Sunday, June 12, 2011

ထောင်ဝင်စာ ဆိုတာ လူ့အသည်းနှလုံးတွေ ကြေပြုန်းရတဲ့နေရာ

by Sophia Sofia Chan on Friday, June 10, 2011 at 10:43pm
ဗမာအို ကျောင်းကြိုကျောင်းကြားလို့ အဆိုရှိပေမယ့် ကိုခွန်မြင့်ထွန်း ရဲ့ မိခင်ကြီးကတော့ စစ်အာဏာရှင် စနစ်ကြောင့် ပင်လယ်မြစ်ချောင်း တောင်အသွယ်သွယ်ကိုဖြတ်သန်းပြီး ထောင်ဝင်စာတွေ့ခဲ့ရပါတယ်။

လေးစားရတဲ့သောတရှင်များရှင်
လူ့ဘ၀ခရီးတွေထဲမှာ အကြောင်းအရာမျိုးစုံရှိပါတယ်။ ဒီခရီးတွေထဲကထောင်ဝင်စာဆိုတဲ့ ခရီးမျိုး တခြားနိုင်ငံတွေမှာ ရှိမယ်မထင်ပါဘူး။ ကျမတို့မြန်မာနိုင်ငံမှာတော့ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေမှာရှိတဲ့ ကိုယ့်မိသားစုဝင်တွေကို ထောင်ဝင်စာတွေ့နိုင်ဖို့ သွားနေကြရပါတယ်။ မြန်မာပြည်ရဲ့ အစွန်အဖျားနေရာတွေမှာ ထောင်တွေဆောက်ပြီး အကျဉ်းကျသူကိုရော သူ့ရဲ့မိသားစုကိုပါ ဒုက္ခရောက်အောင် စစ်အာဏာရှင် စနစ်တကျ ပြင်ဆင်ခဲ့တာပါ။ အကျဉ်းကျနေသူလဲထောင်ရဲ့ အခက်အခဲ၊ ဒေသရဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုကို ယုံကြည်ချက်နဲ့ ကြံ့ကြံ့ခံပြီး အကျဉ်းထောင်ထဲမှာ တိုက်ပွဲဝင်ကြပါတယ်။ အကျဉ်းကျမိသားစုကလည်း ကိုယ့်မိသားစုအပေါ်မှာ ထားတဲ့ချစ်ခြင်းမေတ္တာနဲ့ ထောင်ဝင်စာတွေ့နိုင်ဖို့ အပြင်မှာ ရုံးကန်တိုက်ပွဲဝင်ကြပါတယ်။

နိုင်ငံရေးသမားတွေကို ၁၉၉၈ မှာ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေစီကို ပြစ်ဒဏ်တွေ အများကြီးနဲ့ ပို့လိုက်တော့ အပြင်မှာကျန်တဲ့ မိသားစုတွေကို ကြည့်ပြီး ကဗျာဆရာကြီး ဦးတင်မိုးက.....
ရဲဘော်တွေက အကျဉ်းထောင်ထဲမှာနေရသလို ကျန်တဲ့ မိသားစုတွေက မိတ်ဆွေပိုများတော့ အကျယ်ထောင်ပို့ သမီးရယ်လို့ မချိတင်ကဲ အားပေးပါတယ်။ ကျမတို့ကလည်း လူချင်းဘယ်လောက်ဝေးဝေး စိတ်ချင်းနီးဖို့ကအဓိကလို့ကြွေးကြော်ပြီး ထောင်ဝင်စာ တွေ့ဖို့ ကြိုးစားကြပါတယ်။ ကျမတို့ကို ကြည့်ပြီး မလိုသူတွေက ခြေညောင်းကြွေးတင်လို့ ကွယ်ရာမှာ စကားတင်းဆိုကြပါတယ်။

သထုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ကိုခွန်မြင့်ထွန်းရဲ့ မိခင် အသက် ၇၀ ကျော် အမေအိုက သထုံမြို့ကနေ စစ်တွေမြို့ ဘူးသီးတောင် ထောင်အထိသွားတွေ့ရတဲ့အကြောင်း ကျမပြောပါရစေ။ ဗမာအို ကျောင်းကြိုကျောင်းကြားလို့ စကားပုံရှိပေမယ့် အမေကြီး ကတော့ စစ်အာဏာရှင် စနစ်ကြောင့် ပင်လယ်မြစ်ချောင်း တောတောင်အသွယ်သွယ်ကို ဖြတ်သန်းပြီး ထောင်ဝင်စာ တွေ့နေရပါတယ်။ သားဆိုတဲ့ အင်အားနဲ့ အမေအိုက ခရီးကြမ်းကို ကျော်ဖြတ်ခဲ့တယ်။ မိခင်တစ်ယောက်ရဲ့အားမာန်၊ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်း၊ မိခင်တစ်ယောက်ရဲ့ မေတ္တာဇောက ကြီးမားလေတော့ ခရီးမိုင်အများကြီးကို ကျော်လွှားနိုင်ခဲ့ပါတယ်။ အမေကြီးက သထုံကနေ သားဖြစ်သူကို တွေ့နိုင်ဖို့ မန္တလေး၊ ကလေးထောင်တွေဆီကို သွားခဲ့ဖူးပါတယ်။ ကလေးအကျဉ်းထောင်ကနေ ဘူးသီးတောင်ထောင်ကို ပို့လိုက်တော့ အမေကြီးက သိပ်ကို စိုးရိမ်သွားပါတယ်။ ကျမကို သူနဲ့ အဖော်လိုက်ဖို့ခေါ်ခဲ့တာပါ။ ငါ့သားတော့ ဒုက္ခရောက်ပြီ၊ မြင့်ထွန်းတော့ ဒုက္ခရောက်ပြီလို့ပြောပြီး ဘူးသီးတောင် ထောင်ကိုသွားဖို့ကျိုးစားပါတယ်။
ရန်ကုန်ကနေ စစ်တွေကို ဘယ်လောက်ကြာကြာ ကားစီးရမယ်ဆိုတာ၊ စစ်တွေကနေ ဘူးသီးတောင်ထောင်ကို ဘယ်လိုသွားရမယ်ဆိုတာ ခန့်မှန်းခြေတောင် ကျမတို့သိတာမဟုတ်ဘူး။

ကမ္ဘာ့ကြက်ခြေနီကလည်း ဘူးသီးတောင်ထောင်ဆိုတာ ရှိလို့လားလို့ပြန်မေးရတဲ့အထိပါ။ ဘူးသီးတောင် အကျဉ်းထောင်ကို နိုင်ငံရေးအကျဉ်းသားအနေနဲ့ ကိုခွန်မြင့်ထွန်းကို အရင်ဆုံးပို့ခဲ့တာပါ။ ထောင်ဝင်စာအနေနဲ့လည်း အမေကြီးနဲ့ ကျမ ပထမဆုံးတွေ့ခဲ့ရတာပါ။ စော်ဘွားကြီးကုန်းကနေ စစ်တွေကားကို ပထမ စီးရတာပါ။ ကားခ တစ်ယောက်ကို ၆၀၀၀ ကျပ်ပေးရပါတယ်။ ကျမတို့ကားက နေ့လည်တစ်နာရီမှာ စထွက်ပါတယ်။ မှတ်မှတ်ရရ (၂၈၊၉၊၂၀၀၂) ကစသွားတာပါ။ ရန်ကုန်ပြည်လမ်း ကားလမ်းကောင်းပေမယ့် ကားဒိုင်နမိုမကောင်းလို့ ဥသျှစ်ပင်လမ်းခွဲမှာ တစ်ည အိပ်ရပါတယ်။ တောင်ကုတ်၊ ဘက်ရဲ၊ မင်းတုန်း လမ်းသုံးခွ ဆုံတဲ့နေရာမှာ အိပ်ရတာပါ။ အိပ်ရတော့လည်း ယောက်ျားလေးတွေက ကတ္တရာလမ်းပေါ်မှာ ပုဆိုးခင်းအိပ်ပြီး ကျမတို့အမျိုးသမီးတွေက ကားပေါ်ငုတ်တုတ်ငိုက်ရပါတယ်။ လမ်းခရီးမှာ ကားပျက်တာ လမ်းပျက်တာကို ပြန်တွေးမိရင် အသည်းတထိတ်ထိတ် ရင်တဖိုဖို။ တူသံ ဂွသံကိုလည်း မကြားရဲ သလောက်ပါ။ တောတောင်တွေကို ကားရှေ့မီးတစ်လုံးတည်းနဲ့ ဖြတ်ခဲ့ရသလို ဘက်ထရီဒေါင်းသွားလို့ ရှေ့ဆက်မသွားရဲပဲ တောထဲအိပ်ရတာ။ ဗွက်တွေထနေတဲ့လမ်းကို ကားကရုန်းတော့ ကားစက်သံက တတောလုံး ဆူညံသွားပါတယ်။ ဗွက်ထနေတဲ့ အမ်းလေယာဉ်ကွင်းကိုလည်း ကားနဲ့ ခက်ခက်ခဲခဲ ဖြတ်ခဲ့ရတယ်။ ကားပျက်လို့လမ်းပျက်လို့ ထမင်းသုံးနပ် ငတ်ခဲ့ရတယ်။

