Wednesday, March 9, 2011

အင်းစိန်ထောင်၌ အခွင့်ထူးခံ အကျဉ်းသားများရှိနေ

နိုင်ငံတော် ပုန်ကန်မှု၊ စီးပွားရေး၊ မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ဒဏ် နှစ်ရှည်ကျခံ နေကြရသော ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများသည် ထောင်အပြင်သို့ လွတ်လပ်စွာထွက်ခွင့်၊ လက်ကိုင်ဖုန်းသုံးစွဲခွင့် စသည့် အထူးအခွင့် အရေးများ ရနေကြသည်ဟု သတင်းရရှိသည်။

Insein-Prison-News-Mar-9
နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်အကျဉ်းထောင် (ဓာတ်ပုံ - Libyan Soup)
ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံ နေရသည့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် နေ့စဉ် အကျဉ်းထောင်ပြင်ပ ထွက်ခွင့်ရနေကာ လက်ကိုင်ဖုန်း တလုံးနှင့် ၎င်း၏ စီးပွားရေး လုပ်ငန်းများကို ညွှန်ကြားနေကြောင်း၊ အရက်နှင့် မူးယစ်ဆေးဝါးများကိုလည်း လိုအပ်သလို သုံးစွဲနေကြောင်း အင်းစိန်ထောင် အကျဉ်း ဦးစီးဋ္ဌာနမှ ၀န်ထမ်းမိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။

ထို့အပြင် နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် ကျခံနေရသော ယခင် အာဏာရှင်ကြီး ဦးနေ၀င်း၏မြေး ဇွဲနေ၀င်းတို့နှင့် အပေါင်းအပါ တချို့သည် အကျဉ်းထောင် ပြင်ပထွက်ခွင့် ရနေကြကာ တခြား အကျဉ်းသားများ လုံးဝ မရနိုင်သည့် အထူး အခွင့်အရေး များစွာကိုလည်း ရရှိနေသည်ဟု သိရသည်။

“အရင်ပထမ ဇွဲနေ၀င်းတို့ မိသားစုက ထောင်ထဲကို တီဗီ သွင်းခွင့်ရတုန်းက အဲဒီ စက်တွေ တလုံးစီမှာ တခြား ဆက်သွယ်ရေး ကိရိယာတွေပါ တပ်ဆင်ပြီး သွင်းလာတာကြောင့် နောက်ပိုင်း သိသွားပြီး ထောင်မှူး တယောက် အလုပ်ပြုတ် သွားသေးတယ်၊ သူတို့ကို အခုက အင်းစိန် အထူးတိုက်ဝင်းမှာ ရှိတဲ့ လုံးချင်း အိမ်ရာမှာထားတာ ညွှန်ချုပ်အထိ သူတို့က ပိုင်တယ်၊ ထောင်မှူး အသစ်လေးတွေနဲ့ ဆိုတော့၊ သူတို့က လက်တံ ခြေတံ ရှည်တော့ လုပ်ချင်တိုင်း လုပ်နေကြတာ”ဟု အင်းစိန် အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး“မောင်ဝိတ်ဆိုလည်း သူက လက်ကိုင်ဖုန်းတလုံးနဲ့ ထောင်အုတ်ရိုးအပြင်က ရိပ်သာမှာ သူ့ကောင် မလေးတွေနဲ့ ညဘက် စိတ်ကြိုက်နေလို့ရနေတာ”ဟု ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် မူးယစ်ဆေးသုံးစွဲနေသည်ကို မိဘများသိရှိသွားခဲ့ရာမှ စတင်၍ မူးယစ်ဆေး ဖြန့်ချိသူများနှင့် ဆက်စပ်သူအားလုံးကို ခေါ်ယူစစ်ဆေးရာတွင် မောင်ဝိတ် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲ မြင့် စသည့် စစ်တပ်အကြီးအကဲများနှင့်နီးစပ်သူများကိုပါ မဖြစ်မနေဖမ်းဆီးမှုများရှိခဲ့သော်လည်း အောင်ဇော်ရဲမြင့် ကိုမူ ပဲခူးတိုင်း ပြည်မြို့အနီး ၀က်ထီးကန် မူးယစ်ဆေးဖြတ် စခန်းတွင် ခေတ္တထိန်သိမ်း ထားခဲ့သည်။

၁၉၉၉ နှစ်ခုနစ်က ရွှေတိဂုံ စေတီတော် ဘက်စုံမွမ်းမံပြင်ဆင်ရေးနှင့် ရွှေထီးတော် အသစ်တင်လှူပွဲ အတွက် မောင်ဝိတ် နှင့် မိသားစုက ကျပ်ငွေ သိန်းပေါင်း ၅၀၀၀ ထည့်ဝင်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

