Sunday, December 12, 2010

တလကျော်ကြာတိုင်းရင်းသားဒေသတိုက်ပွဲများတွင်း မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်ရာနဲ့ချီပြီး သေဆုံး၊ဒဏ်ရာရရှိ

မြင့်လှိုင်။ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၀
ကရင်ပြည်နယ် တလျောက်တွင် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး သေဆုံး ဒဏ်ရာရရှိကြောင်း တိုက်ပွဲများကို စောင့်ကြည့် လေ့လာနေသူတဦးက ယနေ့မြန်မာကို ၂၀၁၀ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ကရင်ပြည်နယ်တိုက်ပွဲများတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်၊ ကရင် လွတ်မြောက်ရေး တပ်မတော်နဲ့ ကျောင်းသားတပ်မတော်တို့က ဟန်ချက်ညီညီ ပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာစစ်အစိုးရတပ်များ အခုလို ကျဆုံးကြတာ ဖြစ်ပါတယ်။
နယ်စပ်ဒေသ စစ်ရေး လေ့လာသူတဦးက “ပြောရင် ယုံမလား မသိဘူး။ ကြွားပြောတာလို့ ထင်ချင် ထင်ကြမယ်။ အခု စစ်ပွဲတွေအတွင်း မြန်မာစစ်အစိုးရ တပ်ဖွဲ့ဝင် သုံးရာကျော်လောက် သေဆုံး ဒဏ်ရာ ရသွားတယ်။ အခုတော့ တိုက်ပွဲ ငြိမ်နေတယ်။ သူတို့ကတော့ ပြန် တိုက်မှာပဲ။ ရွေးကောက်ပွဲပြီးရင် ပြန် တိုက်မယ် ပြောတာ။ အခုလို ပွဲဦးထွက်မှာ အကျအဆုံးများတော့ အရှက်ကွဲတာပေါ့။ အဲဒါကို သိက္ခာ ပြန်ဆည်တဲ့အနေနဲ့ တိုက်တာတော့ ပြန် တိုက်လိမ့်မယ်။ ဘယ်လို ဗျူဟာ ပြန်ဆွဲမလဲ မသိသေးဘူး။“ လို့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ယနေ့မြန်မာကို ပြောပြပါတယ်။ ထို တိုက်ပွဲများအတွင်း ကျဆုံး ဒဏ်ရာရရှိမှုများနဲ့ ပတ်သက်လို့ ကျောင်းသားတပ်တော် စစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်ခင်ကျော်ကလည်း “ဘုရားသုံးဆူ ရော ဒီဘက်ရော တလျောက်လုံးမှ သုံးယောက်လောက်ပဲ ဒဏ်ရာအသေးစားလေး ရပြီး ဟိုဘက်ကတော့ တော်တော်များများ ထိတယ်။ တာ့ကော်ကျိုးနဲ့ ဝေါ်လေ သုခမြိုင်မှာ ကျွန်တော်တို့ အလောင်းချည်းပဲ ၁၁ လောင်း လောက်ရတယ်။ တပ်ကြပ်ကြီးနဲ့ အရာရှိ သုံးပွင့်နဲ့ တယောက် ပါတယ်။ ကျွန်တော်တို့ သိသလောက် ၃၀ ကျော် သေတယ်။ အထိအခိုက်က ရာနဲ့ချီ ရှိတာကတော့ အသေအချာ ပဲ။“ လို့ ပြောပါတယ်။
မြန်မာအာဏာပိုင်တွေဟာ နယ်ခြားစောင့် တပ် ဖွဲ့စည်းဖို့ ငြင်းဆန်တဲ့ ဗိုလ်နှုတ်ခမ်းမွှေးရဲ့တပ်များ မြ၀တီက ဆုတ်ခွာသွားပြီးနောက်ပိုင်း ဗိုလ်နှုတ်ခမ်းမွှေးရဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်ကို အပြီးသတ် ချေမှုန်းနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခုအခါ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေပါတယ်။ ဝေါလေ၊ ဖလူး စတဲ့ ဒေသတွေမှာ အဆုံးအရှုံးများစွာ ရှိခဲ့သလို မာနယ်ပလောဒေသ တပ်များလည်း တိုက်ခိုက် ခံခဲ့ရပါတယ်။ ဒါ့အပြင် ကြာအင်းဆိပ်ကြီးဒေသမှာလည်း ခြုံခို တိုက်ခိုက်မှုများစွာ ခံခဲ့ရကြောင်း သိရပါတယ်။
ကရင်ပြည်နယ်အတွင်းရှိ မြန်မာစစ်အစိုးရတပ်များ တိုက်ခိုက်ခံနေရစဉ် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၂) ဒေသအတွင်း လှုပ်ရှားနေတဲ့ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် တပ်များကလည်း တောင်ငူ - လိပ်သိုလ် - ယာဒို - လွိုင်ကော် ကားလမ်းပေါ်ရှိ လိပ်သိုလ်မြို့အနီး ဂရုဏာလက်ဖက်ခြံအတွင်း စခန်းချထားတဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၆၀၃ ခြေလျင်တပ်ရင်းရဲ့ တပ်စုတစုကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၅ နာရီခွဲမှ ၅ နာရီ ၅၀ မိနစ်အတွင်း ၀င်ရောက် ရှင်းလင်းရာ မြန်မာစစ်အစိုးရတပ်မှာ အရာရှိတဦး အပါအ၀င် ငါးဦး ကျဆုံးပြီး ခုနှစ်ဦး