်မှာ စီစဉ်ထားပါတယ်။ ကျနော့်အဖေလည်း အဲသည့် အမအိမ်မှာ ရှိနေခဲ့ပါတယ် ။ ကျနော်က ကိုမင်းကိုနိုင်နှင့်အတူ လာမယ်ဆိုတာဟာ ဟုတ်ရဲ့လားလို့ဆိုပြီး လာကြည့်တာပေါ့။ အားလုံးက ကလေးပီပီကြွားနေတာလို့ ထင်တာပေါ့။ ကိုပေါ်၊ ကိုသူရိန်၊ ကိုတင်ဌေး၊ မစပယ်တို့နဲ့အတူ ကျနော်ပါအိမ်ပေါ်တက်လာတာ တွေ့လိုက်ရတော့ ကျနော့်အဖေ နှင့် အမ၀မ်းကွဲတွေ ပါးစပ်တွေ ဟပြီး အံ့သြသွားကြပါတယ်။ သည့်နောက်တော့အဖေဟာ ကျနော်ကိုအရမ်းကို စိတ်ချသွားပါတယ်။ ထမင်းစားပြီးတော့ အဖေနှင့် ကိုပေါ်တို့ ခဏစကားပြောကြပါတယ်။ အဖေဟာ ကျနော့်ကို ကိုပေါ့်ထံအပ်လိုက်ပြီး သူ့တသက်တာမှာ ကျနော့်အတွက် စိတ်ချယုံကြည်ပြီး  အားပေးထောက်ခံခဲ့တာ အဖေဆုံးတဲ့ အချိန်အထိပါပဲ။။ အဖေဟာ ကျနော့်ကို အထင်ကြီးပြီး ဂုဏ်ယူကြောင်းကို သူမိတ်ဆွေတွေကို ပြောပြတယ်လို့လည်း ကျနော် ပြန်ကြားရတော့ အလွန်ပင် ၀မ်းသာရပါတယ်။ 

အဲဒီအချိန်တွေနောက်ပိုင်း ကျနော်ချစ်ခင်အားကိုးတဲ့ ကျနော်တို့ ခေါင်းဆောင် ကိုပေါ်(ကိုမင်းကိုနိုင်) ကို ကျနော် မတွေ့ ရတော့ပါဘူး။ ကိုပေါ်ဟာ ကျနော့်အတွက် သူရဲကောင်းပါပဲ။ ကိုမင်းကိုနိုင်ဟာ ကျနော်တို့ ကျောင်းသားတွေရဲ့ ခေါင်းဆောင်ကောင်းတယောက်ပါ။ ကျနော် အခုလို လေ့လာသင်ယူမှုတွေ ရှိပြီးနောက်ပိုင်းမှာ ကိုပေါ့်ကို မေးချင်တဲ့ မေးခွန်းတွေ၊ ဆွေးနွေးချင်တာတွေ အများကြီးရှိနေပါတယ်။ ကျနော် ဒီတသက် သူနှင့် ပြန်ဆုံမယ်လို့ မျှော်လင့်နေပါတယ်။

ကိုမင်းကိုနိုင် အသက်ကျော်ရာကျော် ရှည်ပါစေ။
ရဲမင်းထွန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....