တောတောင်ထဲမှာ မီးရောင်နီနီလေးကို မြင်ရင် အားရှိသွားရတဲ့အဖြစ်ကလည်း တကယ့်ကို အမှတ်ရစရာပါ။ လူတွေ ရပ်ရွာတွေကို တွေ့ရင် ၀မ်းသာအားရဖြစ်ရတဲ့ အဖြစ်အပျက်မျိုး ကြုံဖူးသူမှ သိလိမ့်မည်။ လမ်းပျက်၊ ကားပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ စိတ်အားငယ်ပြီး ကြောက်စိတ် ဆိုးရိမ်စိတ်တွေ များသွားတာလည်း ဖြစ်ပါလိမ့်မယ်။ တောထဲတောင်ထဲ တစ်ခုခုဖြစ်ရင် ကယ်သူဝေးရတဲ့ အဖြစ်မျိုး။ ဆေးရုံမပြောနဲ့ ဆေးခန်းတောင်မရှိတဲ့ ကျေးလက်ရွာတွေကို ဖြတ်တော့ ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိတ်လန့်အံ့သြခဲ့ရပါတယ်။ တနေရာမှာတော့ လူနာကို ပုခက်နဲ့ ထမ်းပြီး ဆေးကုဖို့သွားနေတဲ့ လူမာနဲ့ လိုက်ပို့သူတွေရဲ့ သောကအပူကို ကြည့်ပြီး ကျမတို့ရဲ့ တဒင်္ဂအပူကိုမေ့သွားရပါတယ်။ ကျမတို့ ပုသိမ် မုံရွာလမ်းမကြီးကို ခက်ခက်ခဲခဲဖြတ်ပြီးမှ စစ်တွေကို ခက်ခက်ခဲခဲ လေးရက်မြောက်နေ့မှ ရောက်ပါတော့တယ်။ စစ်တွေရောက်ပြီး နောက်ေ်န့မနက် ရှစ်နာရီမှာ ဘူးသီးတောင်ကို သင်္ဘောစီးပြီး သွားရပါတယ်။ လမ်းခရီး ပင်ပမ်းမှူကြောင့် အမေကြီးဆို နွမ်းကျသွားပါတယ်။ သားဇောနဲ့ စိတ်ဆောင်နေလို့သာ ရှေ့ခရီးကို ဆက်နိုင်ခဲ့တာပါ။

သောတရှင်များရှင်
မြန်မာပြည်ရဲ့ ဝေးလံခေါင်သီတဲ့နေရာတွေမှာ အကျဉ်းခန်းတွေဆောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ပုဒ်မ အမျိုးမျိုးတပ်ပြီး အကျဉ်းချထားပါတယ်။ စစ်အာဏာရှင်က နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးကွာအောင် မိသားစုက လိုက်မတွေ့နိုင်အောင် ရက်စက်စွာ ပြုမူလုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုအကျဉ်းထောင်တွေဟာ သူရဲကောင်းတို့စုဝေးရာအရပ်၊ ဦးညွှတ်ရာအရပ်ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် စစ်အာဏာရှင် စနစ်ကို ခေါင်းငုံ့မခံဘူးဆိုတာ ပြသနေတာပါ။ နိုင်ငံရေး အကျဉ်းသားတွေက စစ်အာဏာရှင်ကပေးတဲ့ မတရားမှူတွေကို ဆန့်ကျင်တိုက်ခိုက်ရသလို သဘာဝတရားကိုလည်း လည်စင်းမခံဘဲ တွန်းလှန်ရပါတယ်။

