ရဲနွယ်မိုး။ ။အမေရိကန် Cornell တက္ကသိုလ်တွင် မြန်မာ့သမိုင်း သင်ကြားရေးနှင့် သင်ရိုး ညွှန်းတမ်း ရေးဆွဲရေးကို အထူးပြု လေ့လာပြီး၊ Ph.D ဘွဲ့ယူစာတမ်း ပြုစုနေသော ရိုဆယ်လီ မက်ထရိုနှင့် စကားစမြည် ပြောကြည့်ခဲ့သည်။
ဆရာမရိုဆယ်လီမှာ ထိုင်းမြန်မာနယ်စပ် သင်ရိုးညွှန်းတမ်းကော်မတီမှ ထုတ်ဝေသော သမိုင်းသင်ကြားရေးစာအုပ်ကို ဦးဆောင် ပြုစုခဲ့သူ ဖြစ်သည်။ဆရာမ ရိုစ့်ရေ.. ဘာကြောင့် မြန်မာသမိုင်းကို စိတ်ဝင်စားပြီး၊ ထိုင်းနယ်စပ်မှာ မြန်မာသမိုင်း သင်ရိုး ပြင်ဆင် ရေးဆွဲတဲ့အထိ ပါဝင်ဆောင်ရွက်နေရတာလဲ။
၁၉၈၈ခုနှစ်က အော်ရစ်ဂန် ပြည်နယ် Portland မြို့ Reed ကောလိပ်မှာ သမိုင်းဘာသာရပ် အဓိကနဲ့ ကျောင်းတက်နေစဉ်မှာ အမေရိကရောက် မြန်မာကျောင်းသားတွေ ၈၈ အရေးတော်ပုံကြီး ၁၀နှစ်မြောက် ဆန္ဒပြကြတာ၊ လှုပ်ရှားစည်းရုံး ကြတာ ကျမတွေ့ရပါတယ်။
အဲဒီကျောင်းသားတွေကို ကျမ မေးကြည့်တော့ သူတို့က မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု အကြောင်း၊ တိုင်းရင်းသား လူမျိုးစုတွေ အဖိနှိပ်ခံ နေရတဲ့ အကြောင်းတွေ ကျမကို ရှင်းပြပါ တယ်။
ဒီလိုနဲ့ စာတမ်း ခေါင်းစဉ်တွေ ရွေးချယ်ဖို့ ဖြစ်လာတော့လည်း မြန်မာပြည် သမိုင်းကိုပဲ အထူးပြု တင်ပြခဲ့ပါတယ်။ နောက်တော့ မြန်မာ့ သမိုင်းစာအုပ်တွေ ရှာဖွေ ဖတ်လာရင်း ရှမ်းတိုင်းရင်းသား လှုပ်ရှာမှု သမိုင်းကို ကျမ ပိုစိတ်ဝင်စား လာခဲ့ပါတယ်။
ဘာကြောင့် ရှမ်းတွေကို ပို စိတ်ဝင်စား လာရတာလဲ ခင်ဗျာ။
သမိုင်းစာအုပ်တွေမှာ ဗြိတိသျှတွေ ရေးတဲ့ ရှမ်းသမိုင်းက တစ်မျိုး၊ ဗမာတွေ ရေးတဲ့ ရှမ်းသမိုင်းက တစ်မျိုး၊ ရှမ်းတွေ ကိုယ့်သမိုင်း ကိုယ်ပြန်ရေးတာက တစ်မျိုး သုံးမျိုး ကွဲနေတာ ကျမ သတိထားမိတယ်။ ဒီတော့ ကျမ စဉ်းစားတယ်လေ၊ ငယ်ငယ် ကထဲက သမိုင်း ဆရာမ လည်းဖြစ်ချင်နေတာ။ ဒီတော့ မြန်မာ ကျောင်းသား တွေကို သမိုင်း နားလည်အောင် ၀ိုင်းဝန်း ကူညီသင်ကြားပေးရင် ကောင်းမယ်၊ ဘယ်လို နည်းစနစ်နဲ့ ကျောင်းသားတွေ နားလည်အောင် သင်ကြားပေးမလဲ။ ဒါနဲ့ သုတေသန လုပ်ဖို့ ထိုင်းနိုင်ငံကို ကျမ ထွက်လာခဲ့ ပါတယ်။
ဘယ်နှစ် ကလဲ။ ဘယ်သူတွေနဲ့ တွေ့ဖြစ်ခဲ့သလဲ။
