Saturday, December 25, 2010

ပုလဲနက် သူရဲကောင်း

ဆိုမာလီတွင် မွေးဖွားခဲ့သူ အယန်း ဟာစီအလီ မှာ ဒတ်ခ်ျပါလီမန်မှ အမျိုးသမီး အမတ်တစ်ဦး ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အစ္စလမ် ရှရိယာ ဥပဒေအကြောင်း ဆွေးနွေးတဲ့ တီဗွီ ပရိုဂရမ်တစ်ခုမှာ ပါဝင်ပြီးနောက်
အစ္စလမ်ဘာသာနဲ့ အမျိုးသမီးတွေအပေါ် ပြုမူဆက်ဆံပုံအကြောင်း သူမအမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သူ ဖြစ်သည်။
တစ်ခါတော့ ဒတ်ခ်ျမှာနေတဲ့ မော်ရိုကိုသူလေးတစ်ယောက်က တီဗွီ ပရိုဂရမ်မာကို ပြောပြသည်။ သူမဘ၀က မိသားစု ရိုက်နှက်လို့ အမြဲ ကြောက်နေရတဲ့အကြောင်း၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင် အနောက် တိုင်း အ၀တ်အစားဝတ်ရင် ပြည့်တန်ဆာမလို့ အိမ်က ခေါ်တဲ့ အကြောင်းတွေ ပြောပြသည်။
အယန်းဟာစီအလီက ဘေးကနားထောင်ရင်း မနေနိုင်။ ကောင်မလေးနဲ့အတူ ရဲစခန်းသွားပြီး တိုင်ကြသည်။ ရဲစခန်းက လိုရင်းတိုရှင်း ပြောလိုက်သည်။ “ကျနော်တို့ ခင်ဗျားတို့ကို မကူညီနိုင်ပါဘူးခင်ဗျာ။ ဒီကလေးမလို မိန်းကလေးတွေက အများကြီးပဲဟာ။ ဒါတွေလိုက်ဖြေရှင်းဖို့က ရဲအလုပ် မဟုတ်ဘူး” ဟု။
ခြိမ်းခြောက်ခံနေရတဲ့ မူစလင် မိန်းကလေးတွေကို စောင့်ရှောက်ဖို့က ပုံမှန်အားဖြင့် ဒတ်ခ်ျနိုင်ငံရေးသမား တစ်ယောက် အလုပ်မဟုတ်။ သို့သော် အယန်းဟာစီအလီက အများကြီးလုပ်ခဲ့သည်။ ထိုကလေးမကို သူ့အိမ်တွင် ခေါ်ထားရင်း အထက်တန်းပြီးတဲ့အထိ ကျောင်းထားပေးသည်။
“အယန်းက ကျမကို နေ့စဉ်အားပေးတယ်။ အခုအလုပ်ရပြီး ကိုယ့်ဖာသာ အခန်းငှားနေပါတယ်။ ကျမ ခွန်အားတွေ ရှိလာတာ အစ်မကြောင့်ပါ။ ကျမတို့ရပ်ကွက်မှာ ဒီလိုစကားပြောဖို့ဆိုတာ သိပ်ခက်ခဲပြီး အန္တရာယ်များတယ်။ အယန်းက အများကြီး ကျမတို့ကို ကူညီခဲ့တယ်” လို့ ကောင်မလေးက ပြန်ပြောပြသည်။