စစ်ကိုင်းတိုင်းကလေးမြို့အကျဉ်းထောင်ကို ၁၉၉၈ မှာ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၈ မှာ ပြစ်ဒဏ်အများဆုံး ၁၄ နှစ်ပါ။ ဒီနောက် ၁၉၉၉ မှာ ကျောင်းသားလူငယ်တွေကို ပြစ်ဒဏ်အများဆုံး ၅၉နှစ်၊ ၅၇နှစ်၊ ၄၂နှစ် ချမှတ်ပြီး ကလေးမြို့ အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။ ၁၉၉၉ မှာ ပြစ်ဒဏ်အများဆုံး ၅၉ နှစ်ကျခံရတဲ့ ဒဂုံးတက္ကသိုလ် ကျောင်းသား ကိုအောင်အေး ကို ကလေးဝဆိတ်ကမ်းမှာ သွားကြိုခဲ့တဲ့ အကျဉ်းဦးစီးက ၀န်ထမ်းတွေ လူသက်နဲ့ ထောင်သက်မှားကုန်ကြတယ်။ သားသမီးချင်း ကိုယ်ချင်းစားတဲ့ ၀န်ထမ်းတစ်ချို့က စုတ်တသပ်သပ်နဲ့ စိတ်ထိခိုက်ကြတယ်။

စစ်အာဏာရှင်က မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ကမ္ဘာကိုလိမ်ညာပြီး နိုင်ငံရေး အကျဉ်းသားတွေကို သီးသန့်အကျဉ်းသားလို့ဆိုပါတယ်။ လိမ်ညာလှည့်ဖျားနေတဲ့ နေရာမှာ စံပြုရမယ့် စစ်အာဏာရှင်က ကလေးမြို့အကျဉ်းထောင်မှာ ငှက်ဖျားဝေဒနာခံစား ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဆေးမှတ်တမ်းမှာ ချမ်းတုန်ဖျားလို့ပဲ ရောဂါကို သေးအောင်လုပ်ရေးပါတယ်။ ငှက်ဖျားရောဂါ မရှိဘူးလို့ ICRC ကမ္ဘာ့ကြက်ခြေနီနဲ့ လူ့အခွင့် အရေးစောင့်ကြည့်သူတွေကို မုသားသုံးခဲ့ပါတယ်။

အသက်အန္တရယ်ထိခိုက်စေတဲ့ အထိ ငှက်ဖျားရောဂါ ပြင်းထန်တဲ့ ကလေးအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သထုံမြို့နယ် အမျိုးသမီး ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုခွန်မြင့်ထွန်း အကြောင်း ကျမပြောပါရစေ။ လူတစ်ယောက်အတွက် အဓိကလိုအပ်ချက်ဟာ ကိုယ်ပိုင်အတွေးအခေါ်ရင့်ကျက်မှူ၊ ပြည့်ဝမှူ၊ ဖြောင့်မတ်တည်ကြည်မှူ ဒါတွေနဲ့ လူ့ဘ၀ကို ရင်ဆိုင်ရတာလို့ပြောတဲ့ ကိုခွန်မြင့်ထွန်းက ဘူမိဗေဒနှင့် ကျောင်းပြီးခဲ့ပါတယ်။ ဒီပညာရေးကို သူ့မိဘ လုပ်အားတွေနဲ့ သင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဘူမိဗေဒ ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တဲ့ ကိုခွန်မြင့်ထွန်းက ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင်မှာ မိုးကုတ်မြို့မှာ ကျောက်တူးပြီး ကျူရှင်ဆရာလုပ်ခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီး နိုင်ငံနှင့်အ၀ှမ်းပျံ့နှံ့လာတဲ့အခါ မိုကုတ်မြို့အထိရောက်ရှိလာခဲ့ပါတယ်။

