Thursday, December 23, 2010

အောင်မြင်သာ စံပြကျေးရွာ အပ်နှင်းပွဲတွင် လူပေါင်း တထောင် အဓမ္မ တက်ရောက်ခိုင်းကြောင်း ကချင်အဖွဲ့က ပြော

ကိုညီ။ ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၁၀


ကချင်ပြည်နယ်အတွင်း တည်ဆောက်မယ့် ရေကာတာများရဲ့ ရေလွှမ်းဧရိယာအတွင်း ကျရောက်တဲ့ ကျေးရွာများအား ပြောင်းရွှေ့နေရာချထားလျက်ရှိရာ အောင်မြင်သာ စံပြကျေးရွာ အပ်နှင်းပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အောင်မြင်သာ စံပြကျေးရွာ အပ်နှင်းပွဲတွင် ပြည်သူ တထောင်ကျော်အား အတင်းအဓမ္မ တက်ရောက်ခိုင်းကြောင်း ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကွန်ယက်အဖွဲ့ (Kachin Development Networking Group) က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


ဲမြန်မာစစ်အာဏာရှင်များဟာ ဧရာဝတီမြစ်ဆုံ ရေတာကာစီမံကိန်းကို ၂၀၀၇ ခုနှစ်ခန့်က စတင်

တည်ဆောက်ခဲ့ပြီး မြန်မာ လျှပ်စစ်ဓါတ်အားဝန်ကြီးဌာနနဲ့ တရုပ်ပြည်က China Power Investment Corporation ၊ China Southern Power Grid တို့ သဘောတူ လက်မှတ်ရေးထိုးပြီး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းရဲ့ တည်ဆောက်ရေး လုပ်ငန်းများကို မြန်မာကုမ္ပဏီ တခုဖြစ်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီကလည်း ဆောင်ရွက်နေပါတယ်။ မြန်မာစစ်အစိုးရဟာ မြစ်ဆုံ၊ ချီဖွေ ရေကာတာ အပါအ၀င် ဧရာဝတီမြစ်တလျောက်နဲ့ ကချင်ပြည်နယ်အတွင်း ရေကာတာ ရှစ်ခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အဲဒီ စီမံကိန်းထဲက မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို စတင် တည်ဆောက်နေပြီး ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း စတင်ခြင်း အခမ်းအနားကို ၂၀၁၀ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၉ နာရီက ချီဖွေတမံလုပ်ငန်းခွင်တွင် ပြုလုပ်ခဲ့ပါတယ်။ ချီဖွေ ရေအားလျှပ်စစ်စီမံကိန်းကို အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ တရုပ်ပြည်က CPI Yunan International Power Investment Co., Ltd နဲ့ အေးရှားဝေါလ် လျှပ်စစ်စီမံကိန်းလုပ်ငန်းတို့ ပူးပေါင်း အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။


ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ အောင်မြင်သာ စံပြကျေးရွာ အပ်နှင်းပွဲကို မြောက်ပိုင်းတိုင်း တိုင်းမှူး၊ အေးရှားဝေါလ်ကုမ္ပဏီမှ အရာရှိများ၊ China Power Investment Corporation မှ အင်ဂျင်နီယာများ တက်ရောက်ခဲ့သလို မြစ်ကြီးနားနဲ့ အနီးတ၀ိုက် ကျေးရွာများ အပါအ၀င် စုစုပေါင်း ရပ်ကွက် ၂၈ ခုမှ ပြည်သူများကို အတင်းအဓမ္မ စုဆောင်းကာ တက်ရောက်စေခဲ့ပါတယ်။