၂၀၀၁ ခုနှစ်မှာပါ။ ရှမ်းခေါင်းဆောင် တဦး ဖြစ်တဲ့ စပ်ဆိုင်စပ် (ခေါ်) ခွန်ကြာနု နဲ့ ချင်းမိုင်မှာ တွေ့ဖြစ်ပါတယ်။ ခွန်ကြာနုက ၂၀၀၇ နှစ်မှာ ဆုံးသွားပါပြီ။ သူတို့က ဗမာရေးတဲ့ သမိုင်း စာအုပ်တွေကို မကြိုက်ကြဘူး။ ဘာလို့ ဗမာတွေ ရေးတဲ့ သမိုင်းကို မကြိုက်တာလဲ မေးကြည့်တော့.. ခွန်ကြာနုက ပြောရင်း စိတ်လှုပ်ရှားပြီး စိတ်မကောင်းပုံ ပေါ်လာပါတယ်။ ကျမ ပိုသိချင်လာလို့ တော်တော်များများ မေးဖြစ် ပြောဖြစ်ပါတယ်။
ခွန်ကြာနုက ပြောတာ တခုက "ဗမာ အစိုးရတွေက သူတို့ သမိုင်းဟာ ငါတို့ သမိုင်း လို့ ပြောတယ်" (they say their history is our history.)၊ ဒါကို ပြောရင်း သူစိတ်ခံစားနေပုံ ရပါတယ်။ အချက်အလက် တော်တော် များများ ရပြီးနောက် ကျမ အမေရိကကို ပြန်ပါတယ်။ ရှမ်း သမိုင်း အကြောင်း ရေးဖြစ်ပါတယ်။
၂၀၀၁ မှာပဲ ချင်းမိုင် SYCB တိုင်းရင်းသား ရုံးမှာ ၆လ ၇လ လောက် နေရင်း၊ တိုင်းရင်းသား လူငယ် ပေါင်းစုံကို အင်္ဂလိပ်စာ သင်ပေးပါတယ်။ အဲဒီတုန်းက ဒေါက်တာသိန်းလွင် ကလည်း NHEC မှာ လုပ်နေတုန်းဆိုတော့ သူ့ ရဲ့ ကျောင်းဆရာ၊ဆရာမတွေကို ပေးတဲ့ ထရိန်နင်တစ်ခုမှာ သမိုင်း ဘာသာရပ် သင်ကြားနည်းကို သင်ပေးခဲ့ပါတယ်။ အဓိကကတော့ သမိုင်း အချက်အလက်တွေကို သင်တာ မဟုတ်ပါဘူး၊ လူမျိုးစု အုပ်စုတွေကြား တင်းမာနေတဲ့ ပြဿနာတွေကို လျော့ကျစေဖို့ ဆရာ၊ဆရာမတွေ သမိုင်း သင်ကြားနိုင်တဲ့ နည်းလမ်းတွေကို ပြောပြခဲ့တာပါ။ ကျမက သမိုင်းဆရာမဟုတ်ဘူး၊ သင်ကြားရေးလေ့လာသူ မဟုတ်လား။
နှစ်တိုင်းလည်း အမေရိကကို ပြန်ရတယ်။ ထိုင်းကိုရောက်ရင် မာစတာ ဘွဲ့ အတွက် သုတေသန လုပ်နေရတော့ ကရင်နီ KnED တို့၊ ကချင် အဖွဲ့ (KIO)၊ ကချင်တို့၊ ရှမ်းနဲ့ ABSDF တို့က ပညာရေး ကိုယ်စားလှယ်တွေနဲ့ မြန်မာ တိုင်းရင်းသား အားလုံး အဆင်ပြေစေမယ့် သမိုင်းကို ဘယ်လို သင်ပေးရမလဲ၊ ဒီမိုကရေစီရအောင် အထောက်အကူပေးနိုင်မယ့် သမိုင်း သင်ရိုးညွှန်းတမ်း အငယ် ဘယ်လို ရေးသင့်လဲဆိုတာ မေးဖြစ် ဆွးနွေး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘယ်နည်းစနစ် သုံးရမလဲဆိုတဲ့အထိ ဆုံးဖြတ်ချက်အဖြေ ထွက်မလာသေးပါဘူး။
ဆရာမက လက်ရှိ ထိုင်းမြန်မာ နယ်စပ်က Curriculum Project နဲ့ ဘယ်လို စလုပ်ဖြစ်တာလဲ။
