Tuesday, December 21, 2010

အကျဉ်းထောင်ထဲက အညတရ သူရဲကောင်းများ

ကျနော်ဒီပိုစ့်ကို ရေးချင်တာ ကြာလှပါပြီ။ မြန်မာ့ဒီမိုကစီရေးအတွက် တိုက်ပွဲဝင်နေသော ခေါင်းဆောင်များကို စာဖတ်သူတိုင်း သေသေချာချာ သိကြပါတယ်။ ခေါင်းဆောင်တွေရဲ့ အလေ့အထတွေ အဆိုအမိန့်တွေလည်း လူအများသိကြပါတယ်။ ပြောရရင် ခေါင်းဆောင်တွေကို လူတိုင်းက လူရောအမည်ပါသိကြပါသည်။ ဒါပေမယ့် တိုက်ပွဲတခုမှာ နောက်လိုက်ကောင်းတွေ အများကြီးရှိမှ တိုက်ပွဲတခုက ပီပြင်မယ်ဆိုတာလဲ အားလုံးသိကြမှာပါ။ အခုကျနော် ပြောမယ့် လူတွေက ကျနော်တွေ့ကြုံခဲ့သော လူအများမသိဘဲ ရန်သူ့လက်မှာ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်များပါပဲ။ ကျနော်သူတို့ကို သိတာ ထောင်ထဲမှာ ဖြစ်ပြီး အခုလည်း နအဖ၏ ထောင်နှစ်ရှည် ချပြီးဖမ်းဆီးခြင်းကို ခံနေရသောကြောင့် သူတို့လှုပ်ရှားမှုတိုင်းကိုလည်း ရေးပြလို့ မဖြစ်နိုင်ပါဘူး။ နအဖ ဆိုတာသိတဲ့အတိုင်း စိတ်မထင်ရင် နောက်ထပ် ထောင်ဒဏ်နှစ်ထပ်တိုးတဲ့ လုပ်ချင်တိုင်းလုပ်လို့ ရတဲ့ သားရေကွင်းဥပဒေ လက်စွဲကိုင်ထားတဲ့ အစိုးရလေ။ ဒါကြောင့် သူတို့တွေက ဘယ်သူတွေလဲ ဘယ်လိုစိတ်ထားရှိသူတွေ ဆိုတာကို ကျနော်မြင်ခဲ့
ပေါင်းသင်း ဆက်ဆံကြည့် ခဲ့တဲ့အတိုင်း ရေးသားလိုက်ပါ့မယ်။ သူတို့က အခုလက်ရှိ နအဖအကျဉ်းထောင်ထဲမှာ ယုံကြည်ချက်ကိုဆွဲကိုင်ပြီး ပြည်သူအတွက် တိုက်ပွဲဝင်ခဲ့လို့ ဒုတိယအကြိမ် (ဒါမှမဟုတ်) တတိယအကြိမ် ဖမ်းဆီးထောင်ချ ခံနေရသူတွေ ဖြစ်ပါတယ်။ သူတို့ကို လူတွေမသိကြပါဘူး။ ဘာလို့လဲဆိုတော့ နာမည်ကြီးခေါင်းဆောင်တွေ မဟုတ်ကြလို့ပါပဲ။ ဒါပေမယ့် သူတို့က ကျနော်တို့ ခေါင်းဆောင်တွေ အတိုင်း တိုင်းပြည်နှင့် လူမျိုးအတွက် ဒီမိုကရေစီတိုက်ပွဲကို ကျရာနေရာက ကိုယ့်တာဝန်ကိုယ်ယူပြီး တိုက်ပွဲဝင်နေတဲ့ ၂၂၀၀ နိုင်ငံရေးအကျဉ်းသားများထဲကပါ။ သူတို့က ပြည်သူအတွက် ယုံကြည်ချက်ကိုဆွဲကိုင်ပြီး ထောင်ကျခဲ့ရတာပါ။ သူတို့မှာ Proposal မရှိပါ။ ရာထူး ဂုဏ်ထူးတွေ မရှိပါ။ ဘယ်ကမှပေးထားတဲ့ လစာမှမရှိပါ။ လစာမရလိုလည်း မီဒီယာကနေ ပြဿနာမလုပ်ပါ။ ထောင်ထဲက "အိပ်ချိန်" လို့အော်သံကြားရင် ခေါင်းချအသံတိတ်နေရပြီး မနက် "ထမယ်ဟေ့" အော်ရင် ထရပါတယ်။ ထောင်ဝန်ထမ်း ဒါမှမဟုတ် အရာရှိလာရင် "ပုံစံ" လို့အော်လိုက်ရင် ခေါင်းငုံပြီး တင်ပုလ္ပင်ခွေထိုင် အရိုသေပေးရတဲ့ အကျဥ်းထောင်ထဲမှာပါ။ သူတို့မှာ ဟိုတယ်က မီနူးကြည့်ပြီး ညစာမှာ  မစားနိုင်ပါဘူး။ မိလ္လာပုံးနှင့် ပုံစံတူအရွယ်တူလုပ်ထားတဲ့ သစ်သားဇလားထဲက အရောင်ညစ်ညစ် ညှီဆို့ဆို့ ကျောက်ခဲ သလဲရောနေတဲ့ ထောင်ပုံစံထမင်းကို မနက်တခါ ညနေတခါသာ စားရတာပါ။ သူတို့မှာ တတိယနိုင်ငံကိုလဲ အခြေချဖို့ မမျှော်လင့်နိုင်ပါဘူး။ ညဘက်ကြီး "အရေးပေါ်ပုံစံ" လို့ ဌက်ဆိုးထိုးသံနှင့်အော်တဲ့ အသံကြားရင် အိပ်နေရာက အလူးလဲထထိုင်ရတယ်။ ကိုယ်အခန်းသော့ဖွင့်လို့ ကိုယ့်အမည်ခေါ်လိုက်ရင် ထလိုက်သွားရတယ်။ ခေါင်းစွပ်စွပ်ခံရပြီး မမြင်မကန်းနှင့် ရိုက်နှက်ကန်ကျောက်ခံပြီး ဒရွတ်တိုက်ဆွဲရာပါသွားရတယ်။ အဲဒီနောက်မှာတော့ သံခြေကျဉ်းခတ်လို့ ပို့လိုက်မယ့်ဝေးလံခေါင်ပါး အရပ်က ထောင်ဆိုးဆိုးကို အရိုက်အနှက်ခံပြီး သွားရမှာပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချိုးနှိမ်နေတဲ့ နအဖ အကျဉ်းထောင်တွေထဲက ကိုယ်ကျိုးမပါ အများအတွက် ထောင်ကျခံနေသာ ၂၂၀၀ သောနိုင်ငံရေးအကျဉ်းသား အားလုံးကို လေးစားဦးညွှတ်စွာဖြင့် ကျနော်သိသော အညတရသူရဲကောင်းများကို အကြောင်း ပြောပြလိုက်ပါတယ်။

