Sunday, November 27, 2011

အင်တာနက်မှ သိကျွမ်းသူကို ယုံသော မိန်းကလေး လူနှင့်ပစ္စည်းများ လိမ်လည်ခံရ


By 7Day News, Sunday - November 27 - 2011



အင်တာနက်မှ အသိဖြစ်ခဲ့သူ အမျိုးသားတစ်ဦးကို ယုံကြည်မိသော မိန်းကလေးငယ် တစ်ဦးကို သားမယားအဖြစ် လိမ်လည် ပေါင်းသင်းခံရကာ လက်ဝတ်လက်စားများ လိမ်လည် ယူဆောင်ခံခဲ့ရကြောင်း သတင်းရရှိသည်။ 
မုံရွာမြို့နေ မ-- (၁၉နှစ်) သည် နိုဝင်ဘာ ၆ ရက်ညနေ ၄ နာရီက မိဘများအား အင်တာနက်ဆိုင်သို့ သွားရောက် လေ့ကျင့်မည်ဟုပြောဆိုကာ နေအိမ်ရှိ ၈ ယ/----
လော်ဂျာဆိုင်ကယ်နှင့် ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်း မရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ--၏ ဖခင်ဖြစ်သူက မုံရွာမြို့တွင် လိုက်လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံ တွေ့ရှိပါက အကြောင်းကြားရန် ဆက်သွယ် မှာကြားခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့နေ ဆွေမျိုးတော်စပ်သူများက မ-- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ တွေ့ရှိ၍ နေအိမ်သို့ ပြန်လည်ခေါ်ယူထားခဲ့သည်။
မ--၏ ပြောပြချက်အရ လွန်ခဲ့သော သုံးလခန့်က အင်တာနက်ဆိုင်တွင် ၁၅ ကြိမ်ခန့် ဆက်သွယ် ပြောဆို သိကျွမ်းခဲ့သူ ရန်ကုန်မြို့နေ ကို-- သည် နိုဝင်ဘာ ၆ ရက်က မုံရွာမြို့သို့ ရောက်ရှိလာပြီး မ--အား ရန်ကုန်မြို့သို့ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားကာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ပြီး ပါရှိသည့် ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကို လိမ်လည်ရယူသွားခဲ့သဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ မုံရွာမြို့အမှတ် ၁ ရဲစခန်းမှ ကို-- အား (ပ) အမှတ် ၆၃၇/ ၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆/ ၄၂၀ အရ အမှုဖွင့် စုံစမ်း ဖော်ထုတ်လျက်ရှိသည်။
မိန်းကလေးငယ်ထံမှ လိမ်လည်ရယူသွားသော လက်ဝတ်လက်စားနှင့် ဆိုင်ကယ်မှာ စုစုပေါင်းတန်ဖိုး ကျပ် ၁၇ သိန်းခန့်ရှိသည်ဟု ဆိုသည်။
“ဒီနေ့ အသက်အရွယ်ငယ်တဲ့ ကလေးငယ်တွေလည်း အင်တာနက်သုံးတာ ပိုများလာတယ်။ ငယ်ရွယ်သူတွေ အနေနဲ့ အင်တာနက်ကို အသုံးပြုတဲ့အခါ လမ်းမှား မရောက်အောင်တော့ မိဘတွေ စောင့်ကြည့်သင့်တယ်လို့ ထင်တယ်။ ကလေးက အင်တာနက် အသုံးပြုတတ်တာ တိုးတက်တဲ့ လက္ခဏာ ဆိုပေမယ့် အခုလို အဖြစ်ဆိုးတွေ မကြုံရအောင် ကလေးငယ်တွေကို အင်တာနက် အသုံးပြုချိန်မှာ စောင့်ကြည့် သင့်တယ်” ဟု မုံရွာမြို့ဒေသခံ မိဘအုပ်ထိန်းသူ တစ်ဦးက ပြောသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....