ဒဏ်ရာ ရရှိကြောင်း၊ မိမိဘက်မှ စစ်သည်နှစ်ဦး ဒဏ်ရာ အသေးစား ရရှိခဲ့ကြောင်း မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် စစ်ရေးတာဝန်ခံက ယနေ့မြန်မာကို ၂၀၁၀ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောပြပါတယ်။ တိုက်ခိုက်ခံရတဲ့ နအဖတပ်စုဟာ ဖြတ်သွားတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်၊ ဆိုင်ကယ်များကို ဆက်ကြေး ကောက်ခံနေတဲ့ တပ်စု ဖြစ်တယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်က ၀င်ရောက် နေရာယူပြီးနောက် နိုဝင်ဘာ ၈ ရက်နေ့ က စတင်ပြီး မြ၀တီနဲ့ ဘုရားသုံးဆူမြို့များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၁၀ ရက်နေ့မှာ မြန်မာစစ်အစိုးရ စကခ ၁၂ နဲ့ ၁၉ လက်အောက်ခံ တပ်ရင်း ငါးရင်းဟာ သုခမြိုင်၊ ဝေါ်လေ၊ တာ့ကော်ကျိုး၊ ဖလူးဒေသကို ၀င်ရောက် အခြေပြု လှုပ်ရှားခဲ့ကြပါတယ်။ အဲဒီတပ်များကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်နဲ့ ကျောင်းသားတပ်မတော်က ပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက် ၀င်ရောက် လှုပ်ရှားတဲ့ တပ်များဟာ ကိုက် ၂၀၀၀၊ ၃၀၀၀ ခန့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြပါတယ်။
ထိုသို့ ဝေါ်လေ၊ ဖလူးဒေသတွင် တိုက်ပွဲများ ဖြစ်ပွားစဉ် ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ နဲ့ ၇ တပ်ဖွဲ့များက မာနယ်ပလောနဲ့ သေဘောဘိုးဒေသမှာ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးအတွင်း မာနယ်ပလောဒေသ ဆင်ဖြူတောင်ကို လွန်ခဲ့တဲ့အပတ်က ၀င် တိုက်ခဲ့ရာ ဆင်ဖြူတော်အနီးရှိ အရံတောင်ကုန်းများကို သိမ်းပိုက်မိပြီး နအဖတပ်များရဲ့ လက်နက်ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိကြောင်း သိရပါတယ်။ ဒါ့အပြင် မာနယ်ပလောဒေသကို အင်အားဖြည့်လာတဲ့ မြန်မာအာဏာရှင်များရဲ့ စစ်ကူများကိုလည်း ပိတ်ဆို့ ဖြတ်တောက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရပ်ကွက်က ပြောပြပါတယ်။
အခု တိုက်ပွဲများအတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်နဲ့ ကျောင်းသားတပ်မတော် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) တို့ ပူးပေါင်း စစ်ဆင်ကြခြင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲကို မေးမြန်းကြည့်ရာ “ကျွန်တော်တို့ ကျောင်းသားတပ်မတော်အနေနဲ့ မြန်မာစစ်အစိုးရတပ်များနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်တို့ရဲ့ တိုက်ပွဲများအတွင်းမှာ ပါဝင်တယ်ဆိုတာ မှန်ပါတယ်။ အထူးသဖြင့် ဗိုလ်မှူးချုပ် စောလှပွယ် တင်ပြခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုဆန္ဒအရ ဆန့်ကျင်တယ်၊ စောဘဦးကြီးမူ ၆ ချက်အပေါ်မှာ ရပ်တည်တယ်ဆိုတာကို အပြည့်အ၀ ထောက်ခံနေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကျောင်းသားတပ်မတော်နဲ့ တေ့တေ့ဆိုင်ဆိုင် ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြပြီး အခုလို ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။“ လို့ ပြောပြပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ ၁၅ နှစ်ခန့် တိုက်ပွဲကြီးများ ဖြစ်ပွားခြင်း မရှိဘဲ အခုလို ပြန်လည် ဖြစ်ပွားလာရခြင်းဟာ မြန်မာပြည်သူတရပ်လုံးကို လက်နက်မိုး ဗိုလ်ကျလိုတဲ့ မြန်မာစစ်အာဏာရှင်များရဲ့ အတ္တများကြောင့်သာ ဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ကြပါတယ်။
BURMA TODAYမှ အကိုမြင့်လှိုင်ပေးပို့ပါသည်။

(သတင်းရင်းမြစ် - ယနေ့မြန်မာ)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....