Saturday, December 18, 2010

ခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ကိုယ်ရေးအရာရှိကိုလာဘ်ထိုးပြီးလိုင်စင်မဲ့ကားနဲ့ စစ်တောင်းတံတားကိုဖြတ်စဉ်အဖမ်းခံရ

ကိုညီ။ ဒီဇင်ဘာ ၁၆ ရက်။ ၂၀၁၀

ကရင်ပြည်နယ်မှ ရန်ကုန်သို့ သယ်ဆောင်မယ့်ကားကို ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဦးရွှေအေးရဲ့ ကိုယ်ရေးအရာရှိ ရန်နိုင်ထူး (ခေါ်) အရှည်ကြီးက လာဘ်ငွေ ကျပ် ကိုးသိန်းယူပြီး အာမခံတဲ့အတွက် စစ်တောင်းတံတားသို့ ဖြတ်စဉ် အာဏာပိုင်များက ကားကို သိမ်းဆည်းထားတဲ့ အမှုအခင်းတခု ၂၀၁၀ ဒီဇင်ဘာ ၇ ရက်နေ့ည ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ထို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကာယကံရှင်က “ဦးရွှေအေးရဲ့ ပီအက်စ်အို ရန်နိုင်ထူး (ခေါ်) အရှည်ကြီးက ခေါ်တာပါ။ သူ ခေါ်တဲ့အတွက် ကျွန်တော် ဖြတ်တာပါ။ ဖြတ်တာမှာ ဖမ်းလိုက်တာပါ ဆရာ။ ကျွန်တော့်နောက်က ကားက သူက လွှတ်ပေးလိုက်တာကိုး။ ကျွန်တော့်အနောက်က ၈ဆ/၆၃၈၃ က လွှတ်ပေးလိုက်တာ။ ဒါ သူတို့အကွက် ပေါ့၊ ဒါတော့ မသိဘူး ဆရာ။ ကျွန်တော့်ကားကတော့ အဖမ်းခံလိုက်ရတယ် ဆရာ။“ လို့ ပြောပြပါတယ်။

အခုလို လာဘ်ထိုးပြီးမှ အဖမ်းခံရသူဟာ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်က ဖြစ်ပြီး Toyota Hiace Super Custom အမျိုးအစား လိုင်စင်မဲ့ကားကို သိန်းတရာခန့်နဲ့ ဖားအံမြို့က ၀ယ်ခဲ့တာ ဖြစ်ကြောင်း၊ ဖားအံမှတဆင့် လမ်းခရီးတလျှောက် လာဘ်ထိုးပြီး ရန်ကုန်အထိ သယ်ဆောင်ပါက စုစုပေါင်း သိန်းတရာ့နှစ်ဆယ်၊ တရာ့သုံးဆယ်နဲ့ ရန်ကုန်ကို အရောက် သယ်ဆောင်နိုင်ကြောင်း၊ ရန်ကုန်ကို ရောက်တဲ့အခါ စက်မှုဇုံထုတ် မော်တော်ကားရဲ့ လိုင်စင်နံပါတ်ပြားကို ၀ယ်ယူပြီး လိုင်စင် ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ အဲဒီလို လိုင်စင်မဲ့ကားကို သယ်ဆောင်ပြီး စက်မှုဇုံထုတ် မော်တော်ကားလိုင်စင်နံပါတ်ပြားကို သိန်းတရာ့ငါးဆယ်နဲ့ ၀ယ်ယူကာ လိုင်စင်ရှိကား ပြုလုပ်ပါက ကားအတွက် ကုန်ကျငွေ ကာလတန်ဖိုး ကျပ်သိန်းတရာကျော် သက်သာတဲ့အတွက် အိမ်စီးကားအဖြစ် (သို့) ပြန်ရောင်းရန်အတွက် လုပ်ဆောင်ကြတာဖြစ်ကြောင်း သိရပါတယ်။ ယခင်က Toyota Hiace Super Custom အမျိုးအစား ကားပေါက်ဈေးမှာ သိန်း ၄၀၀ - ၅၀၀ ခန့် ရှိကြောင်း၊ ဒါ့ကြောင့် လိုင်စင်မဲ့ကား သယ်ယူပြီး စက်မှုဇုံထုတ်ကားအဖြစ် ပြောင်းလဲကြသူအများအပြား ရှိကြောင်း ရန်ကုန်သတင်းရပ်ကွက်က သိရှိရပါတယ်။