အဖြူအစိမ်းဝတ်ကျောင်းသားကျောင်းသူလေးတွေ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကြီးကိုင်ပြီး မြို့အနှံ့ဆန္ဒပြကြတယ်။ ဒီကလေးတွေကို မြင်တော့ ကိုခွန်မြင့်ထွန်း စာသင်တာရပ်ပြီး ကျောင်းသားကျောင်းသူတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။ စိတ်ဓာတ်ပြင်းထန်လာရင် အခက်အခဲ ကို ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ မိုကုတ်ကနေ မန္တလေးအထိ ရောက်လာပြီး အရေးတော်ပုံကြီးကို ဆက်လက်ဆင်နွှဲခဲ့ပါတယ်။ မန္တလေးမှာ ဘုန်းကြီးကျောင်းတစ်ခုမှာ တည်းခိုပြီး လူထုကို နိုင်ငံရေး နိုးကြားစေမယ့် တရားပွဲတွေကိုလိုက်ပြီး နားထောင်ပါတယ်။ စင်အောက်က နားထောင်သူကို စင်ပေါ်မှာ ဟောပြောသူဖြစ်အောင် ရဟန်းသံဃာ တွေက ခွန်မြင့်ထွန်းကို တိုက်တွန်းခဲ့ပါတယ်။ ဘုန်းကြီးတွေက ကျနော့်ကို မှာလိုက်တယ်။ စင်ပေါ်ရောက်လို့ ကိုယ်ပြောတဲ့စကားကို ပရိတ်သတ်ကနားထောင်ပြီး လက်ခုတ်မနားတမ်းတီးရင် ဆင်းလာခဲ့တော့၊ လက်ခုပ်တိုတိုတီးရင်ဆက်ပြောလို့သင်လိုက်တယ်။ ဒါကြောင့်ထင်တယ်၊ န၀တ၊ နအဖ ဆန္ဒခံယူပွဲတွေမှာ လူထုက လက်ခုပ်အရှည်ကြီးတီးတာတဲ့။

သထုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် စာရင်းတင်သွင်းဖို့ သထုံမြို့နယ်ကပဲ ကိုခွန်မြင့်ထွန်းကို ၀ိုင်းဝန်းထောက်ခံခဲ့ပါတယ်။ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ သူ့ကို လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်တဲ့နောက် အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ်နဲ့ သူမြဲအောင်ရပ်ခဲ့ပါတယ်။

၁၉၉၆ မေလ ၂၀ ရက်နေ့မှာ ကိုခွန်မြင့်ထွန်း အဖမ်းခံလိုက်ရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံထဲမှာ ၆ နှစ်မြောက်ရွေးကောက်ပွဲနှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်မှာလားလို့ သထုံမြို့နယ် စစ်ထောက်လှမ်းရေးက မေးခဲ့တယ်။ စစ်ထောက်လှမ်းရေးက ဒီအစည်းအဝေးက တရားမ၀င်ဘူးလို့ ကိုခွန်မြင့်ထွန်းကို ပြောပါတယ်။ ဒီစကားကို ကိုခွန်မြင့်ထွန်းက အခုလို ချေပပြောဆိုခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာသိကြေညာခဲ့တယ်။ ကျနော်တို့လို လူထုက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်သူ့ရဲ့အာဏာအချုပ်အခြာ အာဏာသုံးရပ်စလုံးကို လွှဲအပ်ပေးခဲ့တာ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတာပဲ။ ဒီတော့ ပြည်သူလူထုဆန္ဒအမှန်နဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၆ နှစ်မြောက်ရွေးကောက်ပွဲ အစည်းအဝေးက တရားဝင်ပါတယ်။ ဒါကြောင့်ဒီအစည်းအဝေးကို ကျနော်တက်မယ်။

ကိုခွန်မြင့်ထွန်းစကားအဆုံးမှာ စစ်ထောက်လှမ်းရေးက အခုအချိန်ကစပြီး ခင်ဗျားကို ထိန်းသိမ်းလိုက်ပါပြီတဲ့။ ကိုခွန်မြင့်ထွန်းကို မော်လမြိုင် စစ်ထောက်လှမ်းရေးမှာ ၁၀ ရက်ကြာ ထိန်းသိမ်းပြီး အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ ၅ရက်နဲ့ ၅ည စစ်ကြောရေးလုပ်ပါတယ်။ လုံးဝအိပ်ခွင့်မပေးပါဘူး။ စစ်ကြောရေးမှာ အချက်သုံးချက် အဓိကထားပြီး ဖြေခိုင်းပါတယ်။ အဲ့ဒီအချက်တွေကတော့ အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ်က နှူတ်ထွက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံဘူး၊ အဖွဲ့ချုပ်လူကြီးတွေလုပ်တာ မှားတယ်ဆိုတဲ့ အဖြေကိုရဖို့ အရက်စက်ဆုံးနည်းတွေမေးပြီး သူတို့လိုချင်တဲ့ အဖြေရအောင်လုပ်ပါတယ်။

