Friday, October 14, 2011

ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၁)

ကျနော်က ကိုပေါ် လို့ခေါ်တဲ့ ကိုပေါ်ဦးထွန်း(ခ) ကိုမင်းကိုနိုင်ကို ကျနော်စတွေ့စဉ်အခါက ကျနော့်အနေနဲ့  မြင်ရတွေ့ရတဲ့ သူ့ရဲ့ဟန်ပန် အမူရာတွေနဲ့ စာဖတ်ပရိသတ်နဲ့ ရင်းနှီးစေချင်လို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ကျနော်  ကိုပေါ့် ကိုစတွေ့တဲ့အချိန်တုန်းက ကျောင်းသားသမဂ္ဂ (ဗကသ) ဖွဲ့စည်းကြောင်း မကြေငြာရသေးတဲ့ အချိန်ပေါ့။
 သြဂုတ်လ(၁၀)ရက်နေ့ ဗဟန်းရဲစခန်း ပစ်ခတ်မှုက ကျနော်လွတ်လာခဲ့ပြီး၊ စတော့ဂိတ်ဂုံး(သိမ်ဖြူဂုံး) မှာ ထပ်အပစ်ခံရတော့၊ အပစ်အခတ် နဲနဲလွတ်ကင်းတဲ့ မင်္ဂလာတောင်ညွှန့်က ကားဝပ်ရှော့ တခုမှာ ကိုတင်ဌေး(ကိုတင်မောင်ဌေး) က ကျနော့်ကို ပုန်းနေခိုင်းထားခဲ့ပါတယ်။နောက်တော့ အဲ့သည့်နေရာကနေ ၁၀၁လမ်းက သူ့အိမ်မှာခေါ်ထားခဲ့ပါတယ်။ အဲဒီ့မှာတင်ပဲ  ကျနော်တို့ရဲ့ ခေါင်းဆောင် မင်းကိုနိုင် နှင့်  ကြုံရစုံရ သိခွင့်ရခဲ့ပါတယ်။
လူပုံစံက  အသားညိုညို ပိန်ပိန်ပါးပါးနဲ့  ရှေ့သွားကလေး နဲနဲထွက်နေတဲ့ တအိမ်လုံးက (ကိုပေါ်) လို့ခေါ်တဲ့ အနှီပုဂ္ဂိုလ်ကို ထိုအချိန်က ဘယ်သူ ဘယ်ဝါမှန်း ကျနော်မသိခဲ့ပါဘူး။ ကိုပေါ်က ဆေးလိပ်ကို အရမ်း ကြိုက်လို့လား၊ တွေးစရာတွေ များလို့ပဲ ဖိသောက်နေတာလားတော့ မပြောတတ်ဘူးခင်ဗျာ့.... ဖွာလိုက် ရှိုက်လိုက်နဲ့ တကိုယ်လုံးက အငွေ့ထွက်လောက်အောင်ကို ဆေးလိပ်သောက်ပါတယ်။ ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘဲနဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ကြား ဆေးလိပ်ကို လက်က
မချတဲ့အပြင် သောက်လက်စ တပိုင်းတစ ဆေးလိပ်တိုတွေကိုလည်း ဟိုတင်ဒီတင် ဟိုထားဒီထားပေါ့ဗျာ။သူ့အတွေးနဲ့သူ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ သူထားချင်ရာထားသွားတဲ့ ဆေးလိပ်တိုတွေကို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်ကပဲ ပြောပြောဆိုဆိုနဲ့ လိုက်သိမ်းရတာပေါ့။