အယန်းဟာစီအလီကလည်း “ဒီမှာ မိန်းကလေးတွေ အမြဲတမ်း အထိတ်တလန့်နဲ့နေရတာကို လူအနည်းငယ်ကပဲ သတိပြုမိကြတယ်။ အဖေနဲ့ အကိုတွေရဲ့ ခွင့်ပြုချက်မရဘဲ အိမ်ပြင်ထွက်မိခဲ့ရင် မွေးရပ်ဇာတိနိုင်ငံ ပြန်ခေါ်သွားပြီး ပစ်သတ်လိုက်ကြတာပဲ။ ညတိုင်း မုဒိမ်းပြုကျင့်မယ့်သူနဲ့ အတင်းလက်ထပ်ခိုင်းတယ်။ ကိုယ်ဝန်မလွယ်ချင်လည်း မရဘူး၊ တစ်နှစ်ပြီးတစ်နှစ် ကလေးတွေယူရတယ်။ အဲဒီတရားမမျှတမှုကြီးကို မြင်နေကြရတယ်။ ဒါကို ကျမတို့ အမျိုးသမီးတွေ တိုက်ဖျက်ပစ်ရမယ်” ဟု ပြောခဲ့သည်။
အသက် ၃၆ နှစ်ရှိ အယန်းဟာစီအလီ က နိုင်ငံရေးမှာရော လူမှုရေးမှာပါ ကမ်ပိန်းတွေ လုပ်လာသည်။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိလာသည်။ ၂၀၀၄ နိုဝင်ဘာတွင် သူမမိတ်ဆွေ ရုပ်ရှင် ဒါရိုက်တာ သီအိုဗန်ဂိုး အသတ်ခံခဲ့ရသည်။ အမ်စတာဒမ်မြို့ နေ့လည်ကြောင်တောင်မှာ ခေါင်းဖြတ်သွားခြင်းပင်။ သေသူရဲ့ ဗိုက်ပေါ်မှာ အယန်းဟာစီအလီကို ရည်ညွှန်းတဲ့ စာတစ်စောင် ဓါးနဲ့ ထိုးစိုက်ထားရစ်ခဲ့သည်။ “သေချင်သေးတယ်ဆိုရင် မှန်တယ်ထင်တာ ဆက်လုပ်ကြည့်ပေါ့” ဟု။
သူမဘာများလုပ်ခဲ့မိလို့လဲ ဟာစီအလီ တွေးနေမိသည်။ သီအိုဗန်ဂိုးနဲ့အတူ မူစလင်အမျိုးသမီးတွေ အနှိပ်စက် ခံရတဲ့အကြောင်း ရုပ်ရှင်တစ်ကား ပညာပေးရိုက်ခဲ့ကြသည်။ ဒါနဲ့ ရာဇ၀တ်မှုတွေ ဖြစ်ရရောလား။

အယန်းဟာစီအလီ ၇၅ ရက်လောက် လူထုမြင်ကွင်းက ချက်ချင်းပျောက်သွားသည်။ အမေရိကတွင် တိတ်တဆိတ် သွားရှောင်နေခြင်း ဖြစ်သည်။ သို့သော် သူမ အသံတိတ်ပြီး ကြာကြာမနေနိုင်။ ဒတ်ခ်ျပါလီမန်ကို ပြန်ပေါက်ချလာသည်။ ပုလဲနက်ရောင် ပိန်ပိန်သွယ်သွယ်နဲ့ သားသားနားနား ၀တ်စားထားတဲ့ အမျိုးသမီးကို ရဲတစ်အုပ်က အကာအကွယ် ပေးထားသည်။ သူမ ခန္ဓာကိုယ်က ပါးလျားလျားနိုင်သလို အသံကလည်း တိုးညင်း ယဉ်ကျေးသည်။ ဒါပေမဲ့ စကားလုံးတွေက ခွန်အားအပြည့်၊ အားမာန်အပြည့်။
ဟာစီအလီ က မူစလင်အမျိုးသမီးငယ်တွေ သူတို့အိမ်မှာ အနှိပ်စက်ခံနေရတာကို ကမ္ဘာသိအောင် ပြနိုင်ပြောနိုင်မယ်ဆိုရင် သူတို့ဘ၀ လွတ်မြောက်မှုတွေ စရမှာပဲဆိုတာ ပြင်းပြင်းထန်ထန် ယုံကြည်နေသည်။ ဒါက အစ္စလမ်ဘာသာကို အပြောင်းအလဲနှင့် တိုးတက်စေဖို့ ဖြစ်သည်။
