Thursday, September 1, 2011

ရန်ကုန်သို့ ၀င်ရောက်ရန်ကြိုးစားခဲ့သော ဘင်္ဂါလီလူမျိုး ၁၄ ဦးအား လူဝင်မှု ကြီးကြပ်ရေးမှ ၀င်ခွင့်မပြု

နေလင်း(မြစ်မခ)    သြဂုတ်လ ၃၁၊ ရန်ကုန်မြို့။

ပြည်မြို့မှ တစ်ဆင့် ရန်ကုန်သို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သော ဘင်္ဂါလီလူမျိုး ၁၄ ဦးအား ရန်ကုန်မြို့၊ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့မှ ရန်ကုန်မြို့တွင်းသို့ ၀င်ခွင့်မပြုဘဲ၊ မှော်ဘီဂိတ်မှပင် ပြည်မြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၂၉ ရက်နေ့၊ အမှတ်လေးလမ်း မှော်ဘီ အဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အဆိုပါ ဘင်္ဂါလီလူမျိုး မိသားစုဝင် ၁၄ ဦးအား ကုန်တင်ကားဖြင့် ခေါ်ဆောင်လာခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နောက်တစ်ရက်တွင် ၄င်းတို့အား မူလလာရောက်ရာ ပြည်မြို့သို့ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီလူမျိုး ၁၄ ဦးသည် ပြည်မြို့မှ ရန်ကုန်သို့ ကုန်တင်ပို့သည့် ကုန်တင်ကားတစ်စီးအတွင်း လိုက်ပါလာကြခြင်းဖြစ်ပြီး ယာယီမှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ထားသူများ ဖြစ်ကြောင်း စစ်ဆေးရေး အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။
``အမှုဖွင့်တာ မရှိလိုက်ပါဘူး။လူဝင်မှု ကြီးကြပ်ရေးက စစ်ဆေးတဲ့ အခါ ယာယီမှတ်ပုံတင် ကဒ်ပြားကိုင်ထား သူတွေလို့ သိရပါတယ်။မနေ့ကပဲ ပြည်ကို ပြန်ပို့လိုက်ပါပြီ´´ ဟု မှော်ဘီမြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိက ပြောသည်။
အဆိုပါ ဘင်္ဂါလီလူမျိုး ၁၄ ဦးသည် မိသားတစ်စု အနေဖြင့် ရန်ကုန်သို့ ၀င်ရောက်ရန် ကြိုးစားခြင်း ဖြစ်ပြီး လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုမဟုတ်ကြောင်း မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူကုန်ကူးခြင်းကို တိုက်ဖျက်သည့် ကုလသမဂ္ဂစီမံချက်(UNIAP Myanmar)မှ စီမံချက် အရာရှိ မဥမ္မာအိအိချောကပြောသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် တွင်ဘင်္ဂါလီလူမျိုး အများစုနေထိုင်ကြပြီး လွတ်လပ်ရေးမရခင်ကပင် အစဉ်အဆက်နေထိုင်ကြသူများရှိရာ ၄င်းတို့မှာ နိုင်ငံသာဥပဒေအရ နိုင်ငံသားခံယူခွင့်၊ဧည့်နိုင်ငံသား တို့အနေဖြင့် နေထိုင်ကြခြင်းဖြစ်ကြောင်း၊ နောက်ပိုင်း ၀င်ရောက်လာသူများမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မဲပေးစဉ်ကာလအတွင်း မဲပေးခွင့်အတွက် ထုတ်ပေးထားသည့် ယာယီ မှတ်ပုံတင်ကဒ်ပြားများဖြင့် နေထိုင်နေကြခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ..... တိုးတက်ရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် ဘင်္ဂါလီလူမျိုးများ ခရီးသွားလာခွင့် အတွက် ခရီးသွားလာခွင့်ကို ပိတ်ပင်ထားခြင်းမရှိပဲ ခရီးသွားလာခွင့်ပုံစံ ၄ ပါရှိပါက သွားလာခွင့် ပြုထားကြောင်း၊ အဆိုပါ အဆိုပါခရီးသွားလာခွင့် ပုံစံ ၄ သည် သက်ဆိုင်ရာ ပြည်နယ်အတွင်း မြို့နယ်ကျော်သွားမည်ဆိုပါက မြို့နယ်ဦးစီးမှုး၊ခရိုင်ဦးစီးမှုး၊ ပြည်နယ်ဦးစီးမှုးများထံတွင် လျှောက်ထား သွားလာနိုင်ပြီး ပြည်နယ်ကျော်သွားမည် ဆိုပါက ပြည်နယ်မှုး၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့သို့ တင်ပြခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက သြဂုတ် ၃၀ ရက်တွင် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မေးမြန်းမှုကို ပြန်လည် ဖြေကြားထားသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....