စိတ်ထဲကလည်း သူ့ကိုသိပ်မခင်မိတော့  ဆေးလိပ်တွေကို အဲလို လျှောက်မထားဖို့တခါတခါဆို ဂျစ်ကန်ကန်နဲ့ ကိုပေါ့်ကို ပြောမိတယ်။ တကယ်ဆို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်ရဲ့ အဲသည်လို အပေါက်ဆိုးမှုကို တော်ရုံလူဆို ကျနော့်ကို ပိတ်ဟောက်ပစ်လိုက်မှာပေါ့။ ဒါပေမယ့် ကိုပေါ်ကတော့ ကျနော် ပွစိပွစိလုပ်တာကို ပြုံးကြည့်ရင်း ''ကဲကဲ...ညီလေး စုပြီးသိမ်းပေးထားတဲ့ ဆေးလိပ်တိုတွေ ယူခဲ့။ အကိုပြန်သောက်မယ်'' လို့ ပြောပြီး တကယ်လည်း သောက်ပါတယ်။  လေးစားစရာ ခင်မင်စရာကောင်းတဲ့ ကိုပေါ်ပါပဲ။ ဒါပေမယ့် အဲ့သည့်အချိန်ထိ ကျနော်ကတော့ သူ့ကို ကိုမင်းကိုနိုင်လို့ မသိသေးဘဲပွစိပွစိ လုပ်မြဲ လုပ်စဲ ပါပဲ။
ဒီလိုနှင့် ရန်ကုန်တက္ကသိုလ်ပင်မမှာ ကျင်းပတဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းကြောင်းကြေငြာမယ့်နေ့ အတွက် ကိုတင်ဌေးက ကျနော့်ကို အထူးတာဝန်တခု  ပေးပါတယ်။ အဲဒီတာဝန်ကတော့ ကျနော်တို့ ဗိုလ်တထောင်မြို့နယ်ထဲက ယုံကြည်စိတ်ချရတဲ့ အရပ်သားလူငယ်တချို့ကို ခေါ်ပြီး ကိုပေါ့် ကို စောင့်ရှောက်ဖို့ပါ။ အဲဒီအချိန်ထိလည်း ကျနော်သဘော မပေါက်သေးဘူး။  ကိုတင်ဌေးကိုတောင် တိုးတိုးတိတ်တိတ်နဲ့ ကိုသူရိန်ကိုရောလို့တောင် မေးလိုက်ပါသေးတယ်။ 
ကိုတင်ဌေးက'' ပေါ်ဦးကို သာ မင်းသတိထားပေး၊  တခုခုဆိုရင် မင်းရဲ့လူတွေနှင့် သူ့ကိုဆွဲထုတ်ပြီး လွတ်ရာကိုခေါ်ပြေး'' လို့  အရေးတကြီး ပုံစံနဲ့ ကျနော့်ကို ပြောလာတဲ့အထိတောင် ကိုပေါ်က ဘယ်သူလဲဆိုတာ ကျနော်မရိပ်မိဘူး။ ကျနော့် ထုံချက်ကတော့ အနှိုင်းမဲ့ပါတယ်။
ဗကသ ကြေငြာတဲ့နေ့မှာတော့  မိန့်ခွန်းပြောတဲ့ စင်ရှေ့မှာ ကျနော်ခေါ်လာတဲ့ ကျနော်တို့ ရပ်ကွက်ထဲက ကိုဝင်းမြင့်(ကျဆုံး) ဦးဆောင်တဲ့ လူငယ်တွေက အင်အားအပြည့်နဲ့ နေရာယူလို့ပေါ့။ ကျောင်းဝင်ပေါက်နှင့် မိန့်ခွန်းစင်ရှေ့ကို လူးလားခေါက်ချည် သွားလိုက်ပြန်လိုက်နဲ့ ကျနော်အလုပ်များနေချိန်မှာပဲ မိန့်ခွန်းစင်ပေါ်ကနေ '' ဟုတ်ကဲ့...ကျနော် မင်းကိုနိုင်ပါ '' လို့ အောင်မြင်စွာ ထွက်လာတဲ့ အသံပိုင်ရှင်ကို လှမ်းကြည့်လိုက်တော့..........