၂၀၀၃ ခုနှစ်မှာ Curriculum Project အတွက် ကျောင်းသုံး စာအုပ်တွေ လိုအပ်လာပါတယ်။ သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်ကို ဘယ်သူမှ မရေးချင်ဘူး။ အငြင်းပွားစရာတွေ ဖြစ်တတ်လို့ပါ။ အမှန်ကတော့ မြန်မာ တိုင်းရင်းသား ထဲက ရေးရင် ပိုအဆင်ပြေမယ်။ အမေရိကန်သူ ရေးရင် ဘက်လိုက်တယ်လို့ အပြောခံ ရမှာလည်း ရှိနေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သင်ရိုးညွှန်းတမ်း အဖွဲ့က ကျမကို တာဝန်ပေးတဲ့ အခါ ကျမ အစွမ်းကုန် ကြိုးစားပါတယ်။ အားနည်းချက်တော့ ရှိနေပါလိမ့်မယ်။ ဒါကို နောက်ပိုင်း အထပ်ထပ် ပြင်ဆင်ကြမယ်လို့ ဆွေးနွေးပါတယ်။ ဒီလိုနဲ့ နယ်စပ်အတွက် အခုမြင်ရတဲ့ သင်ရိုးညွှန်းတမ်း စာအုပ် ထွက်လာပါတယ်။
ကျမ Cornell တက္ကသိုလ်မှာ ပါရဂူဘွဲ (Ph.D.) ဘွဲ့ လုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။ မြန်မာ့ သမိုင်း သင်ကြားနည်း ကို ရေးရမှာ။ နောက် ၂၀၀၉ ခုနှစ်မှာ နယ်စပ်က ဆရာတွေနဲ့ တွေ့ပြီး သမိုင်း သင်ရိုးညွှန်းတမ်း ထပ်ပြုပြင် ဖြည့်စွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အရင် စာအုပ်မှာ အားနည်းချက်တွေ ရှိနေမယ်၊ ဘယ်လို ကောင်းအောင် လုပ်ကြမလဲပေါ့နော်။
ဒါဆို အခု ဆရာမတို့ ရေးဆွဲမယ့် သမိုင်းသင်ရိုးညွှန်းတမ်း အသစ်ဟာ ဘယ်လို အချက်အလက်တွေပေါ် အခြေခံ ရှာဖွေပြီး လုပ်တာလဲ။
ကျမတို့ လုပ်တာက Primary Sources တွေ အပေါ် အခြေခံ ရေးဆွဲဖို့ပါ။ ဥပမာ ပင်လုံစာချူပ် ဆိုပါတော့၊ Migrant Curriculum Team က ဆရာ ဆရာမတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ပြီး ခေါင်းပူတဲ့အထိ အဖြေရအောင် အားထုတ်ကြတာ။ Primary Sources တွေဆိုတာ အခြေခံ လုံးဝကျတဲ့ အစစ်အမှန် အထောက်အထား တွေကို ပြောတာ၊ Secondary Sources တွေဆိုတာက နောက်ပိုင်း သမိုင်း ပညာရှင်ပေါင်းစုံ ပြန်ရေးကြ ပြောကြတာတွေ။ ကျမတို့က မူရင်း Primary Sources တွေကို အဓိကထား စဉ်းစား အဖြေရှာ ကြည့်ဖို့ပဲ။ ဒါမှ အငြင်းပွားမှု တွေကို ပိုဖြေရှင်း ပေးနိုင်မယ်။ နို့မို့ဆိုရင် ဗမာပညာရှင်ရေးတာ ကရင်လက်မခံ၊ ကရင်ပညာရှင်ရေးတာ ဗမာမယုံတာမျိုးတွေ ဖြစ်နေတယ်။