သုံးနှစ်ဆက်တိုက် ပါလီမန်တွင် မူဆလင်အမျိုးသမီးများဘ၀ တိုးတက်ဖို့ ဥပဒေမူကြမ်းတစ်ခု သူမ တင်သွင်းသည်။ ဥရောပအနှံ အရေးကြီးဆုံး နိုင်ငံရေး အာဂျင်ဒါတစ်ခုဖြစ်အောင် စည်းရုံးလှုံ့ဆော်သည်။ ဟာစီအလီရဲ့ ရဲဝံစွန့်စားတဲ့ ကမ်ပိန်းတွေကြောင့် တိုင်းမ်မဂ္ဂဇင်းတွင် နှစ်ကြိမ် မျက်နှာဖုံး ဖော်ပြခံရပြီး၊ ရီးဒါးဒိုင်ဂျက်စ်ရဲ့ ၂၀၀၆ ခုနှစ် ထူးခြားထင်ရှား ပုဂ္ဂိုလ်အဖြစ် အရွေးခံရသည်။

အယန်းဟာစီအလီကို ဆိုမားလီယားနိုင်ငံ မိုဂါဒစ်ရှုးမြို့တွင် ၁၉၆၉ ခုနှစ်မှာ မွေးခဲ့သည်။ ငယ်ငယ်ကတည်းက မူစလင် ဘာသာရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနည်းနေတယ်ဆိုတာ သူသိနေခဲ့တယ်ဟု ဆိုသည်။ ငါးနှစ်သမီးတွင် အဖွားဖြစ်သူရဲ့ အတင်းတိုက်တွန်းမှုကြောင့် လိင်အင်္ဂါစပ် ဖြတ်တောက်ပစ်ရတဲ့ ဒုက္ခဝေဒနာကြီးကို ကြုံတွေ့ခံစားခဲ့ရသည်။ အဖွားကတော့ သူ့သမီး ဟာစီအလီရဲ့အမေတုန်းက မဖြတ်ပစ်လို့ ကလေးတစ်ယောက်ထဲ ရခဲ့တာဟု အကြောင်းပြသည်။ တကယ်က သူမအမေမှာ ကလေးသုံးယောက်ရခဲ့ပြီး နှစ်ယောက် ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဟာစီအလီမှာ မွေးကတည်းက သူ့အဖေကို မမြင်ဖူးခဲ့။ သူ့အဖေက အာဏာရှင် မက်စ်ဝါဒီ မိုဟာမဒ် စီအဒ်ဘာရေး ကို ဆန့်ကျင်နေသူ။ ဟာစီအလီ ခုနှစ်နှစ်သမီးအထိ သူ့အဖေက ထောင်ထဲမှာ။ နောက် ၁၉၇၆ ခုနှစ်မှာ ဆိုမာလီယာကနေ ထွက်ပြေးသွားသည်။ သူတို့ မိသားစုလည်း သူ့အဖေပြေးရာ ဆော်ဒီအာရေဗီယ၊ အီသီယိုပီယား၊ ကင်ညာနိုင်ငံတို့ကို လျှောက်လိုက်ရသည်။
ဟာစီအလီက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မိန်းကလေး အလယ်တန်း ကျောင်းတွင် ကျောင်းတက်ပြီး အင်္ဂလိပ်စာ သင်ယူခဲ့သည်။ အသက် ၁၆နှစ်မှာ ရှီအိုက် ဆရာတစ်ဦးရဲ့ ဩဇာ လွှမ်းခံရမှုကြောင့် မူဆလင် အခြေခံဝါဒီဘက် ယိုင်ခဲ့သေးသည်ဟု ဆိုသည်။
သို့သော် ဒါက ယာယီစွဲလန်းမှုမျှ။ ၁၉၉၂ ခုနှစ်ကျတော့ ကနေဒါမှာနေတဲ့ ဟာစီအလီတို့ရဲ့ ဆွေမျိုးသားချင်းတစ်ယောက် နိုင်ရိုဘီကို ပေါက်ချ လာသည်။ အဲဒီသူက အသက် ၂၂နှစ်ပြည့်နေပြီဖြစ်တဲ့ ဟာစီအလီနဲ့ လက်ထပ်ဖို့ သူမအဖေကို တွန်းပြောနေတော့သည်။ ဟာစီအလီက လက်မထပ်ချင်ဘူးဟု ငြင်းသည်။ သို့သော် သူမတွင် ရွေးချယ်စရာလမ်း မရှိ။ အသစ်ချပ်ချွတ် ခင်ပွန်းနဲ့အတူ ကနေဒါသို့ လိုက်ပါသွားခဲ့ရသည်။