ကျနော့်ဇက်ကလေးပုသွားသလို ပါးစပ်လည်း  ဟောင်းလောင်းပွင့်သွားမိတယ်။ အောင်မလေးဗျာ ကိုမင်းကိုနိုင်ဆိုသည်မှာ ကျနော်၏ ကိုပေါ် ဖြစ်နေပါရောလား။ 
၁၀၁ လမ်းမှာ မင်းကိုနိုင် ဆိုတာ ကလောင်အမည်တခုလိုပဲ သိထား သဘောထား မိတယ်။ ဘယ်သူမှန်း မသိသလို မေးလည်းမမေးမိပါဘူး။ ကျနော်တို့ ခေတ်က ထုံပုံ အ ပုံများ အခုလူငယ်တွေ ရယ်မှာပဲ။
ပွဲပြီးတော့ အဲဒီနေ့က ၁၀၁ လမ်းအိမ်ကို  ကိုပေါ် ပြန်လိုက်မလာပါဘူး။ အိမ်ပြန်ရောက်တော့ ကျနော်က '' သြော်... ကိုမင်းကိုနိုင်ဆိုတာ ကိုပေါ် ပါလား'' လို့ပြောလိုက်တော့ မစပယ်(မမိုးမြစပယ်အေး) က ကျနော့်ကို ခေါင်းခေါက်တယ်။ အဲဒီလောက်တောင် ထုံရလားတဲ့။
ဘယ်သိမလဲဗျာ........မဆလ လက်ထက်မှာ ကြီးလားတဲ့ ကျနော်တို့အတွေ့ကြုံအရဆိုရင် ကျနော်သိထားတဲ့ လူကြီးဆိုတာ(ခေါင်းဆောင်ဆိုတာ) နည်းနည်းတော့ ထူးခြားရမယ်၊ အာဏာပြရမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ခေါင်းဆောင်ရဲ့ ဟိတ်ဟန်မရှိမှု၊ အားလုံးနဲ့ တသားတည်းကျအောင်နေထိုင်တတ်မှုတွေကြောင့်  ဘာမှမသိတဲ့ ၁၆ နှစ်သား ငအူလေး ကျနော်ဟာ တကယ့်ခေါင်းဆောင်ကောင်းတယောက်ရဲ့ အရည်အချင်းတွေထဲက တခုကို မှတ်မှတ်ရရနဲ့ ထိုက်ထိုက်တန်တန်ကို သိမြင်ခွင့်ရလိုက်ပါတယ်။

နောက်တော့  ကျောင်းသားသမဂ္ဂရုံးကို ရန်ကုန်ဆေးရုံကြီးမှာလုပ်တဲ့ အချိန်၊ မှတ်မှတ်ရရပါပဲ ၊ ကိုပေါ်က  ဆေးရုံကြီး အပေါ်ထပ်မှာ လူမရှိတဲ့ သုံးထပ် အဆောင်တခုမှာ အသည်းရောင်နေလို့ ဆေးသွင်းနေရတယ်။  ကုတင်ပေါ်လှဲနေတဲ့ ကိုပေါ်က နယ်လွှတ်မယ် သွားမလားဆိုတော့ ကျနော်အားရ၀မ်းသာနဲ့ ဟုတ်ကဲ့ အကိုလို့ ပြန်ပြောလိုက်တယ်။ သာယာဝတီ သုံးဆယ်ဖက်မှာ မဟာဗျုဟာသပိတ်တပ်ရင်းဆိုပြီး လှုပ်ရှားနေတဲ့ နယ်ခေါင်းဆောင် ကိုဂျော်လီထွန်းဆီ စာတစောင်သွားပို့ ပေးဖို့ ကျနော့်ကို ခိုင်းတာပါ။ စာလေးတစောင်အတွက် အခုခေတ်လို အင်တာနက်မရှိတော့ လစ်ရတာပေါ့ဗျာ။
ကျနော့်က သူငယ်ချင်း ကိုပူစီ(အမည်ရင်းကိုရေးရန် ကာယကံရှင်နှင့် မတွေ့တာကြာနေလို့ သူ့အမည်ပြောင်ကို သုံးလိုက်ပါတယ်)ရဲ့ ဆွေမျိုးတွေက သာယာဝတီဖက်မှာ နေလို့ ကျနော်အတွက်နယ်ခံရှိ ဖြစ်ရအောင် သူ့ခေါ်သွားလိုက်ပါတယ်။ ကိုပေါ်ရေးပေးလိုက်တဲ့ စာကို သေသေချာချာ ဂရုတစိုက် ယူသွားပြီး သာယာဝတီမြို့ပေါ်က ကိုဂျော်လီထွန်း တို့သပိတ်တပ်ဆွဲထားတဲ့ မဆလပါတီယူနစ်ရုံးမှာ ကိုဂျော်လီထွန်း ကိုသွားတွေ့ပြီး စာပေးလိုက်ပါတယ်။ အဲဒီ့မှာတင်ပဲ ကိုဂျော်လီထွန်းက စာဖတ်ပြီးနောက် ဗြုန်းဆို ကျနော်တို့ကို ဖမ်းထားလိုက်ရောဗျာ။ မင်းတို့ဘာကောင်တွေလဲ ဘာညာနှင့်ဆိုပြီး မကျေမနပ်တွေလည်း ဖြစ်လို့ပေါ့။
