Thursday, February 24, 2011

နာမည်ကြီး ကနေဒါတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ပါရဂူဘွဲ့ချီးမြှင့်

ကနေဒါနိုင်ငံ တိုရန်တိုမြို့က Carleton တက္ကသိုလ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပညာရပ် ဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့် ပေးအပ်လိုက်ပါတယ်။

(Photo: AFP)
ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဆုချီးမြှင့်ရတဲ့ အဓိကအကြောင်းရင်းကတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတလွှားမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေး ရဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ထူးထူးချွန်ချွန် ဦးဆောင် လှုပ်ရှားနေတာကြောင့် ဖြစ်တယ်လို့ Carleton တက္ကသိုလ် အဓိပတိ Roseann O’Reilly Runte က ဖေဖော်ဝါရီ ၂၂ ရက် မနေ့က ကျင်းပတဲ့ ဘွဲ့ချီးမြှင့်ပွဲမှာ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ ဒီဆုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြုအဖွဲ့ ကိုယ်စားပြုပြီး လက်ခံရရှိတာပါလို့ ပြောသွားပါတယ်။ သူ့အနေနဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ အလုပ် အတူလုပ်ရင်း ဥပဒေပညာတွေကို လက်တွေ့လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ၊ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကျမ ဘာကို လေ့လာခဲ့သလဲဆိုရင် တရားဥပဒေဟာ လူသားတွေရဲ့ အကြီးမားဆုံး အောင်မြင်မှုတခုပဲလို့ ခိုင်ခိုင်မာမာ ယုံကြည်လာတဲ့အချက်ပါ။ ဒီဥပဒေဆိုတာလေး တခုတည်းကို လိုက်နာရုံနဲ့ ကျမတို့ဟာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောရမှာပါ။ ကျမကို အခု ဒီတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ပေးတာဟာလည်း ယဉ်ကျေးတဲ့ လူအဖွဲ့အစည်း အသိုင်းအဝိုင်းရဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်လို့ သူက ပြောသွားပါတယ်။
ဒီိအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ကနေဒါနိုင်ငံ မြန်မာမိတ်ဆွေများအဖွဲ့ CFOB ရဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးတင်မောင်ထူးကလည်း ကနေဒါနိုင်ငံက နာမည်အကြီးဆုံး တက္ကသိုလ်တခုကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဘွဲ့ပေးအပ်ချီးမြှင့်တဲ့အတွက် မြန်မာတယောက်အနေနဲ့ ဂုဏ်ယူ ဝမ်းသာမိတယ်လို့ ပြောပါတယ်။
Carleton တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို ကနေဒါနိုင်ငံ အစိုးရ အဆင်မြင့်အရာရှိတွေ၊ ဂုဏ်ထူးဆောင် ပါမောက္ခတွေ၊ နိုင်ငံတကာ သံတမန်တွေ အပါအဝင် ဧည့်သည်တော်ပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
RFA သတင်းဌာန

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....