ကနေဒါကိုသွားတော့ ဂျာမဏီမှာရှိတဲ့ ဆွေမျိုးတွေဆီ လှည့်ဝင်ကြသည်။ အဲဒီမှာကတည်းက ဟာစီအလီတစ်ယောက် အတင်းခိုင်းလို့ ယူခဲ့ရတဲ့ ယောက်ျားဆီကနေ ထွက်ပြေးဖို့ ဆုံးဖြတ်နေပြီ။ နယ်သလန်မှာ နိုင်ငံရေးခိုလှုံခွင့်တွေ တောင်းလို့ရတယ် မဟုတ်လား။ အဲဒီမှာပဲ အမြဲသွားနေတော့မယ်ပေါ့။
အယန်းဟာစီအလီက သူအခြေချမယ့် နိုင်ငံသစ်မှာ အောင်မြင်အောင်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီးသား။ ဒတ်ခ်ျ ဘာသာစကားကို သင်ယူသည်။ စက်ရုံမှာ သန့်ရှင်းရေးအလုပ် လုပ်ရသည်။ စာအိတ်တွေ ကော်ကပ်ရတဲ့ အလုပ် လုပ်ခဲ့သည်။ “ဒါပေမဲ့ လွတ်လပ်မှုကြောင့် ကျမ အရမ်းပျော်ရွှင်နေတယ်။ ကိုယ့်ဟာကိုယ် မှန်ကန်တဲ့လမ်းကြောင်း လျှောက်နေတယ်ဆိုတာ မိသားစုကို သက်သေပြနေတယ်” ဟု သူမက ပြောသည်။
နောက်တစ်နှစ်လောက် လူမှုလုပ်ငန်းမှာ ၀င်ကူရင်း ရှေ့ဘာလုပ်သင့်တယ်ဆိုတာ မြင်သွားသည်။ Leiden တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံမာစတာဘွဲ့ တက်ခွင့်ရဖို့ လျှောက်လိုက်သည်။ တဖက်ကလည်း ဒတ်ခ်ျ လူဝင်မှု့ကြီးကြပ်ရေးမှာ စကားပြန်ဝင်လုပ်ရင်း၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဒုက္ခသည်စခန်းတွေ၊ အမျိုးသမီးအဆောင်တွေ၊ တရားရုံးတွေ အများကြီး ရောက်ခဲ့သည်။
ဒီအလုပ်က ဟာစီအလီရဲ့ နားမျက်စိတွေ ပွင့်စေခဲ့သည်။ “တက္ကသိုလ်ပရ၀ဏ်မှာ၊ ရထားပေါ်မှာ၊ လမ်းမပေါ်မှာ အကုန်လုံးက လူဖြူတွေချည်းပဲ။ လူမည်းဆိုလို့ ကျမတစ်ယောက်ထဲ။ ဒါပေမဲ့ ဆင်ခြေဖုံးက အမျိုးသမီးအဆောင်တွေ ၀င်လိုက်တော့ အားလုံးက လူမည်းတွေချည်း ဖြစ်နေရော။ ဒီနယ်သာလန်ကို ရွှေ့ပြောင်းလာတဲ့ မိုက်ဂရမ့် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက အကျဉ်းထောင်တွေ၊ အမျိုးသမီးဂေဟာတွေ၊ စိတ်ရောဂါကု ဆေးရုံတွေထဲမှာ။ အများစုက အလုပ်လက်မဲ့တွေ ဖြစ်နေတယ်” ဟု သူမ မြင်တွေ့ခဲ့ရတာကို ပြောသည်။