ကံကောင်းလို့ ကျနော်အဖေါ်ခေါ်သွားတဲ့ ကိုပူစီ့ ဆွေမျိုးတွေက ၀ိုင်းဝန်းပြီး ကျောင်းသားတွေပါ အာမခံလို့ နည်းနည်းသက်သာရာရသွားပြီး ကျနော်တို့ကို အဲဒီ့ရုံးထဲမှာ အကျယ်ချုပ်သဘောမျိုး ထိန်းသိမ်းထားလိုက်ပါတော့တယ်။ ကျနော် နယ်ခံကို ရွေးခေါ်လာခဲ့မိလို့ တော်သေးတာပေါ့ဗျာ။ သူတို့ကတော့ စုံစမ်းမယ်၊ ရန်ကုန်က အကြောင်းမပြန်ရင် မင်းတို့ကို သတ်မယ်တဲ့။
 ဒါနဲ့ပဲ ကျနော်လည်း အဲဒီအချိန်က ဗကသ ကို ဆက်သွယ်လို့ ရတဲ့ ဖုန်းလို့ နာမည်ကြီးနေတဲ့ ကိုတင်ဌေး (၁၀၁)လမ်း အိမ်ဖုန်း နံပါတ်ပေးလိုက်ရတယ်။
နောက်တော့မှာ ရန်ကုန်နှင့် ပြောဆိုပြီး ဆရာသမားကိုဂျော်လီထွန်းက ကျနော်တို့ကို ကျောင်းသားတွေဆိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ကျနော်သဘောပေါက်တာက ကိုဂျော်လီထွန်းက ကိုပေါ်ရေးပေးလိုက်တဲ့ အကြမ်းမဖက်ဖို့နှင့် ပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းဖို့ တိုက်တွန်းတဲ့ စာကို နည်းနည်းဘ၀င်မကျဘူး သြဇာပေးတယ်လို့ ယူဆပုံရတယ်။ ကျနော့်ကို ပြန်ပြောလိုက်တဲ့ စကားတွေအရ ကောက်ချက်ချတာပါ။ 

ကျနော်တို့ရန်ကုန်ပြန်ရောက်တော့ အားရ၀မ်းသာ ကိုဂျော်လီထွန်းတို့ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းရလာကြောင်း ကိုပေါ် ကို ပြောတော့ ကျနော့်ကိုပေါ်က ထုံးစံအတိုင်း မရှိနွမ်းပါးသူတွေကို ပေးလိုက်တဲ့။ ဘယ်သူမှ မသုံးနဲ့တဲ့ဗျာ။ ဒါနဲ့ကျနော်လည်း လမ်းဘေးမှာ တွေ့တဲ့ အဘိုးကြီးအဖွါးကြီးတွေကို နေရှင်နယ်ထမင်းပေါင်းအိုးတို့ ဓါတ်ဘူးတို့ပေးလိုက်ရတာပေါ့။ သူတို့ကတော့ ကျနော့်ကို ကျေးဇူးတင်လိုက်ကြတာ။ တကယ်ကျေးဇူးတင်ရမှာက ကိုပေါ့်ကိုပါ။
တကယ်ဆို ကျနော်တို့အဖွဲ့စတည်းချတဲ့ ၁၀၁ လမ်းအိမ်ရဲ့ ထမင်းပေါင်းအိုးက သိပ်မကောင်းတော့ဘူးလေ။
ကလေးသာသာရှိသေးတဲ့ ကျနော်ကတော့ ငါတို့အဖွဲ့အတွက် ပေါင်းအိုးရပြီဆိုပြီး ဝမ်းသာအားရယူလာတာပဲ။ဒီရောက်တော့ကိုပေါ့်စကားကို မလွန်ဆန်ရဲလို့ သာ သူပြောတဲ့ အတိုင်းလုပ်ခဲ့ရတာ။ ဒါပေမယ့် နောင်တချိန်ကျမှပဲ နိုင်ငံတော်ပိုင်ပစ္စည်းကို ကျနော်တို့ တရားမ၀င် သုံးစွဲတာကိုမကြိုက်လို့တားမြစ်တဲ့  ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ရဲ့  ပြတ်သားကင်းရှင်းမှု  ကျနော် သဘောပေါက်မိပါတယ်။