ဦစန္ဒာသီရိ

ကျနော် ၁၉၉၃ စစ်ခွေးတိုက်ကနေ ဒုတိယအကြိမ် ပြန်ထွက်လာတော့ အမှတ်(၅)ဆောင်ကို ပို့လိုက်တဲ့အချိန်မှာပါ။ အဲဒီမှာ ကျနော် ဦးစန္ဒာသီရိနှင့် စတင်တွေ့တာပါ။ ပေါ့ပါးပြီး အများအတွက် အမြဲကူညီရန်အသင့်ရှိသော ကိုယ်တော်တပါးပါ။ တိုးတက်သော အတွေးအခေါ်များကို လက်ခံတယ်၊ ရှေးရိုးမှ မလိုအပ်သည့် အကြောင်းအရာ အယူအဆများကို ငြင်းဆန်တဲ့ တိုးတက်သော ရဟန်းပျိုတပါးဖြစ်တယ်။ ထိုအချိန်က ကျနော်တို့ လူငယ်နိုင်ငံရေးသမားများနှင့် ကောင်းတူဆိုးဖက် အမြဲရပ်တည်တဲ့ ကိုယ်တော်လည်းဖြစ်ပါတယ်။ ဦးဇင်းလေးက မျက်နှာဝိုင်းဝိုင်း မျက်လုံးဝိုင်းဝိုင်းနှင့် ပုရစ်နှင့်တူလို့ ကျနော်တို့က လူကွယ်ရာမှာဆိုရင် ဦးဇင်းကို ဦးဇင်းပုရစ်လို့ခေါ်ပါတယ် ။အဲဒီအတွက်လည်း ဦးစန္ဒာသီရိက ခွင့်လွှတ်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး နိုင်ငံတကာမီဒီယာတွေမှာ ဖေါ်ပြတော့ ဦးဇင်းရဲ့ပုံတွေကို ထိပ်ဆုံးမှာရော ဦးဆောင်သံဃာတော်အဖြစ် ရွှေတိဂုံဘုရားရင်ပြင်တော်က ဦးဇင်းပုံတွေဖူးရတော့ စိတ်လည်း အလွန်ပူမိပါတယ်။ စိတ်ပူတဲ့အတိုင်းပဲ ဦးစန္ဒာသီရိကို စစ်အစိုးရက ဖမ်းပြီး ထောင်(၁၁)နှစ်ချလိုက်ပါတယ်။  ဦးဇင်းအတွက် တတိယအကြိမ် ထောင်ကျခြင်းပါ။  ပြီးတော့လဲ စစ်တွေထောင်ကို ထောင်ပြောင်းပို့ထားတယ်။