ပြသဿနာကတော့ အများကြီး ရှိပါတယ်။ ။ ၂၀၀၉ အောက်တိုဘာ မှာ သင်ရိုးညွန်းတမ်း ခေါင်းစဉ် အသစ်အတွက် ခေါင်းစဉ်ချဖို့ ဆွေးနွေးတာကို နှစ်နာရီ ကျော်ကြာတယ်။ ခေါင်းစဉ်မှာတင် ဦးဆောင်ဆွေးနွေးသူတွေအကြား ပြဿနာ ရှိနေတော့ ဆက်ရေးလို့ မရကြတော့ဘူး။ ဒါ ခေါင်းစဉ်ပဲ ရှိသေးတယ်။ အထဲက အကြောင်းအရာတွေ မရောက်သေးဘူး။
သမိုင်းအထောက်အထားတွေ အရဆိုရင် ကရင်၊ ရှမ်း၊ မွန်၊ ရခိုင် တိုင်းရင်းသား အုပ်စုတွေက ပင်လုံစာချူပ်ကို လက်မခံဘူး။ ပင်လုံစာချူပ်မှာ လက်မှတ်ရေးထိုးတာ သူတို့ မပါဘူးလို့ ပြောတာတွေလည်း ရှိတယ်။ ပင်လုံ စာချူပ် ကတိအတိုင်း အပြည့်အ၀ အကောင်အထည် မဖော်နိုင်တာကို သူတို့ ခံစားနေရတာလည်း ဖြစ်ကောင်း ဖြစ်မယ်။ ဒါမေမဲ့ ပြဿနာက လူအများစုက ပင်လုံစာချုပ်မူရင်းကို သူတို့ ဖတ်ခွင့် မရကြဘူး ဖြစ်နေတယ်။ ဗမာ စာအုပ်တွေမှာ ရေးထားတွေ ကလည်း သိပ် မမှန်ဘူး ဖြစ်နေပြန်တယ်။ စာချူပ်ကို ဖတ်ခွင့် မရကြတာ။ မမြင်ဘူး မဖတ်ဘူးကြဘဲ ငြင်းနေကြရတာ။
တကယ်က ဗိုလ်ချူပ် အောင်ဆန်း မိန့်ခွန်းတို့၊ British telegram တို့လို့ အထောက်အထားတွေ သုံးကြရင် သိပ်အငြင်းပွား ကြမှာ မဟုတ်ဘူး။ ဗိုလ်ချူပ် အောင်ဆန်းနဲ့ သဘောတူတာ ရှိမယ်၊ အမြင် မတူ နိုင်တာလည်း ရှိနိုင်တယ်။ သို့ပေမဲ့ မှန်ကန်တဲ့ မူရင်း စာရွက်စာတမ်း အထောက်အထားတွေက လေ့လာရင် ပိုတန်ဖိုးရှိမယ်။ အငြင်းပွားမှုတွေကို လျှော့ချ ပစ်နိုင်မယ်။ စစ်မှတ်တဲ့ အထောက်အထားတွေကို အားလုံး ဖတ်ခွင့်ရကြမယ်ဆိုရင် ဆွေးနွေး အဖြေရှာနိုင်ဖို့ ရှင်းလင်းတဲ့ လမ်းစရကြမှာပဲ။ တဆင့်ခံစာအုပ်တွေ ရေးသားချက်တွေကဆိုရင် ပြဿနာက ဖြေရှင်းလို့ ပြီးမှာ မဟုတ်တော့ဘူး။
အခု သမိုင်းသင်ရိုးညွှန်းတမ်း အသစ်အတွက် အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့ပုံလေး ပြောပြပါလား။
နောက် စောဘဦးကြီး ရေးထားတာနဲ့ ဗိုလ်ချူပ် အောင်ဆန်း ရေးထားတာတွေ လေ့လာရင် သဘောထား ကွဲလွဲမှုတွေ ရှိတယ်။ သမိုင်း အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ကြတဲ့အခါ အောင်ဆန်းရေးတာ ဖတ်မယ်၊ စောဘဦးကြီးရေးတာ ဖတ်မယ်၊ ဗြိတိသျှတို့ ရေးတာတွေ ဖတ်မယ်။ အဲဒီ့ အချိန်က သူတို့ အားလုံး စဉ်းစားချက်တွေ ဖတ်ကြည့်ကြမယ်။