တချို့ အဖြစ်တွေဆို သိပ်ကြောက်ဖို့ကောင်းသည်။ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဆို သူ့အစ်ကို ၀မ်းကွဲရဲ့ အဓမ္မပြုကျင့် ခံရသည်။ သူ့အစ်မကိုလည်း အဓမ္မပြုကျင့်ပြီး မယူခဲ့။ ညီအစ်မနှစ်ယောက်စလုံး ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ  အသက်နှစ်နှစ်အောက် ကလေးနှစ်ယောက်နဲ့။ ကလေးတွေရဲ့ ညစ်ထေးထေး အနှီးတွေနဲ့အတူ ချေးနံသေးနံတွေက အခန်းမှောင်မှောင်လေးမှ စူးထွက်နေသည်။
တချို့ နောက်ဖေးလမ်းကြားတွင် ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းလေးတွေကို ဟာစီအလီ မြင်ခဲ့ရသည်။ အဓမ္မပြုကျင့်ခံရသူများနဲ့ သားချင်းများရဲ့ပြုကျင့်ခံရသူများကို အပျိုစင်မပျက်အောင် ပြန်ထိန်းပေးတဲ့ အရပ် လက်သည်များလည်း ရှိသည်။ ဒီလိုမှ အရပ်လက်သည်များက မကူညီရင် ဘသားချောပေါင်းစုံရဲ့ သားကောင် ဖြစ်တော့မည်။ ကြာရင် မိသားစုကလည်း အရှက်ရလို့ သတ်ပစ်လိမ့်မည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အတင်းလက်ထပ်ခိုင်းပြီး ကလေးအများကြီးမွေးနေရတဲ့ မိန်းကလေးငယ်တွေကို ဟာစီအလီ အများကြီးမြင်နေရသည်။ ယောက်ျားတွေရဲ့ ရိုက်နှက်ကန်ကျောက်မှုကို သူတို့  နေ့စဉ်ခံနေရသည်။ တချို့ မိန်းကလေးများက အလ္လာအရှင်တော်မြတ် အလိုတော်အတိုင်းပါပဲ၊ သူတို့နဲ့တန်တာ ရနေတာပါလို့ ယုံကြည်ပြီး စွတ်မှိတ်ခံနေကြသည်။

၂၀၀၀ ခုနှစ်တွင် ဒတ်ခ်ျလေဘာဘာတီရဲ့ ဖောင်ဒေးရှင်းတစ်ခုနဲ့ အယန်းဟာစီအလီ ချိတ်ဆက်မိခဲ့သည်။ မူစလင်အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရတာကို သုတေသနလုပ်ဖို့ ပထမဆုံးအကြိမ် ပလက်ဖောင်း ရသွားသည်။
“အမြန်ဆုံးနည်းလမ်းကတော့ အမျိုးသမီးတွေ ဖြစ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုး သူတို့ဟာသူတို့ ရပ်တည်နိုင်ဖို့ပဲ။ ကျောင်းမှာ လွတ်လွတ်လပ်လပ် စာသင်ခွင့်ရှိရမယ်။ အလုပ်လုပ်ခွင့် ရှိရမယ်။ သူတို့အိမ်ထောင်ဖက် သူတို့ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ သူတို့ ကြိုက်တဲ့အချိန်ရွေးပြီး ကလေးမွေးခွင့် ရှိရမယ်။ အဲလိုနည်းနဲ့မှ သူတို့ ဒတ်ခ်ျလို အနောက်နိုင်ငံတွေနဲ့ အမြန်အံဝင်လာမယ်” ဟု ဟာစီအလီက ရှင်းပြသည်။