ကိုဥာဏ်လင်း

ဒဂုံတက္ကသိုလ်မှ ၁၉၉၃ လှုပ်ရှားမှုတွင် ဗကသနှင့် အထက်ဗမာပြည် ဗကသ ဆက်နွယ်သည်၊ အစိုးရဆန့်ကျင်သော ကဗျာများ ရေးသားဖြန့်ဝေသည် ဆိုသည့် စွဲချက်ဖြင့် ထောင်(၆)နှစ် ကျလာသည်။ ကိုဥာဏ်လင်း အမြဲပြုံးနေတက်ပြီး အရပ်ရှည်ရှည်နှင့် ဆေးလိပ်အလွန်ကြိုက်သည်။ ဆေးလိပ်လိုက်ရှာနေသော ကိုဥာဏ်လင်းကိုတွေ့ရင် ထောင်ပိတ်ခါနီးပြီလို့ ပြောလို့ရသည်။ သူနှင့်အတူ ထမင်းစားသူတိုင်းကို သူရသော ထမင်းဝိုင်းက ဟင်းဝေစုကို မကုန်အောင်ထားပြီး ထမင်းအစားကြီး သူများကို ပြန်ထည့်ကျွေးတတ်သည်။ မိသားစုများသော ကိုဥာဏ်လင်း၏ အိမ်မှလာသော ထောင်ဝင်စာသည် နည်းနည်းနှင့်ကျဲကျဲ ဆိုတာမျိုးလိုဖြစ်ပေမယ့် ဆေးလိပ်လေးကိုတော့ ပေးခွင့်ပြုသည့်အတိုင်း နှစ်စည်းနှင့် အကျဉ်းဦးစီးမှ ရောင်းသည့် အစီခံမပါသော စီးကရက် နှစ်ဘူးက တော့ အမြဲမှာပါသည်။ အားလုံးနှင့် တည့်အောင်ပေါင်းပြီး အသံသြသြကြီးနှင့် ရယ်တတ်သူ ကိုဥာဏ်လင်းသည် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများထဲတွင် ကိုဝေမိုး(ယ္ခု ဧရာဝတီတွင် လုပ်နေသူ) ပြီးရင် အရပ်အရှည်ဆုံး ဖြစ်သည်။ စစ်တုရင်ထိုးတာ ၀ါသနာပါသည်။ ထောင်ပုံစံဆပ်ပြာတုံးများနှင့် လုပ်ထားပြီး ဖွက်ထားရသော စစ်တုရင်ရုပ်ကလေးများ သိမ်းထားတတ်သော ကိုဥာဏ်လင်းမှာ ကျနော်တို့ချက်စ်ထိုးချင်သည့်အခါတိုင်း ၅ ဆောင်တခုလုံးလိုက် ရှာရသောသူတဦးလည်း ဖြစ်သည်။ ကျနော်နှင့် ၅ ဆောင် ၅ခန်းမှာနေစဉ် ဘေးချင်းကပ်ရက် အိပ်ချိန်၌ အိပ်မပျော်သေးမီ လေသံဖြင့် တာဝန်ကျ ၀န်ထမ်း မကြားအောင် ပြောရသည့် ကျနော်တို့ အိပ်ယာဝင် စကားပြောလေးများတွင် မိသားစုကို ပြန်လည်စောင့်ရှောက်နိုင်သည့် သားတယောက်ဘ၀ကို ပိုင်ဆိုင်ချင်တဲ့ ကိုဥာဏ်လင်းရဲ့အိပ်မက်လေးက အမြဲပါတယ်။ အခုဒီစာကိုဖတ်နေချိန်မှာ ကိုဥာဏ်လင်း နအဖ၏ ထောင်ထဲမှာ ရှိနေမှာဖြစ်တယ်။
ကိုဥာဏ်လင်းအား နအဖ စစ်အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့မှာဖမ်းပြီး။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့မှာ စွဲချက်ပုဒ်မ ကိုးခုဖြင့် (၆၅) နှစ် (၆) လ ထောင်ဒဏ်ချမှတ်ကာ အမိန့်မချသေးဘဲ ဆိုင်းငံ့ထားသော ပုဒ်မအချို့လည်း ရှိနေသေးပါသည်။ ကိုဥာဏ်လင်းရဲ့ တတိယအကြိမ် ထောင်ချခံရခြင်းပါ။ မိသားစုနှင့်ဝေးရာ ဖားအံထောင်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့က ပြောင်းရွှေ့ခြင်းခံထားရတယ်။