ကိုပေါ်က မာန်မာနမရှိတဲ့ ခေါင်းဆောင်ပါ။ ကိုပေါ့်ကို ဒလမြို့မှာရှိတဲ့ မနီလာကဖိတ်လို့ ဒလသစ်တောဝင်းထဲမှာ ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ အနေအထားမျိုးမဟုတ်ဘဲ အစိုးရ၀န်ထမ်းတွေကို တရားသွားဟောဖူးပါတယ်။ ကိုပေါ့် နိုင်ငံရေးတရားကို နားထောင်ပြီး အကုန်လုံး ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ကုန်တာ ကျနော့်မျက်မြင်ပါ။ ဒလသစ်တောဝင်းမှာ ဟောပြောတာထဲက ကျနော်မှတ်မိတာ .. "ကျနော် ညညဆို အိပ်မရပါဘူး ကျနော်အိပ်လိုက်တာနှင့် သွေးတွေရွဲနေတဲ့ ၀တ်ရုံတွေ လွှမ်းခြုံထားတဲ့ ကျောင်းသားလေးတွေက ကျနော်နားကို ရောက်လာပြီး အကိုကြီး ဒီမိုကရေစီ တောင်းပေးပါလို့ လာပြောနေကြတယ် သူတို့လေးတွေမျက်နှာမှာ မျက်ရည်တွေ စီးကြောင်းတွေနှင့် ကျနော်ကို အားကိုးတကြီး လာလာပြော နေကြတယ်။ တိုက်ပွဲဝင်ကျောင်းသားလေးတွေ ကလေးတွေရဲ့ ၀ိညာဉ်တွေက ညညဆို ကျနော်နားမှာ ၀ိုင်းရံနေကြတယ်ဗျာ သူတို့လေးတွေ မကျွတ်လွတ်သေးဘူး တိုက်ပွဲဝင်နေတုန်းပဲ။" လို့ ကိုပေါ် ဟောပြောတာကို နားထောင်တဲ့ လူတွေ အကုန်လုံး မျက်ရည်တွေကျပြီး ငိုကုန်ကြတယ်။

ကိုပေါ် အမြဲတမ်း ပြည်သူတွေအတွက် ပူပင်သောကရှိတယ်။ သူဟာ တာဝန်ရှိတဲ့ အာဏာပိုင်တယောက် မဟုတ်ပေမယ့် သူ့ကိုယ်သူ ပြည်သူတွေအတွက် တာဝန်ယူထားတဲ့ ပြည်သူ့ဖက်က ရပ်တည်တဲ့ ကျောင်းသားခေါင်းဆောင်ပါ။  စီမံကိန်းရပ်ကွက်ကလူတွေကိုနှင့် ခေါင်းဖြတ်မှုဖြစ်ကြတော့လဲ ကိုပေါ် ငွေကြာယံ ကျောင်းတိုက်ကို လိုက်သွားပြီး။ သံဃာတော်တွေတောင် ထိန်းမရတော့တဲ့ လူအုပ်ကြီးကို လိုက်လံတားမြစ်တဲ့ အလုပ် အန္တရာယ်များလှတတာကို ကိုပေါ် မကြောက်မလန့်လုပ်တာ။ လိုက်ပါသွားတဲ့ ကျနော့်ဂုတ်တွေယားနေတာ ကျနော်ငယ်ကလဲငယ်တော့ တော်တော်ကြောက်တာ။ သွေးဆူနေတဲ့ လူအုပ်ကြီးလက်က သတ်မယ့် လူတွေကို တောင်းယူရတာ ကျနော်ဖြင့် ကြောက်လိုက်တာဗျာ။ တိုးမပေါက် ကျပ်ညပ်နေတဲ့ ဓါးကိုယ်စီ လူတွေထဲ တိုးပြီး။ အဆင်ပြေစွာဖြင့် လူအုပ်ကြီးထံက အသက်ခံရတော့မယ့်။ မဆလပါတီ ထောက်လှမ်းရေးက ဆေးကြွေးပြီး ရပ်ကွက်မီးလိုက်ရှို့ ခိုင်းလိုက်တဲ့ စစ်မှုထမ်းဟောင်းတွေ အသက်ခံရမဲ့ ဆဲဆဲ အသက်ကို ပြန်ရလိုက်ပါတယ်။ ကိုပေါ်ဟာ ပြည်သူ့အချစ်ကိုရတဲ့ ပါရမီရှင် ခေါင်းဆောင်တဦးပါ။ သူစကားပြောလိုက်ရင် အကုန်ငြိမ်းချမ်းသွားရတယ်။

