Friday, November 4, 2011

အနံ့အသက်မကောင်းသည့် စားအုန်းဆီကိုပြုပြင်ပြီး ပဲဆီအဖြစ် ရောင်းချနေ

ရွှေအောင် (DVB)

အနံ့အသက်မကောင်းတဲ့ စားအုန်းဆီအခဲကို ပြုပြင်ပြီး ပဲဆီအဖြစ် ရောင်းချနေတယ်လို့ ရန်ကုန်၊ ဘုရင့်နောင်က ကုန်သည်တဦးက ပြောပါတယ်။

“chemical (ဓာတုဗေဒ) ပေါ့နော်။ washing powder (ဆပ်ပြာမှုန့်)လိုဟာမျိုးပေ
ါ့။ အဲဒီဟာနဲ့ အရောင်ချွတ်ပြီးတော့ ပဲဆီအနံ့ထည့်တာ။ အဲဒါနဲ့ ပဲဆီ ရောရောင်းတာ။”

အဲဒီလိုမျိုး ပဲဆီနဲ့ ရောလိုက်တဲ့အတွက် အရောင်ကောင်းသွားပြီး ပဲဆီအနံ့လည်း ရသွားတယ်လို့ ဆိုပါတယ်။

စားအုန်းဆီက တပိဿာ ကျပ် ၂,၆၀၀၊ ၂,၇၀၀ လောက်ရှိပြီး ပဲဆီက တပိဿာ ကျပ်သုံးထောင်ကျော် ရှိတဲ့အတွက် လုပ်ရောင်းတဲ့သူက အမြတ်ထက်ဝက် ကျန်လို့ လုပ်ရောင်းနေကြတာ ဖြစ်ကြောင်း ပြောပါတယ်။

နယ်စပ်က တရားမ၀င် ၀င်လာတဲ့ စားအုန်းဆီတွေကို အခုလို လုပ်ရောင်းတာ ဖြစ်နိုင်သလို ပြည်ပကတရားဝင် တင်သွင်းထားတဲ့ စားအုန်းဆီတွေလည်း ဖြစ်နိုင်တဲ့အကြောင်း၊ တလောကတင် ပြည်ပက တရားဝင် တင်သွင်းထားတဲ့ စားအုန်းဆီတွေဟာ ဆီသိုလှောင်ကန်မသန့်လို့ အနံ့ဆိုးတွေ ထွက်ခဲ့တဲ့အကြောင်း ကုန်သည်တဦးက ပြောပါတယ်။

စားအုန်းဆီကို ဆပ်ပြာမှုန့်ရောပြီး ပဲဆီအဖြစ် ရောင်းချနေတဲ့အကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာလည်း ဖော်ပြပါရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက အခုလိုပြောပါတယ်။

“ဆပ်ပြာရောတဲ့ကိစ္စပေါ့လေ။ ဆပ်ပြာထည့်ပြီဆိုရင်
ကျနော်တို့ စစ်ဆေးလို့ ရပါတယ်။ စမ်းလို့ရပါတယ်။ ဌာနအနေနဲ့ ဒါတွေကို စစ်ဆေးပြီးမှ လူတွေကို အသိပေးတာတို့ ကြေညာတာတို့ လုပ်ပေးပါတယ်။ နောက် အရေးယူတဲ့ ကိစ္စတွေ ဆောင်ရွက်ပေးပါတယ်။ ကျနော်တို့အပိုင်းက ဆောင်ရွက်ပေးရမယ့် အပိုင်းဖြစ်ပါတယ်။”

စားသုံးဖို့မသင့်တဲ့ ဆိုးဆေးတွေ ပါဝင်တဲ့ ငရုတ်သီးမှုန့်၊ မျှစ်၊ ငရုတ်ချဉ်၊ စိမ်းစားငါးပိ၊ ပဲကြီးလှော်၊ ငါးလေးချဉ်နဲ့ အသင့်စား ကလေးမုန့်တွေကို ရန်ကုန်ဈေးတွေက သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးပစ်တဲ့အကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....