ကိုစောသက်ထွန်း(ခ) သက်ထွန်း 

၁၉၉၁ခုနှစ်က ABSDF နှင့်ဆက်သွယ်မှုဖြင့် ထောင်(၇)နှစ်ကျခဲ့ သူဖြစ်သည်။ ကျနော်နှင့် အချုပ်ဆောင်မှာလည်း အတူတူနေခဲ့ပြီး ၁၉၉၁ ဒီဇင်ဘာလ ထောင်ကျတော့ အဆောင်ကွဲသွားပြီး နောက်ပိုင်းတွင် ၁၉၉၃ တွင် ကျနော် အပြစ်ဒဏ်တိုက်(စစ်ခွေး) မှ အမှတ်(၅)ဆောင်ကို ပြောင်းခံရတော့ ပြန်ပြီး အတူတွေ့ရသည်။ တာမွေသား ကိုစောသက်ထွန်းကို ကျနော်တို့က သက်ထွန်းလို့ ခေါ်လေ့ရှိပြီး ငွေသွားစိုက်ထားတဲ့ သူ့အား ကျနော်တို့ နောက်ချင်ရင်ခေါ်တာကတော့ ဒန်သွား ဖြစ်သည်။ ဆရာကြီးဦးတင်မိုးကို အရမ်းဂရုစိုက်ပြီး မနက်မိုးလင်းတာနှင့် ငပိကြော်တွေ ထောင်ဝင်စာလာတဲ့ စားစရာတွေစုထည့်ထားတဲ့ အထုပ်တွေနှင့် အလုပ်များနေတတ်သည်။ သူက အင်္ဂလိပ်စာကို အရမ်းလေ့လာလို စိတ်ရှိပြီး ဘွဲ့လွန်ကျောင်းသားနှင့် စာရေးဆရာဖြစ်ချင်ကြောင်း ကျနော့ကို ပြောဖူးသည်။ ကျန်းမာရေးမကောင်းသူများ အတွက် ဆေးရှိသူများ ထံမှ လိုက်တောင်းပေးပြီး လူကြီး လူငယ်မရွေးပေါင်းတတ်သော ကိုစောသက်ထွန်းသည် အားလုံးအတွက် အချေးအငှား တာဝန်ယူ လိုက်လုပ်ပေးနိုင်သည့် လူချစ်လူခင်ပေါသူတယောက်ဖြစ်သည်။ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သော ကျနော်တို့ ဆေးလိပ်မရှိလို့ စိတ်ညစ်နေရင် ဆေးလိပ်မသောက်ဘို့ ဗျစ်တောက် ဗျစ်တောက်ပြောပြီး ဆေးလိပ်ရှာပေးလေ့ရှိတယ်။ ကျနော်ကိုလည်း အရွယ်တူဖြစ်ပေမယ့် အမြဲညှာသည် ။သူနှင့် အယူအဆကွဲလွဲလို့ ကျနော်စိတ်တိုသွားရင် အလျော့ပေးလေ့ရှိသည်။
ကိုစောသက်ထွန်းကို နအဖ စစ်အစိုးရက ပုဒ်မလေးခုဖြင့် ၁၉၉၉ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ထောင်ဒဏ် (၃၆)နှစ် ဒုတိယအကြိမ် ထောင်ချပြီး သာယာဝတီထောင်သို့ ပြောင်းရွှေ့ထားသည်။