အဲဒီ့ အချိန် ဖဆပလ ရည်ရွယ်ချက်က မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေး ရယူပြီး ကိုယ့်ဖာသာ ပြင်ဆင်အုပ်ချူပ်ဖို့ ဆုံးဖြတ်ပြီးပြီ။ ပြည်နယ် ပြည်မ အကုန်လုံး လွတ်လပ်ရေး ရယူပြီးမှ ပြည်နယ်တွေ ခွဲပေးမယ်။ KCO နဲ့ စောဘဦးကြီးတို့က ဓနသဟာရ (Common Wealth) အောက်မှာပဲ လွတ်လပ်တဲ့ ကရင်ပြည်နယ်ကို ထားချင်တယ်။
ဒါပေမဲ့လည်း ဗြိတိသျှတွေက စစ်ကြီးအပြီးမှာ လန်ဒန် ပျက်ဆီး ကျန်ခဲ့တယ်။ သူ့တို့ဟာ သူတို့တောင် မနည်း ပြန်ထူထောင် နေရတော့၊ ကရင်လူမျိုးတွေကို ဂရုမစိုက် နိုင်အားဘဲ ကျောခိုင်း ထားသလို ဖြစ်သွားခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တော့ ဆရာ၊ ဆရာမ တွေဆီက ထင်မြင်ချက် အမျိုးမျိုးတွေ ထွက်လာတယ်။ ၁၉၄၇ မှာ အောင်ဆန်း ဘာပြောခဲ့သလဲ၊ စောဘဦးကြီး ဘာပြောမလဲ။ အလုပ်ရုံဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဆရာ ဆရာမတွေ စိတ်ဝင်စားလာကြ အားတက်သရော ဆွေးနွေးလာကြပါတယ်။
ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း ကျမ သမိုင်းကို လေ့လာဖို့နဲ့ ထိုင်းမြန်မာ နယ်စပ် ကျောင်းတွေအတွက် သင်ရိုး ညွန်းတမ်း ရေးဆွဲဖို့ လုပ်နေတဲ့အခါ ပြောကြ သတိပေးကြတာ ရှိတယ်။ မြန်မာနိုင်ငံ သမိုင်းကို လေ့လာရင် အငြင်းပွား စရာတွေ ရှိလာမယ်၊ အခက်အခဲတွေ ရှိနိုင်မယ် လို့ ပြောကြပါတယ်။ မြန်မာ့သမိုင်းကို ဆွေးနွေးရင် ဒုတ်ထမ်းဓါးထမ်းနဲ့ ဆွေးနွေးမှလို့ သူတို့ ပြောကြတယ်။
ဒါပေမဲ့ ကျမတို့က ခုနပြောတဲ့ အခြေခံ ကျတဲ့ Primary Sources တွေသုံးပြီး ဆွေးနွေး ဖြေရှင်းကြရင် မှန်ကန်တဲ့ လမ်းကို ရောက်လာနိုင်တယ်။ မတူကွဲပြားတဲ့ အမြင်တွေကြား ရင်ကြားစေ့ရေးတွေ ဖြစ်လာနိုင်မယ်။ နောက် ဒီ စစ်မှန်တဲ့ အထောက် အထား ရင်းမြစ်တွေပေါ်က ပြောဆိုဆွေးနွေးကြခြင်းဟာ အားလုံးအတွက် လုံခြုံစိတ်ချမှု (safe space) ရလာတယ်လို့ ဆိုနိုင်တယ်။ အမုန်းတွေ လျော့လာတယ်။
သင်တန်းတွေ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြီးတဲ့အခါတိုင်း ကျမ စစ်တမ်းတွေ လုပ်ကြည့်တယ်။ လူမျိုးအသီးသီးက ကိုယ့်ဖာသာ သမိုင်းကို ကိုယ်စီ ရေးနေကြတာထက်၊ အားလုံးပူးပေါင်း ဆွေးနွေးမှုကို သဘောတူ မတူ၊ ထင်မြင်ချက် အမျိုးမျိုး တောင်းကြည့်ရမယ်။ ဒီ စနစ်သုံးရင် တိုင်းရင်းသား အားလုံးကြားမှာ ရှိနေတဲ့ ပြဿနာတွေ လျော့ကျနိုင်မယ်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်လည်း ရောက်မယ်လို့ ဆရာဆရာမတွေ ပြောကြတာ ၀မ်းသာစရာ တွေ့ရပါတယ်။