အဲဒီအချိန်မှာ ၁၉၆၂ ကျောင်းသားခေါင်းဆောင်တစ်ဦးပြောတဲ့ စကားကို ကိုခွန်မြင့်ထွန်း ရင်ထဲစွဲနေအောင်မှတ်ထားရပါတယ်တဲ့။ ဒါကတော့ ယုံကြည်ချက်ခိုင်မာတယ်ဆိုတာ ဘာနဲကတိုင်းတာရသလဲဆိုတဲ့ သူ့မေးခွန်းကို ကျောင်းသားခေါင်းဆောင်က အခုလို ပြန်ဖြေခဲ့ပါတယ်။

ရန်သူ့စစ်ကြောရေးစခန်း အကြပ်အတည်း ဒုက္ခတွေကြားမှာ တချို့ကယုံကြည်ချက်နဲ့ လဲသွားကြတယ်တဲ့။

၅ ရက် ၅ည မနားမနေ အနှိပ်စက်အညှင်းပန်းခံရတဲ့ ကိုခွန်မြင့်ထွန်းက အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်က မနှူတ်ထွက်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်ထောက်ခံတယ်။ အဖွဲ့ချုပ်လူကြီးတွေမမှားဘူး။ ဒါကျနော့ ယုံကြည်ချက်အဖြေပဲ။ သတ်ချင်သတ်လိုက်ဆိုတော့ စစ်ကြောရေးရပ်ပြီး အင်းစိန်အကျဉ်းထောင်ကနေ မန္တလေးအကျဉ်းထောင်ဆီကို ကိုခွန်မြင့်ထွန်းကို ပို့လိုက်ပါတော့တယ်။

သောတရှင်များရှင်
လူအသီးသီက ကိုယ်တိုင်ပြုလုပ်ဖူးတဲ့ ထူးခြားလှတဲ့ ဖြစ်ရပ်တစ်ခုမှာ တွေးတောမိနိုင်စရာ အကြောင်းတရားတွေရှိပါလိမ့်မယ်။ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ထက်မြက်တောက်ပတဲ့ အတွေးအခေါ်၊ ယုံကြည်ချက်တွေကို ပြန်သတိရမိတတ်ပါတယ်။ ကိုခွန်မြင့်ထွန်းလည်း အသက်အငယ်ဆုံး အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပေမယ့် ပြည်သူလူထုအတွက် သူ့ယုံကြည်ချက်ကို အပွန်းမခံဘဲ နှစ်ရှည်ထောင်ဒဏ်၊ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းကိုပဲ ရွေးချယ်လိုက်ပါတယ်။ အတုအယောင် နိုင်ငံရေးသမားမဟုတ်ဘူးဆိုတာ စစ်အာဏာရှင်ကို ကိုခွန်မြင့်ထွန်းက သက်သေပြလိုက်ပါတယ်။

ကိုခွန်မြင့်ထွန်းကို အင်းစိန်အကျဉ်းထောင်ကနေ မန္တလေးအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ မန္တလေးထောက်လှမ်းရေး (၁) က ဂျင်းရှပ်စာစောင်အမှူဆိုပြီး မန္တလေးထောင်တွင်းရုံးမှာပဲ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။ ကိုခွန်မြင့်ထွန်းနဲ့ အမှူတွဲတူ ထောင်ကျခံခဲ့ရတဲ့ ကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသား ဦးဒိုထောင် ဆိုရင် စစ်ကြောရေးက နှိပ်စက်ညှင်းပမ်းလို့ရခဲ့တဲ့ ဒဏ်ရာ မန္တလေးအကျဉ်းထောင်ထဲမှာ တော်တော်နဲ့ မပျေက်ဘူးလို့ ကိုခွန်မြင့်ထွန်းက ပြောပါတယ်။

ကျနော်နဲ့ ဦးဒိုထောင်တွေ့တဲ့အချိန်မှာ ဦးဒိုထောင် နားရွက်ထဲမှာ သွေးခဲတွေ။ ဦးစိန်မြင့်၊ ဦးဇောတိဗလ တို့မှာလည်း တကိုယ်လုံး ကြိမ်လုံးရာတွေ။ စစ်ကိုင်းဦးကျော်သောင်းနဲ့ ကလေးမြို့နယ် အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဘမင်းတို့မှာလည်း ဒဏ်ရာတွေအများကြီးပဲ။ စစ်ကြောရေးမှာ နှိပ်စက်ခံရတာ။