ကိုလက်ယာထွန်း

ကိုလက်ယာထွန်းက ကျနော်နှင့် အရင်းနှီးဆုံးစာရင်းထဲမှာပါတဲ့ သူငယ်ချင်းတယောက်ပါ။ ဗလကောင်းကောင်း  ရန်ကုန် ဆူးလေဘုရားလမ်းက မဟုတ်မခံလူငယ် တယောက်ဖြစ်ပါတယ်။ ထောင်ထဲမှာ သုံးတဲ့ဝေါဟာဒနှင့်ဆိုရင် တမြို့နယ်ထဲသား တရပ်ကွက်ထဲသားဆိုရင် အပိုင်သားလို့ ခေါ်လေ့ရှိတယ်။ ကျနော်နှင့် ကိုလက်ယာထွန်းက အပိုင်သားတွေပါ။ ပျော်ပျော်နေတတ်ပြီး စိတ်မထင်ရင် မထင်သလို ဘုဂလန့်ပြောတတ်တဲ့ ကိုလက်ယာထွန်းကို ကျနော်တို့က လက်ယာကြီးလို့ခေါ်တယ်။ စစ်တုရင်ထိုးကောင်းသူ တယောက်ဖြစ်ပြီး အင်္ဂလိပ်စာကောင်းတဲ့ ဗဟုသုတကြွယ်ဝသော ကျောင်းသားတယောက်ဖြစ်တယ်။ ABSDF နှင့်ဆက်နွယ်ပြီးထောင်ကျလာသူဖြစ်တယ်။  အေးအေးဆေးဆေး နေတက်သူတယောက်ဖြစ်တယ်။ ကျနော်ကိုလည်း သူငယ်ချင်းသံယောဇဉ်နှင့် ကျနော်ထောင်က လွတ်ပြီးနောက်မှာ သူနှင့် ကိုတင်ဝင်းအောင်တို့ လာတွေ့ပါတယ်။ တွေ့ပုံကလည်း အမှောင်ထဲကနေ ဗင်ကားတစင်းနှင့် ညဖက်ကျနော်ကို ဟေ့ကောင်မပြေးနှင့်လို့ အသံဖျက်ပြီးပြောလိုက်တာ ကျနော်ဖြင့် ဟာသွားပြီလို့ထင်ခဲ့တာ။ လန့်သွားတဲ့ကျနော်ကို သူနှင့် ကိုတင်ဝင်းအောင်တို့ အူတက်အောင်ရီကြ ကျနော်လည်းရီကြရတယ်။ ပြီးတော့ ကျနော်တို့တတွေ လျှောက်သွားကြ စားသောက်ကြတယ်။ အင်မတန်မှ လူသားဆန်ဆန်နေကြတဲ့ ကျနော်တို့သူငယ်ချင်းတွေပါ။ ကိုလက်ယာထွန်းကို နအဖ က ဒုတိယအကြိမ်ဖမ်းပြီး ဖေဖေါ်ဝါရီလ (၁)ရက် ၁၉၉၈ ခုနှစ်မှာ သေဒဏ်ချပြီး သာယာဝတီထောင်မှာ ထားပါတယ်။


နိုင်ငံရေးအကျဉ်းသားများ အလုံးစုံလွှတ်ပေးရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေသော မြန်မာပြည်တွင်းနှင့် ကမ္ဘာ့အရပ်ဒေသ အသီးသီးမှ တိုက်ပွဲဝင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးသော ကျနော်တို့ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်တကွ ၈၈မျိုးဆက်ခေါင်းဆောင်များ အပါအ၀င် လူသူမသိတဲ့ ၂၂၀၀ စာရင်းထဲက အညတရ သူရဲကောင်းများ အမြန်ဆုံးလွတ်မြောက်ရေးသည် ပထမ အရေးကြီးဆုံးဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို မလွှတ်ပေးမခြင်း နိုင်ငံရေးပြောင်းလွှဲမှု ဆိုတာမဖြစ်နိုင်ဘူးလို့ ယုံကြည်ပါသည်။ ကျနော်သိတဲ့ အညတရ တိုက်ပွဲဝင်များကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။

ရဲမင်းထွန်း


No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....