ဆရာမရဲ့ မြန်မာနိုင်ငံ အပေါ် အနာဂတ် အမြင်လေး လုပ်ပါဦး။
ဆရာ ဗန်းမော် တင်အောင်ရဲ့ “လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းနေတဲ့ ခေတ်ကြီးက သူ့ပုခုန်းပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် ကျေပွန်အောင် ထမ်းဆောင်နိုင်သလဲ” ဆိုတဲ့ အမြင်ကို ကျမ အလွန် ကြိုက်တယ်။
ဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပထမဆုံး လက်ရှိ ဖြတ်သန်းနေရတဲ့ ခေတ်တာဝန်က ဘာလဲ။ ကျမ အမြင်ကတော့ တိုင်းရင်းသား လူမျိုး အသီးသီးကြားမှာ သမိုင်း ဆူးတွေ ရှိနေတယ်။ ဥပမာ လက်ခုပ်ထဲမှာ ဆူးတွေ ဆူးဝင်နေရင် အမြန်ဆုံး နှုတ်ပစ်ရမှာပဲ မဟုတ်လား။ ဆူးတွေကို နှုတ်ပစ်ဖို့အတွက် မကြောက်ဖို့ လိုပါတယ်။ သမိုင်း မကျေလည်မှုတွေကို ဆွေးနွေးဖို့ မကြောက်ဖို့ လိုပါမယ်။ သမိုင်းကို အကြေအလည် မဆွေးနွေးဘဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ ဆိုတာ ခက်ပါလိမ့်မယ်။ လူမျိုး တမျိုးနဲ့ တမျိုး နားလည်မှုရအောင် ဆွေးနွေးမှု မရှိဘဲ၊ တဦး သမိုင်း တဦး နားမလည်ဘဲ သင့်မြတ်ဖို့ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ဖို့ဆိုတာ ခက်ပါလိမ့်မယ်။
ပြဿနာက ကရင်ချည်း ခံစားနေရတာမဟုတ်၊ မွန်နဲ့ ရှမ်းတို့ချည်း ဒုက္ခ ခံစား နေကြရတာ မဟုတ်။ တမျိုးသားလုံး ခံစားနေရတာပါ။ လူမျိုး တမျိုးချင်းရဲ့ ဒုက္ခတွေ အခက်အခဲတွေကို မျှဝေခံစားရင်း တစ်ဦးအမြင် တစ်ဦး လေးစား လာမယ်။ အားလုံး ဆုံမှတ် တစ်ခုမှာ သဘောတူညီမှု ရလာကြမယ်လို့ ကျမ မျှော်လင့်ပါတယ်။
တိုင်းရင်းသား လူမျိုးတိုင်းမှာ မတူကွဲပြားမှုတွေကတော့ ရှိနေမှာပါ။ အဲဒါကိုက တန်ဖိုးပဲဆိုတာ နားလည်ပေးရမယ်။ အချူပ် ပြောရရင်တော့ တစ်ဦးအမြင်အပေါ် တစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု၊ နားလည်ပေးမှုတွေနဲ့ပဲ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံသစ် ထူထောင်ရေး လုပ်ကြရမှာ မဟုတ်လားရှင်။
ကျေးဇူးတင်ပါတယ်ရှင်။
မေက္ခပညာရေးမဂ္ဂဇင်းမှဖေါ်ပြပါသည်။
No comments:
Post a Comment
လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်