မောင်ဝိတ်သည် ဖမ်းဆီး အရေးယူခံရပြီးနောက်ပိုင်း ၎င်း၏ စီးပွားရေးလုပ်ငန်းများစွာဆုံးရှုံးခဲ့ရသည်ဟု မောင်ဝိတ် ၏ မိသားစု နှင့် နီးစပ်သူ တဦးက ဆိုသည်။

တချိန်က အာဏာရှင်ကြီးဦးနေ၀င်း နှင့် သမီးဒေါ်စန္ဒာဝင်း ၊ ခင်ပွန်းဖြစ်သူ ဦးအေးဇော်ဝင်း နှင့် သားများ ဖြစ်ကြသော အေးနေ၀င်း၊ ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့ သည် ၂၀၀၂ ခုနှစ် က နိုင်ငံတော် ပုန်ကန်မှု တို့ဖြင့် ဖမ်းဆီး ထောင်ချခံနေကြရရာ သားသုံးဦးနှင့် ဦးအေးဇော်ဝင်းတို့မှာ ယခုအခါ အင်းစိန်ထောင် အထူးတိုက်ဝန်းရှိ လုံးချင်း အိမ်ရာတွင်နေထိုင်နေရပြီး ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ တွင် နေအိမ်အကျယ်ချုပ်မှာ လွတ်မြောက် လာခဲ့ သည်။

ဒေါ်စန္ဒာဝင်းသည် ခင်ပွန်းနှင့် သားသုံးဦးအတွက် ထောင်ဝင်စာစီစဉ်နေရပြီး စိတ်ထိခိုက်ခံစားရမှုများကြောင့် လွန်ခဲ့သည့် လပိုင်းက ခေါင်းမှ ဆံပင်ကိုလည်း ရိပ်ထားရကြောင်း သိရသည်။

အဆိုပါ ငွေကြေးတတ်နိုင်သူများနှင့် အာဏာရှိအသိုင်းအ၀ိုင်းမှ ထောင်ကျလာသူများ၊ စစ်ဘက်နယ်ဘက် အရာရှိကြီးများနှင့် မူးယစ်ရာဇာများအတွက်မူ တခြားသော အကျဉ်းသားများ မရရှိသည့် အခွင့်ထူးများကို ရရှိနေပြီး အကျဉ်းထောင်ကို အနားလာယူရာ စခန်းတခုကဲ့သို့ နေထိုင်ရကာ တရားဥပဒေ၏ ကင်းလွတ်ခွင့်ကိုလည်း အထူးစံစားနေကြရသည်ဟု အကျဉ်းဦးစီးဌာန ၀န်ထမ်းများက ပြောဆိုကြသည်။

အကျဉ်းဦးစီးဌာနသည် လာဘ်ပေးလာဘ်ယူပြုလုပ်မှု အများဆုံးဌာနများထဲမှ တခုဖြစ်ကြောင်း သိရသည်။

၁၉၉၅ ခုနှစ် ၀န်းကျင်ကလည်း နေပြည်တော် ပတ္တမြား သန်းထွန်း၏ ဇနီး ဒေါ်စိုးစိုးထွန်းသည် အင်းစိန်ထောင်တွင် ပြစ် ဒဏ် ကျခံနေရာမှ ထောင်ညွှန်မှူး ဦးခင်မောင်လတ်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသ သွားမည်ဟု အကြောင်းပြချက်ဖြင့် မန္တလေးနေအိမ်ပြန်၍ ကျောက်မျက်ရတနာ ရောင်းဝယ်မှုပြုလုပ်ခဲ့သည်။ ထို့ကြောင့် ညွှန်မှူး ဦးခင်မောင် လတ်နှင့် ထောင်ဝန်ထမ်း တချို့ ဖမ်းဆီးထောင်ချခံခဲ့ရဖူးသည်။

အင်းစိန်ထောင်အတွင်းရှိ ထောင်ဆေးရုံတွင်လည်း ငွေကြေးတတ်နိုင်သူများမှာ အထူး အခွင့်အရေးများ ရရှိခံစား နေကြကြောင်း၊ ငွေကြေးမတတ်နိုင်သည့်အကျဉ်းသားများမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀မရရှိခြင်း နှင့် စားသောက် နေထိုင်မှု အဆင်မပြေခြင်းများကို ရင်ဆိုင်နေရကြောင်း သိရသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် အကျဉ်းကျနေသူများမှာမူ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ မိသားစုနှင့်ဝေးလံသည့် နယ်ထောင်များသို့ ပြောင်းရွှေ့ ထားရှိခြင်း၊ အစားအသောက် နှင့် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ မရရှိခြင်းများ အပြင် ဥပဒေကြောင်းအရ တရားရင်ဆိုင်ခွင့် မရရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)နှင့် အကျဉ်းသား မိသားစုဝင်များက ပြောဆိုကြသည်။ 

မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်များတွင် လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦး ရှိကြောင်း AAPP ၏ ထုတ်ပြန်ချက် အရ သိရသည်။ ( ဧရာဝတီ သတင်းဌာန)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....