Saturday, June 25, 2011

နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဗုံးဆက်တိုက်ကွဲ

ရန်ပိုင် | နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ယနေ့ နေ့လယ်၌ ဆက်တိုက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသည်။

နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ နေအိမ် တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံး ပေါက်ကွဲကြောင်း သိရသည်။

မန္တလေးတွင် ကားဗုံးကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / Facebook)
သပြေကုန်း ရပ်ကွက်အတွင်း နေထိုင်သူတဦးက “အရမ်းပြင်းတော့ အိမ်အမိုး လန်သွားတယ်။ လူတွေလည်း ရုတ်ရုတ် သဲသဲ ဖြစ်ပြီး ပြေးကြလွှားကြနဲ့” ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေကျေမှု သတင်းအတိအကျ မသိရသေးကြောင်း၊ လုံထိန်းများနှင့် ရဲများ ရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားကြောင်း ၎င်းဒေသခံက ပြောသည်။

တဆက်တည်းတွင် မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချို ဟိုတယ် ရှေ့တွင်လည်း နေလယ် ၁၂ နာရီခန့်က ကားဗုံး တလုံး ပေါက်ကွဲသည်။

ဂျစ်ကားပေါ်တွင် ထောင်ထားသည့် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး နှစ်ဦး ဒဏ်ရာရကြောင်း၊ မြို့နယ်အာဏာပိုင်များနှင့် ရဲများ၊ လုံခြုံရေး တာဝန်ရှိသူများ၊ မီးသတ်များက ပေါက်ကွဲမှု ဖြစ်သည့် အနီးတ၀ိုက်ကို ပိတ်ဆို့ထားကြောင်း မန္တလေး ဒေသခံတဦးက ပြောသည်။

“အသံကြီးက ကျယ်တယ်။ ထရန်စဖော်မာ ပေါက်တယ်ထင်တာ။ ဈေးချိုက ဥပုသ်နေ့ဆိုတော့ ပိတ်ထားလို့။ ဖွင့်ရင်တော့ မလွယ်ဘူး” ဟု ဆိုသည်။

ယင်းကားဗုံးပေါက်ကွဲမှုအားသည် ကြီးမားကြောင်း၊ အနီးနား အဆောက်အဦးမှ ပြတင်းပေါက် မှန်များလည်း ကွဲကုန်ကြောင်း သိရသည်။

ထို့နောက် နေ့လယ် ၂ နာရီခန့် တွင် မန္တလေးမြို့ ၃၁ လမ်းနှင့် ၃၂လမ်းကြား၊ ၈၄ လမ်းမကြီးပေါ်ရှိ စိန်စပယ်ဖူး ရွှေဆိုင်အနီးတွင် ဗုံးတလုံးထပ်မံ ရှာဖွေတွေ့ရှိခဲ့ရာ ၃ နာရီ ကျော်ကျော်တွင် ဗုံးရှင်းလင်းရေးအဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး ရှင်းလင်းလိုက်ကြောင်း သိရသည်။

ယင်းဗုံးပေါက်ကွဲမှုများ ဖြစ်ပြီး မကြာမီတွင်ပင် ပြင်ဦးလွင်မြို့၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃၊ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး အိမ်ပြိုကျသွားသည်ဟု သိရှိရသည်။

မြို့ ၃ မြို့တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲနေသည့်အတွက် ပြည်သူများအကြား ထိပ်လန့်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက “ဗုံးတွေက ဟိုနားဒီနားမှာ တွေ့နေရတော့ လူတွေကတော့ လန့်နေကြတယ်။ ဒါပေမယ်လည်း သွားစရာလာ စရာရှိတော့လည်း သွားနေရတာပေါ့” ဟု ဆိုသည်။


တခြား မန္တလေးမြို့ခံတဦးကလည်း “လူသွားလူလာများတဲ့ ကျောင်းဆင်ချိန်မှာ နောက်ထပ်ဗုံးဆိုတော့ လန့်နေကြတာပေါ့” ဟု ပြောသည်။

ဗုံးပေါက်ကွဲသည့် နေရာများသည် မန္တလေးမြို့ အချက်အချာကျသည့် ဈေးချိုတော်နှင့် စာသင်ကျောင်းများ ရှိသည့် နေရာဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော် မြို့မဈေးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရေနီမြို့ အမှတ် ၅ လေ့ကျင်ရေးတပ်နေ အသက် ၃၅နှစ် အရွယ်ရှိ ကိုအောင်ကိုလတ်ကို ဖမ်းဆီးခဲ့သည်။

ထိုသို့ဗုံးပေါက်ကွဲမှုများတွင် မည်သည့် အဖွဲ့အစည်းကမှ မိမိတို့ လက်ချက်ဖြစ်ကြောင်း ၀န်ခံခြင်း မရှိသော်လည်း အစိုးရကမူ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အခြားလက်နက်ကိုင်အဖွဲ့များကို စွပ်စွဲရေးသားသည်။

source by : ဧရာဝတီ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....