နယူးယော့ခ်မှာ ၂၀၀၁ စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် သူမ အပြောအဆိုတွေက ပိုရဲတင်းလာသည်။ အစွန်းရောက် အစ္စလမ်အုပ်စုတွေရဲ့ သတ်ပစ်ဖို့ တိုက်ရိုက်ခြိမ်းခြောက်စာတွေ သူမဆီ ရောက်လာသည်။ လမ်းကြားတစ်ခုမှာ အဓမ္မပြုကျင့်ဖို့ ကြိုးစားတာ ခံလိုက်ရသေးသည်။ ကံကောင်းလို့ ရဲအကာအကွယ် ရရှိသွားသည်။
သူမအမြင်တွေက ဒတ်ခ်ျလေဘာပါတီရဲ့ ပေါ်လစီနဲ့ သဘောထားကွဲလွဲစရာတွေ ရှိလာသည်။ ဒါကြောင့် အာဏာရညွန့်ပေါင်းဖွဲ့ထားတဲ့ လေဘာပါတီက နှုတ်ထွက်ပြီး၊ လက်ျာပါတီ VVD ကို ရောက်သွားသည်။ ၂၀၀၃ ခုနှစ်မှာ ဒတ်ခ်ျပါလီမန် အောက်လွှတ်တော် အဖွဲ့ဝင်အဖြစ် နယ်တစ်ခုကနေ ရွေးချယ်ခံရသည်။
အဲဒီကတည်းက ဟာစီအလီတစ်ယောက် သူမနိုင်ငံရေး မစ်ရှင်ကို မနားတမ်းဆွယ်တရားတွေ လုပ်လာသည်။ နယ်သာလန်က ဒတ်ခ်ျလူဖြူတွေမှာ ‘သူစိမ်းကြောက်ရောဂါ’ (xenophobia) ရှိတဲ့အကြောင်း၊ ရွှေ့ပြောင်း မိုက်ဂရမ့်တွေအပေါ် သည်းခံစိတ် မရှိတဲ့အကြောင်း စွတ်စွဲမှုတွေ ပါလာသည်။ နယ်သာလန်တွင် မူဆလင်သန်းချီနေပြီး လူဖြူများရဲ့ ကျဉ်ဖယ်မှု ခံနေကြရသည်။
တစ်နေ့ သူမရှိရာ ‘သည်ဟိတ်မြို့’( The Hague) မြို့ ဒတ်ခ်ျပါလီမန်ထဲ လူငယ်တစ်ယောက် ပေါက်ချလာသည်။ ထိုလူငယ်က ဟာစီအလီကို တည့်တည့်ကြည့်ရင်း “မဒမ်၊ ခင်ဗျားကို မူဂျာဟေဒင်တွေ ရှာပြီး သတ်ပါစေလို့ ကျုပ်မျှော်လင့်တယ်” ဟု အများရှေ့ လာပြောသည်။ ဟာစီအလီက သူမစားပွဲပေါ်က ပေါင်မုန့်လှီးတဲ့ဓါး အဲဒီလူငယ်ကို ထိုးပေးရင်း “ရော့ မင်းကိုယ်တိုင် သတ်လိုက်လေ၊ ဘာကြောင့်မသတ်ရဲလဲ” ဟု ပြန်စိန်ခေါ်ခဲ့သည်။ ထိုလူငယ် တပ်ခေါက်ပြန်သွားသည်။

အိမ်တွင်းအကြမ်းဖက်ခံရမှုမှ အမျိုးသမီးတွေ လွတ်မြောက်ဖို့အတွက် အလွယ်တကူ ကွာရှင်းခွင့်ဥပဒေ အတည်ဖြစ်ရေး ပါလီမန်ထဲ သူမ တင်ပြနိုင်ခဲ့သည်။ အမျိုးသမီးဂေဟာနဲ့ အဆောင် အရေအတွက် များပြားလာအောင် လုပ်နိုင်ခဲ့သည်။ အမျိုးသမီးများကို မနှိပ်စက်နိုင်အောင် အဆောင်များနဲ့ ကျောင်းများတွင် ထောက်လှမ်းရေး ဗွီဒီယိုကင်မရာများ တပ်ဆင်ထားသည်။