ကျနော်ကိုပေါ့်ကို ချစ်တဲ့ အခြားအချက်တခုရှိပါသေးတယ်။ အဲဒါက ကိုပေါ့် ကိုနောက်ပိုင်းမှာ စီးပွါးရေးလုပ်ငန်းရှင် တဦးက( အမည်မဖေါ်တော့ဘူး) ကားစီစဉ်ပေးထားတော့ သွားလေရာ ကားနှင့် ဖြစ်လိုက်ပါသေးတယ်။ ကိုပေါ်အဲလိုဖြစ်နေတဲ့ကာလမှာ ကျနော်နှင့် ကျနော်တို့ သူငယ်ချင်းသုံးရောက် ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်း မီးပွိုင့်မှာ လမ်းဖြတ်ကူးနေတာကိုလည်း သူတွေ့ရော ချက်ချင်းပဲ ကားကို ပြန်လှည့်ခိုင်းပြီး ကျနော်တို့ကို ကားပေါ်အတင်းတက်ခိုင်းပါတော့တယ်။ တနေကုန်နေပူထဲ သွားလာလို့ နံစော်နေတဲ့ ကျနော်တို့ကို
နေရာမဆန့်ပေမယ့်လည်း ကျပ်ကျပ်တည်းတည်း တိုးဝှေ့တင်ပြီး ကျနော်တို့ သွားမယ့် နေရာကို လိုက်ပို့ပါတယ်။  ကားပေါ်မှာလည်း ကိုပေါ်ကကျနော့ကို ချစ်ခင်ဖေါ်ရွေစွာ တလမ်းလုံး လည်ပင်းဖက်ထားလေတော့ ကားပိုင်ရှင်ခင်မြာ မနှစ်မြို့တဲ့ မျက်နှာပေးနဲ့ပဲ ကျနော်တို့  တလေးတစား ဆက်ဆံခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။
အာဏာမသိမ်းခင် တညအလိုမှာ ဆေးလိပ်ခုံတခုမှာ ကျနော်ကို ခေါ်တွေ့ပြီး။ ကိုပေါ်က လပွတ္တာမြို့ကို ဆန်အိတ်တွေ သယ်ဖို့ တာဝန်ပေး လွှတ်လိုက်လို့ ကျနော် အာဏာသိမ်းတဲ့နေ့က ရန်ကုန်မြို့ လမ်းမပေါ် ရှိမနေပါဘူး။ ဒါပေမယ့် ဧရာဝတီမြစ်ထဲမှာ ကိုစိန်ဖေတင်၊ ပေါက်စီတို့ နှင့် ကျနော်တို့ တာဝန်ခံပြီး ဧရာဝတီကော်ပရေးရှင်းက ထုက်သွားတဲ့ ဗညားဒလ သဘောင်္တစီးနှင့် (၁၅) ရက်လောက် စစ်တပ်နှင့် နဘန်းလုံးနေတဲ့ အဖြစ်လဲရေးပါ့မယ်။ ရန်ကုန်က မရှိဆင်းရဲသားတွေအတွက် ဆန်ဝေမယ့် အစီစဉ်နှင့် ဆန်သယ်သွားတဲ့ ကျနော်တို့ကို စစ်တပ်က လိုက်လံ သတ်ဖြတ်ဖို့ ကြိုးစားပြီး ဆန်တွေသိမ်းယူသွားတဲ့ အကြောင်းပါ။


ကျနော်စဉ်းစားပြီး ဆက်ရေးပါဦးမယ်။ နောက်ပိုင်း အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးကာလတွေမှာ ကျနော်နဲ့ ကိုပေါ်အတွက် အမှတ်တရတွေ ရှိပါသေးတယ်။ ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၂) ဆိုပြီး ဆက်ရေးပါဦးမယ်။

 ကျနော်ကိုယ်တွေ့ မင်းကိုနိုင် ဆိုတဲ့ ခေါင်းဆောင်က ဘယ်လိုလူသားလဲဆိုတာကို မသိသေးတဲ့ ညီငယ် ညီမငယ်များကို အထူးပြုပြီး ရေးခြင်းဖြစ်ပါတယ်။

ခင်မင်လေးစားလျက်
ရဲမင်းထွန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....