မန္တလေးအကျဉ်းထောင်ထဲမှာ ရွေးကောက်ပွဲ ၁၀ နှစ်ပြည့်လုပ်လို့ အာဏာပိုင်က ကိုခွန်မြင့်ထွန်းကို ကလေးမြို့ အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ကလေးမြို့သား ဦးဘမင်းကိုတော့ မန္တလေးအကျဉ်းထောင်ကနေ မြစ်ကြီးနား အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ကလေးမြို့ အကျဉ်းထောင်မှာ ကိုခွန်မြင့်ထွန်းက အာဏာပိုင်ကို အစာငတ်ခံ ဆန္ဒပြလို့ ကလေးအကျဉ်းထောင်ကနေ စစ်တွေမြို့ ဘူးသီးတောင်ထောင်ကို ပို့လိုက်ပါတယ်။ ဒီအကြောင်းကို ကိုခွန်မြင့်ထွန်းက အခုလိုပြောခဲ့ပါတယ်။

ကျနော့ကို ကလေးကနေ မန္တလေး၊ မန္တလေးကနေ အင်းစိန်၊ အင်းစိန်ကနေ စစ်တွေအထိ ကိုကြည်သာငြိမ်းနဲ့ အတူ ပို့တယ်။ စစ်တွေရောက်မှ ကိုကြည်သာငြိမ်းကိုထားပြီး စစ်တွေကနေ ဘူးသီးတောင် အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ မနက် ၈ နာရီ စစ်တွေကနေ ဘူးသီးတောင်ထောင်ကို သင်္ဘောစီးတာ ညနေ ၄ နာရီမှ ရောက်တယ်။ လိုက်ပို့တဲ့ ရဲက ၁၂ ယောက်၊ ကျနော့်ကို လက်ထိတ်တမ်းလမ်းနဲ့ အ၀တ်အုပ်ပြီး သင်္ဘောပေါ်ခေါ်ခဲ့တာ။ မမြင်မစမ်းနဲ့ ကျနော် ကုန်းဘောင်ပေါ်ကနေ ပြုတ်ကျမလိုဖြစ်သေးတယ်။

သင်္ဘောအပေါ်ဆုံးထပ်မှာ ကျနော့်ကို ရဲနှစ်ယောက်နဲ့ တွဲပြီး လက်ထိတ်ခတ်ထားတယ်။ တာဝန်ယူလာတဲ့ ရဲက ကျနော့်ကို မျက်နှာက အ၀တ်ဖယ်ပေးပြီး အကို အေးဆေးနော် ပြသနာ မလုပ်ပါနဲ့၊ ကျနော် ဒုရဲအုပ်ဖြေထားလို့ပါတဲ့။ ကနော့်စိတ်ထဲ အခံရခက်လိုက်တာဗျာ။ ငါက သူခို့ဓားပြ မဟုတ်ဘူး၊ နိုင်ငံရေးသမား တိုင်းပြည်ကို ကောင်းစေချင်တဲ့လူကွလို့ ပြောလိုက်တယ်။ ကျနော်နဲ့ စကားမပြောရဘူးလို့ ရဲနှစ်ယောက်ကို မှာထားတော့ သူတို့ကိုပဲ ကျနော် စကားပြောတာ တလမ်းလုံးပဲ။ ကျနော်တို့ အကျဉ်းထောင်ထဲ နေရတဲ့ အချိန်မှာ စကားလွတ်လွတ်လပ်လပ်ပြောခွင့်မရှိဘူး။ အပြင်လောက က လူတွေကို မြင်ချင်တဲ့ စိတ်ဆန္ဒ ဘူးသီးတောင် သင်္ဘော ခရီးမှာ အကုန်မြင်ခဲ့ ခံစားခဲ့ရတယ်။

ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ ကျနော်တစ်ယောက်တည်း နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ရှိတယ်။ ကျနော် တစ်ယောက်တည်းပဲ နေရတယ်။ ဒီတော့ ကျနော် တရားထိုင်တယ်။ ၄ လ ကြာမှ အမေလာတွေ့တယ်။ အမေက ပြုံးပြုံးရွှင်ရွှင်နဲ့ သားကြိုက်တာတွေ ယူလာတာပေါ့။ ထောင်ဝင်စာ မှာ ကျနော် က အမေ့ကို ဘာဖြစ်လို့ ဒီလောက်အဝေးကြီးကို လိုက်လာရတာလဲ။ အမေ ပင်ပန်းတာပေါ့။ ငါ့သားဆိုတဲ့ အစွဲကို ဖျောက်၊ ငါ့သားဆိုတဲ့ အစွဲကို အမေ မဖျောက်ရင် ပင်ပန်းလိမ့်မယ်ဆိုတော့ အမေ ရယ်ပြုံးရွှင်နေရာက မျက်ရည်ပေါက်ပါက်ကျပြီး နင်မွေးလာတဲ့ မလေးကျမှ နင်သိမယ်တဲ့။ ထောင်ဝင်စာ တွေ့ချိန်မှာ ၁၅ မိနစ်လေးတွေ့ခွင့်ရဖို့ အမေ ဒီလမ်းခရီးကို ဘယ်လောက်ပင်ပန်းမယ် ဆိုတာကျနော်သိလို့ ပြောတာလည်းပါပါတယ်။ ကျနော်ကိုယ်တိုင် တကယ် တရားမရသေးတော့ အမေ့ နောက်ကျောကို ကြည့်ပြီး ကျနော့် မျက်ရည်စတွေနဲ့ အမေက ကျနော် ဖြစ်ချင်တာတွေကို အကုန်လိုက်လျောခဲ့တာ။

ထောင်ဝင်စာ ဆိုတာ လူ့အသည်းနှလုံးတွေ ကြေပြုန်းရတဲ့နေရာ။ အကျဉ်းထောင်ထဲကသူကလည်း ပြည့်စုံအောင် ရှင်းပြနိုင်ဖို့ အချိန်မရပါဘူး။ ထောင်ဝင်စာ တွေ့ချိန် ၁၅ မိနစ်ဟာ ခဏလေးနဲ့ ပြည့်သွားရပါတယ်။ ထောင်ဝင်စာက အပြန်မိသားစုကလည်း အကျဉ်းထောင်ထဲကလူကို စိတ်မချစိတ်နဲ့ ပြန်ရတာ။ အကျဉ်းထောင်ထဲကလူကလည်း ဝေးလံခေါင်သီတဲ့ဒေသကနေ ကိုယ့်အိမ် ကိုယ်ယာကို အန္တရယ်ကင်းကင်းနဲ့ မိသားစု ရောက်ပါ့မလားလို့ စိတ်နဲ့ ပူပန်နေရပါတယ်။

သထုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ကိုခွန်မြင့်ထွန်းက ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ပြည်သူ့ရဲ့ အချုပ်အခြာ အာဏာ သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လွှဲအပ်ခြင်းခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်သူလူထုအပေါ် အလုပ်အကြွေးပြုရဦးမယ်လို့ ခံယူထားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလာဒ်ကို မျက်ကွယ်ပြုထားတဲ့ စစ်အာဏာရှင်က ပြည်သူလူထုရဲ့ ဆန္ဒတွေကို ငြင်းဆန်ပြီး သူတို့အာဏာတည်မြဲဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကြိုးစားနေပါတယ်။

သောတရှင်များရှင်

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကို ကိုခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။ စစ်အာဏာရှင်က အာဏာကို ရတဲ့နည်းနဲ့ ချုပ်ကိုင်ထားပြီး ဘယ်သူပဲဖြစ်ဖြစ်သူ့ကို ဦးကျိုးဆက်ဆံရမယ်လို့ ခံယူထားတယ်။ စစ်အာဏာရှင်ကို ပြတ်သားတဲ့ ဆန့်ကျင်မှူမလုပ်နိုင်ရင်၊ တစုတဝေးတည်း မလုပ်နိုင်ရင် ကျနော်တို့ရဲ့ ရိုးသားမှူကို အသုံးချနေမှာပဲ။ ကျနော်တို့ဘက်က ဘယ်လောက်ပဲ ဖြေရှင်းပြေလည်ချင်ပေမယ့် စစ်အာဏာရှင်က တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို တက်မလာဘူး။ ပြတ်သားတဲ့ ဆန့်ကျင်မှူကို ကျနော်တို့မလုပ်နိုင်ရင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နေအုံးမှာ ပဲတဲ့။

မျှဝေခံစားနိုင်ကြပါစေ။

"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်မှ ကူးယူဖြန့်ဝေသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....