Thursday, May 19, 2011

လွတ်ရက်စေ့သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်အဖြူရောင်နှင့် အနီရောင် ချည်ထဘီကို တွဲဖက် ၀တ်ဆင်ထားသော အမျိုးသမီး တဦးသည် ကားလမ်းမပေါ်တွင် ထိုင်ချပြီး အင်းစိန်ထောင်ဘူးဝကို မျက်စိမလွှဲဘဲ ကြည့်နေသည်။

Insein_IMG_0088_2011
ယမန်နေ့က လွတ်မြောက်လာသူများကို ရန်ကုန်မြို့ အင်းစိန်ထောင် ဘူးဝ တွင်တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
နေရောင်အောက်တွင် အကာအကွယ်မပါသည့် သူ့မျက်နှာက တောက်ပမှုမရှိဘဲ မှေးမှိန်လျှက်ရှိပြီး တစုံတခုကို စိုးရိမ်နေသည့်ဟန် ပေါ်နေသည်။ တဆတ်ဆတ် တုန်ရီနေသည့် သူ့နှုတ်ခမ်းက ဘုရားစာကိုသာ မရပ်မနား ရွတ်ဖတ် နေ၏။

“မပါမှန်းသိပါတယ်။ ဒါပေမယ့် အန်တီတမင် လာစောင့်နေတာ။ နိုင်ငံရေးသမား တယောက်ယောက် ပြန်ထွက် လာတာကို မြင်ရရင် အားသိပ်ရှိတာ” ဟု ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ဒေါ်ကြည်ကြည်က ပြောသည်။

သူ့ ခင်ပွန်းသည် ၈၈ မျိုးဆက် ကျောင်းသားဟောင်း တဦးဖြစ်ပြီး နှစ်ကြီး ထောင်ကျအဖြစ် စစ်ကိုင်းထောင်တွင် ရှိနေသည်။

ဒေါ်ကြည်ကြည်က “ကိုယ့်လူရော၊ တခြား နိုင်ငံရေးအကျဉ်းသားတွေကိုပါ လွတ်စေချင်တယ်။ ကျမတို့
တခုခုလုပ်မယ်။ အားလုံး လွတ်မြောက် လာရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်ရသူ များကို စောင့်နေသော လူအုပ်ကြီးကြားမှ ထွက်လာသည့် အကျဉ်းသားများကို တယောက်ချင်း ကြည့်ရင်း ဆိုသည်။

အင်းစိန် အကျဉ်းထောင်ရှေ့တွင် လွတ်မြောက်လာသူများကို စောင့်မျှော်နေသည့် လူအုပ်ကြီးမှာ တဖြည်းဖြည်း များသည်ထက် များလာနေ၏။

အင်းစိန် အကျဉ်းဦးစီးမှ ၀န်ထမ်းနှစ်ဦးက သံတံခါးကို တဘက်စီ ဆွဲအဖွင့် အကျဉ်းသား အမျိုးသမီး ၂ ဦးစီ တွဲကာ လူအုပ်ကြီး ကြားမှ ထွက်လာသည်ကို အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးထဲမှ သက်ဆိုင်သူတို့က အော်ဟစ် ကြိုဆိုကြသည်။

NLD အဖွဲ့ဝင်တဦးဖြစ်သည့် ဦးကြည်တိုးသည် အကျဉ်းထောင်ရှေ့ လူအုပ်ကြားထဲတွင် လက်ကိုင်ဖုန်း တလုံးဖြင့် နယ်ထောင်များမှ သတင်းကိုမေးရင်း ကျန်လက်တဘက်က စာအုပ်နှင့် ဘောပင်ကိုင်ကာ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို မှတ်သားနေသည်။

“NLD က လူတွေထဲမှာ အင်းစိန်ကလွတ်တာ နှစ်ယောက်ပဲ ရှိသေးတယ်။ မြင်းခြံမှာလည်း လွတ်တယ်ပြောတယ်” ဟု ဦးကြည်တိုးက ဆိုသည်။

လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသော လူ ၁ သောင်းကျော်ထဲတွင် နိုင်ငံရေးသမား တဦးစ၊ နှစ်ဦးစ သာ ပါဝင်ခြင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူများ၏ မိသားစုဝင်များအတွက် အားအင် လျော့နည်းစေသည်။

လွတ်မြောက် လာသူများထဲတွင် မိမိ ချစ်ခင်သူများကို မတွေ့ရသောကြောင့် စိတ်ဓာတ်ကျနေကြသည့် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များမှာ မျက်ရည်များ ဝဲနေကြသည်။

လွတ်ငြိမ်းချမ်းသာခွင့် ခေါင်းစဉ်ဖြင့် ပြစ်ဒဏ်တနှစ် လျှော့ပေါ့ရာတွင် ၅/ ည၊ အရေးပေါ်စီမံချက် ပုဒ်မ ၁၇ ဖြင့် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်မှ နှစ် ၆၀ ကျော် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အဖို့ မဆိုစလောက် ဖြစ်နေသည်။

အစိုးရသစ်က လွတ်မြောက်ခွင့်ပေးခဲ့သည့် အကျဉ်းသား အများစုသည် ရာဇဝတ်မှု ကျူးလွန်ခဲ့သူများ ဖြစ်ကြပြီး လောင်းကစားမှု၊ ခိုးမှု၊ ခါးပိုက်နှိုက်၊ ပြည့်တန်ဆာမှု အပါအ၀င် ပြစ်မှုများဖြစ်ကြောင်း သိရှိရသည်။

ဒီမိုကရေစီ အစစ်အမှန်ရရှိရန် ကြိုးပမ်းမှုများကို စွဲချက်တင်ကာ နှစ်ရှည် ထောင်ဒဏ် ချထားခံရသော နိုင်ငံရေး သမားများကို လွတ်မြောက်ခွင့် မပေးသော အစိုးရသစ်အား ဝေဖန်ပြောဆိုမှုများ ရှိသည်။

“အစိုးရသစ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အပြည့်အ၀ ပေးသင့်ပါတယ်၊ အခုလိုလုပ်တာ မတရားပါဘူး” ဟု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရသည့် ဒီငြိမ်းလင်း၏ မိခင် ဒေါ်ဌေးဌေးက ပြောသည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်သည် ရာဇ၀တ်မှု ကျူးလွန်ထားသော အကျဉ်းသား ၁၄၆၀၀ ကျော် ပါဝင်ပြီး နိုင်ငံတော်ကို လုပ်ကြံမှုဖြင့် ၂၀၀၂ ခုနှစ်က သေဒဏ်ချမှတ် ခံထားရသည့် မဆလ ခေါင်းဆောင် ဦးနေ၀င်း၏ သားမက်နှင့် မြေးများသည် သေဒဏ်ပြစ်ဒဏ်ကို တသက်တကျွန်းပြစ်ဒဏ် အဖြစ် ပြောင်းလဲ သတ်မှတ် ခံခဲ့ရသည်။

အစိုးရသစ်က ပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသားတချို့အတွက် မသက်ဆိုင်ကြောင်း၊ ၂၀၀၄ ခုနှစ်က လာဘ်စားမှု၊ အမိန့်မနာခံမှုတို့ဖြင့် နေအိမ်အကျယ်ချုပ် ကျခံရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျုံးမ၀င်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းကဆိုသည်။

“အကျဉ်းသားပေါင်း ၁၄၆၀၀ ကျော် လွှတ်ပေးဖို့ရှိတယ်။ အမျိုးသမီး အကျဉ်းသား ၂၁၆၆ ဦးပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတ၀န်းလုံးရှိ သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်ကိုလည်း ထောင်ဒဏ် တသက်တကျွန်းသို့ ပြောင်းလဲပေးခဲ့သည်ဟု ဆိုသည်။

“လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတော့ ဘယ်သူတွေလွတ်လာမလဲ ဆိုပြီး စိတ်ဝင်စားနေတာ။ အခုဟာက လွတ်ငြိမ်းချမ်းသာခွင့်လို့ မခေါ်နိုင်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာသင့်ပါတယ်” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။
http://www.irrawaddy.org/မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....