မြစ်ဆုံရေကာတာစီမံကိန်းဒေသ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကွန်ယက်အဖွဲ့က မအားနန်ကို ယနေ့မြန်မာက မေးမြန်းခဲ့ရာ “မနေ့ (ဒီဇင်ဘာ ၂၁ ရက်နေ့) ကဆိုရင် ရွှေ့ပြောင်းထားတဲ့ ရွာသားတွေအတွက် ဆောက်ပေးထားတဲ့ ကျေးရွာ၊ ဆေးရုံစတာတွေကို ပြပြီး မြစ်ကြီးနားဒေသက ပြည်သူတွေကို အတင်းအဓမ္မ သွားပြီး တက်ရောက်ခိုင်းတာတွေ ရှိတယ်။ အခု ရွှေ့ပြောင်းလိုက်ရတဲ့ ရွာသားတွေ ဒုက္ခ အများကြီး ရောက်တယ်။ သူတို့ စားဝတ်နေရေးအတွက် ရေ မရှိဘူး၊ စိုက်ပျိုးစရာ မြေ မရှိဘူး။ ကျန်းမာရေးပြဿနာ၊ ကလေးတွေရဲ့ ပညာရေးပြဿနာ အများကြီး ကြုံနေရတယ်။


မြစ်ဆုံရေကာတာ ဆောက်တာက ကချင်ပြည်နယ်တခုထဲ ဆုံးရှုံးတာ မဟုတ်ဘူး။ ရေကာတာဆောက်ပြီးတဲ့အခါကျရင် မြစ်အောက်ပိုင်းမှာရှိတဲ့ ဧရာဝတီမြစ်တလျောက်မှာလည်း ပြဿနာတွေ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ ရွာသားတွေ နေရာ ရွှေ့ပြောင်းရတဲ့အတွက် သူတို့ စားဝတ်နေရေး၊ လူမှုရေးကိစ္စတွေတင် ဆုံးရှုံးတာ မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ဆုံးရှုံးမှုလည်း ရှိတယ်။


အခု ပြောင်းခိုင်းတဲ့ ရွာတွေထဲက တမ်မ်ခဲ ရွာဆိုရင် ကချင်ရိုးရာအိမ်တွေ ရှိတယ်။ ဥပမာ - မြန်မာပြည်မှာ အရေးပါတဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်း ၅ ခုထဲက တခုအပါအ၀င်ဖြစ်တဲ့ ဘုရားကျောင်း ရှိတယ်။ အခု အဲဒီ ဘုရားကျောင်းကိုလည်း ပြောင်းခိုင်းတယ်။ အဲဒါကို သင်းအုပ်ဆရာတွေက သဘောမတူဘူး။ အခု အသစ် ဆောက်ပေးမယ့် ဘုရားကျောင်းကလည်း အေးရှားဝေါလ်နဲ့ တရုပ်ကုမ္ပဏီတွေက သူတို့ စိတ်ကြိုက် ဆောက်တာဖြစ်ပြီး သင်းအုပ်ဆရာတွေရဲ့ သဘောထားတွေလည်း မပါဘူး။“ လို့ ရှင်းပြပါတယ်။ မြန်မာအာဏာပိုင်တွေဟာ တမ်မ်ခဲ ကျေးရွာအပြင် Mazup ၊ Dawng Pan ၊ Sut Ngai Yang နဲ့ Shoi Ba ကျေးရွာများက ရွာသားများကို အတင်းအကြပ် အိမ်ယာရွှေ့ပြောင်းခိုင်းပြီး ဖြစ်ပါတယ်။


မြန်မာစစ်အစိုးရရဲ့ ရေအားလျှပ်စစ်စီမံကိန်းများနဲ့ ဆက်စပ်ပြီး မြန်မာပြည်သူတွေ ဒုက္ခရောက်နေကြချိန်မှာ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်တဲ့ ကုမ္ပဏီကြီးများကတော့ အမြတ်အစွန်းများစွာ ရရှိနေပါတယ်။ ထိုနည်းတူ လုပ်ကိုင်ခွင့် ပေးခဲ့တဲ့ မြန်မာအာဏာပိုင်များလည်း လာဘ်ငွေများ ရလိမ့်မယ်လို့ အများက ယူဆကြပါတယ်။ မြန်မာပြည်မှာ စွမ်းအင်အရင်းအမြစ်များစွာ ရှိပြီး အဲဒီ စွမ်းအင်အရင်းအမြစ်များမှ မြန်မာပြည်သူများ လျှပ်စစ်မီး လုံလောက်စွာ ရရှိနိုင်ကြောင်း မြန်မာစစ်အစိုးရရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။


(သတင်းရင်းမြစ် - ယနေ့မြန်မာ)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....