အဖမ်းခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ကားပိုင်ရှင်က “ကျွန်တော် ပြောပါတယ်၊ ဦးရွှေအေး ဖမ်းနေတယ်ဆိုလို့ မဖြတ်ဘူး ဆိုတာကို။ သူ့ရဲ့ ပီအက်စ်အိုနဲ့ အပေါင်းအပါ လေးယောက်ပေါ့ ဆရာ ရယ်။ ကျွန်တော်က ဖမ်းနေမှန်း သိလို့ မ၀င်ဘူး ဆရာ။ အဲဒါကို သူတို့က ရတယ်၊ လမ်းကြောင်းပိုင်တယ် ဆိုပြီးတော့။ ဒါပေမယ့်လို့ ကျွန်တော့်နောက်မှာ ကား လေး ငါး ခြောက်စီး သွားပါတယ်။ ၇ ရက်နေ့မှာက တစီးနှစ်စီးပဲ လွှတ်လိုက်တယ်။ နောက်နေ့မှာ ကျွန်တော် ပြန်ပြီး စောင့်ကြည့်ပြီး ပြောပါတယ်။ နောက်နေ့မှာ ခြောက်စီး ခုနှစ်စီး လွှတ်လိုက်တယ်။ ကျွန်တော်နဲ့အတူတူ ဖားအံက ဆင်းလာတာ။ ၉ ရက်နေ့မှာ ဖြတ်ကြတာ။ လွတ်တဲ့ကားတွေ လွတ်သွားတယ်။ လမ်းကြောင်း အမျိုးမျိုး ရှိတယ်။ ရဲနဲ့ ဂျွိုင်းတာ ရှိတယ်။ စရဖနဲ့ ဂျွိုင်းတာ ရှိတယ်။ ဦးရွှေအေးရဲ့ ပီအက်စ်အိုဆိုတော့ ယုံကြည်လိုက်တာပေါ့ ဆရာရယ်။ ကျွန်တော်တို့က ဘယ် တိုင်လို့ တိုင်ရမှန်း မသိဘူး။ ထိထိရောက်ရောက် အရေးယူပေးမယ့်သူရှိရင် တိုင်ချင်တာ။ အခုက ဘာမှ ပြောပိုင်ခွင့် မရှိတာ။“  လို့ ဆက်လက် ရှင်းပြပါတယ်။ အခုလို အခင်းဖြစ်ပွားပြီးနောက် ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဦးရွှေအေးရဲ့ ကိုယ်ရေးအရာရှိ ရန်နိုင်ထူး (ခေါ်) အရှည်ကြီးကနေ ငွေကျပ် ခုနှစ်သိန်း ပြန် ပေးကြောင်း၊ ကား ပြန်ရအောင် လုပ်ပေးမယ့်အကြောင်း ပြောကြားသော်လည်း ငွေ သိန်းတရာခန့် အကုန်အကျခံ ၀ယ်ယူထားတဲ့ မော်တော်ကားကတော့ ပြန် မရခဲ့ကြောင်း၊ ကားပိုင်ရှင်ကတော့ ရန်ကုန်ကို ပြန်ရောက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံဘက်မှ ကားများကို သောင်ရင်းမြစ်အား ကျော်ဖြတ် သယ်ဆောင်ပြီး မြန်မာပြည်တွင်း၌ လိုင်စင်မဲ့ကားအဖြစ် ရောင်းချတဲ့လုပ်ငန်းဟာ မြန်မာပြည်မှာ ခေတ်စားနေတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ ဒေသအလိုက် ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်များကနေ အာဏာပိုင်တွေနဲ့ ရဲ၊ ထောက်လှမ်းရေး၊ စရဖ၊ စစ်တပ် စတဲ့ အဖွဲ့အစည်းများက လာဘ်ငွေယူကာ ထိုကားများကို လိုင်စင်မဲ့ကားများအဖြစ် တင်သွင်းခွင့် ပြုလေ့ ရှိပါတယ်။ အဲဒီလို ဂိတ်များတွင် စောင့်ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများဟာ ဖမ်းလိုတဲ့ ကားများကို ဖမ်းပြီး လွှတ်လိုတဲ့ ကားများကို လွှတ်ပေးကြပါတယ်။ ထို့အတူ မြန်မာစစ်အစိုးရကလည်း လိုင်စင်မဲ့ကားများကို ဖမ်းဆီးလိုတဲ့အခါ ဖမ်းပြီး မဖမ်းလိုတဲ့အခါ အခွန်ငွေ ကောက်ခံကာ လိုင်စင်ရှိကားများအဖြစ် ပြောင်းလဲပေးလေ့ ရှိပါတယ်။
BURMA TODAYမှ အကိုမြင့်လှိုင်ပေးပို့ပါသည်။

(သတင်းရင်းမြစ် - ယနေ့မြန်မာ)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....