Thursday, February 3, 2011

မျိုးဆက်သစ်တို့ဖြင့် စတည်ခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်၍ အများ ပြည်သူတို့၏ နာရေးကိစ္စများကို (အခမဲ့) ကူညီပံ့ပိုး ဖေးမမှုများ ပြုလုပ်ခဲ့ရာ ယခု ၂၀၁၁ ခုနှစ်၊ ဇန်န၀ါ ရီလ (၁) ရက်နေ့တွင် (၁၀) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလအတွင်း၌ (၁၀) နှစ်မြောက် အခမ်းအနား တစ်ရပ် ကျင်းပရန်အတွက် စီစဉ်မှုများ ပြုလုပ်ခဲ့သော်လည်း ယင်းအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပလိုခြင်း၊ စည်းကမ်းရှိရှိ စနစ်တကျ ပြုလုပ်လိုခြင်း၊ မြန်မာပြည်အနှံ နာရေးကူညီမှုအသင်း၊ လူမှုရေးအသင်း များအား ဖိတ်ကြားလိုခြင်း၊ အလှူရှင်အပေါင်းတို့အား ကြွရောက်စေလိုခြင်း ဆန္ဒများဖြင့် ယခုတည်ဆောက်လျှက် ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်း၊ စာကြည့်တိုက်၊ ပညာသင်ကြားရေးနှင့် လူမှုရေးသင်တန်းများ ပါဝင် သော အဆောက်အဦးသစ်ကြီး ပေါ်ထွန်းလာမည့် ဧပြီလ သင်္ကြန်ပွဲတော်အပြီး ၂၃ ~ ၂၄ (စနေနေ့/ တနင်္ဂနွေနေ့) (၂) ရက်တိုင်တိုင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

          ယင်း နာရေးကူညီမှုအသင်း(ရန်ကုန်) (၁၀) နှစ်မြောက် အခမ်းအနားတွင် ကြွရောက်လာကြသော ဧည့် ပရိသတ်များ၊ အလှူရှင်များအား ဖျော်ဖြေမှုများပြုလုပ်ရန်အတွက် လူမှုရေး မျိုးဆက်သစ် ကလေးငယ်များအား သင်တန်းနည်းပြ ဆရာများဖြစ်သော ဒေါ်ဧရာမောင်မောင်၊ ဒေါ်နီနီအေး၊ ဦးဝင်းကိုနှင့် အကူ ဆရာ/မများမှ ဦးစီး၍ လူမှုရေး မြန်မာ/အင်္ဂလိပ်သီချင်းများအား အကနည်းပြဆရာများနှင့် ယူနီဗာဆယ်စတူဒီယိုမှ ကီးဘုတ်ပညာရှင် ကိုဇာနည်နှင့်ဇနီးတို့မှလည်း လာရောက်ကာ သီချင်းတိုက်ပေးခြင်း၊ အကတိုက်ပေးခြင်းတို့ကို လုပ်အားဒါနများ ပြုလုပ်ပေးနေကြသည်။

          ဖေဖော်ဝါရီလကုန် ကလေးသူငယ်များ စာမေးပွဲပြီးစီးသည့် အချိန်မှစ၍ (၁၀) နှစ်မြောက် အခမ်းအနား မကျင်းပမီအချိန်ကာလအတွင်း နာမည်ကြီး အဆိုတော်များမှလည်း မျိုးဆက်သစ်တို့၏ စွမ်းအားများကို လာရောက် မြှင့်တင်ပေးမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။

          နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၀) နှစ်မြောက် အခမ်းအနားပွဲကို ၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၃) ရက် စနေနေ့တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအထိ ဈေးရောင်းပွဲများ၊ ဖျော်ဖြေပွဲများ၊ ဂီတလူမှုရေး သူရဲကောင်းဂုဏ်ပြုပွဲ ကျင်းပခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ (၂၄) ရက် တနင်္ဂနွေနေ့တွင် မြန်မာပြည်အတွင်းရှိ နာရေး/လူမှုရေး အသင်းများအား တွေ့ဆုံမိတ်ဆက်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။ ယင်းတွေ့ဆုံ မိတ်ဆက်ပွဲ စကားဝိုင်းအား ဖိတ်စာများသီးသန့် ပေးပို့ရန် အခက်အခဲရှိပါသဖြင့် တစ်ဆင့်စကား တစ်ဆင့်ပါးခြင်းဖြင့် ကုသိုလ်ပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ် ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဆက်သွယ်ရန် -
အမှတ် - ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ - ၅၁၄ ၈၄၅၂










No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....