အီးယူနိုင်ငံများတွင် အမျိုးသမီးများ လိင်အင်္ဂါဖြတ်တောက်မှု လုံးဝတားမြစ်ပိတ်ပင်ဖို့ ဥပဒေ ပြဌာန်းရေး လှုံဆော်ခဲ့သည်။ ဒတ်ခ်ျဒေါက်တာများက အဲလိုဖြစ်ရပ်မျိုး လူနာမှာ တွေ့ရှိခဲ့လျှင် ချက်ချင်း သက်ဆိုင်ရာ အကြောင်းကြားဖို့ သူမက နှိုးဆော်ထားသည်။ ၂၀၀၅ ခုနှစ်တွင် မူစလင် အမျိုးသမီးတွေဘ၀ မြင့်မားဖို့ စုံစမ်းရေး စနစ်တစ်ခု ထားသင့်ကြောင်း ဒတ်ခ်ျပါလီမန်တွင် တင်သွင်းသည်။ ဥပဒေအတည်ဖြစ်ပြီးနောက် မူလစလင် အမျိုးသမီးငယ်တိုင်း ဆေးမစစ်မနေရ ဖြစ်လာသည်။ ဆေးမစစ်ရင် လူမှုထောက်ပံ့ကြေး ဖြတ်ပစ်မည်ဟု ဥပဒေက အကြပ်ကိုင်ထားသည်။
အယန်းအာစီအလီက သူ့ရည်ရွယ်ချက်တွေ မူစလင်နိုင်ငံအားလုံးတွင် အောင်မြင်ဖို့ မလွယ်နိုင်ကြောင်း လက်ခံသည်။ သို့သော် အားလုံး သတိပြုမိရေး (awareness) က သူမရဲ့ အောင်မြင်မှုပဲဟု ဆိုသည်။ အများအတွက် လွတ်မြောက်မှု လုပ်နေသော်လည်း နေ့စဉ် ခြိမ်းခြောက်စာများ ရောက်နေသည်။ အိပ်ယာနားအထိ အစောင့်များနှင့် နေရသည်။ သူမကို သတ်ဖို့ကြိုးစားတဲ့ အစီအမံများ ဖမ်းမိခဲ့ကြသည်။
ဟာစီအလီမှာ ဒုက္ခသည်တစ်ယောက်ဘ၀မှ နယ်သာလန်နိုင်ငံ လူထုရဲ့ အခွင့်အရေးများကို ဦးဆောင်ပေးသူ ဖြစ်လာခဲ့သည်။ သို့သော် သူမကိုယ်သူမ သူရဲကောင်းလို့ မမြင်။ “အထီးကျန်နေ့ရက်တွေ ကျမတို့မှာ ရှိပါတယ်။ စိန်ခေါ်မှုတွေကလည်း ရှေ့မှာ အများကြီး ရှိနေပါတယ်။ အားပေးကူညီသူ မိတ်ဆွေတွေလည်း အများကြီး ရှိပါတယ်။ ကျမဟာ သူရဲကောင်း မဟုတ်ဘူး။ လူတိုင်းလုပ်နိုင်တဲ့ အပြောင်းလဲကို လုပ်နေတဲ့သူပါ။ ဒါဟာ ဒတ်ခ်ျတွေရဲ့ ပြဿနာတင် မဟုတ်ပါဘူး။ ဂလိုဘယ် ပြဿနာကြီးပါ” ဟု သူမရဲ့ မေးရိုးရှည်ရှည်ပေါ်တွင် အပြုံးလွှမ်းရင်း ပြောခဲ့သည်။
ဝင့်ထန်း
ရည်ညွှန်း Reader’s Digest, May 2006
မောက္ခ ပညာရေးမဂ္ဂဇင်းမှ ဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....