Wednesday, December 15, 2010

ဂျူလီယန် အာဆန်ဂ်ျကို ဗြိတိသျှအာဏာပိုင်တွေကအာမခံပေးလိုက်

မြင့်လှိုင်။ ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၁၀

ဗြိတိန်အကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ ၀ီကီလိ(က်) (WikiLeaks) တည်ထောင်သူ ဂျူလီယန် အာဆန်ဂ်ျ (Julian Assange) ကို ဗြိတိသျှအာဏာပိုင်တွေက ၂၀၁၀ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အာမခံ ပေးလိုက်ကြောင်း သတင်းရရှိပါတယ်။ လန်ဒန် တရားသူကြီးတွေဟာ ဂျူလီယန် အာဆန်ဂ်ျကို ပေါင် စတာလင် နှစ်သိန်းလေးသောင်း အာမခံနဲ့အတူ တင်းကြပ်တဲ့ စည်းကမ်းချက်တွေနဲ့ အာမခံ ပေးလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ ၀က်စ်မင်စတာ (Westminster) တရားရုံးကနေ အချက် ၅ ချက်နဲ့ အာမခံ ပေးလိုက်တာ ဖြစ်ကြောင်း အာဆန်ဂ်ျရဲ့ ရှေ့နေ ဂျက်ဖရီ ရောဘတ်ဆန် (Geoffrey Robertson) က ပြောပါတယ်။ အာဆန်ဂ်ျရဲ့ အာမခံ စည်းကမ်းချက် ၅ ချက်ကတော့ လုံခြုံရေးအတွက် ပေါင်စတာလင် နှစ်သိန်း၊ အာမခံနှစ်ဦးအတွက် ပေါင် လေးသောင်း၊ အချိန်မှန် နေအိမ်သို့ ပြန်လည် နေထိုင်ရမယ့် အမိန့် (Curfew) ၊ နေ့စဉ် ရဲဌာနကို သတင်းပို့ခြင်းနဲ့ နိုင်ငံကူးလက်မှတ် စွန့်လွှတ်ခြင်းတို့ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် အာဆန်ဂ်ျအတွက် ပူပန်နေကြတဲ့ ထောက်ခံအားပေးသူတွေ အတော့်ကို ပျော်ရွှင်သွားကြပါတယ်။ ဂျူလီယန် အာဆန်ဂ်ျကို အားပေးထောက်ခံသူများထဲမှာ ဂျမာမာ ခမ် (Jemima Khan)၊ ဘရန်ကာ ဂျက်ကာ (Bianca Jagger) ၊ လက်ရှိပါကစ္စတန်သမတ အစစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) နဲ့ ကွယ်လွန်သွားတဲ့ ပါကစ္စတန် နိုင်ငံရေးသမား ဘာနာဇာ ဘူတို (Benazir Bhutto) နဲ့ လက်ဝဲ သတင်းသမား ဂျွန် ပီရယ်လ်ဂါ (John Pilger) တို့ ပါဝင်ပါတယ်။ London's Frontline Club တည်ထောင်သူ ဗြိတိသျှစစ်တပ်အရာရှိဟောင်း ဗွန် စမစ်တ် (Vaughan Smith) က လန်ဒန်နဲ့ နှစ်နာရီလောက် ခရီးသွားရတဲ့ ဆက်ဖ်ဖော့လ်ဂ် (Suffolk) အရပ်ရှိ သူ့အိမ်ဂေဟာ (mansion) မှာ နေထိုင်ဖို့ တရားရုံးမှာ လျှောက်ထားပြီးနောက် တရားသူကြီးတွေက အာမခံပေးဖို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။

တရားရုံးက အာဆန်ဂ်ျကို အာမခံ ပေးလိုက်ပေမယ့် သူ့ကို ပြန်လွှတ်သေးတာတော့ မဟုတ်သေးပါဘူး။ နောက် ၄၈ နာရီအတွင်း ကြားနာမယ့် ဆွီဒင်နိုင်ငံက စွဲဆိုထားတဲ့ မတော်မတရားပြုမှု နှစ်မှုအတွက် တရားရုံးသို့ အမှုစွဲတင်ပြီးမှသာ အာမခံ ရရှိပြီး တရားရုံးရဲ့ အဆုံးအဖြတ်အတိုင်း နေထိုင်သွားရမှာ ဖြစ်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ အာဆန်ဂ်ျဟာ စမစ်တ်ရဲ့ အိမ်ဂေဟာတွင် နေထိုင်ရပြီး လန်ဒန်မြို့ပြင်တွင် တနေ့ကို နှစ်နာရီ နေနိုင်မှာ ဖြစ်သလို အနည်းဆုံး ညဘက် လေးနာရီ၊ နေ့လည်ဘက် လေးနာရီ စမစ်တ်ရဲ့နေအိမ်မှာ နေရမှာ ဖြစ်ပါတယ်။ သူဟာ နေ့စဉ် ညနေ ၆ နာရီမှ ၈ နာရီအတွင်း ရဲစခန်းကို သတင်းပို့ရမှာ ဖြစ်သလို နောက်ထပ် ရုံးချိန်းကို ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။ လတ်တလောသတင်းများအရ ဆွီဒင်နိုင်ငံ စတော့ဟုမ်း (Stockholm) က စွဲဆိုထားတဲ့အမှုများအတွက် အာဆန်ဂ်ျဟာ ယူကေနိုင်ငံမှာပဲ တရားရင်ဆိုင်ရဘွယ် ရှိကြောင်း သိရပါတယ်။

သြစတေလျနိုင်ငံသား ကွန်ပြူတာအချက်အလက် ခိုးယူသူ ဂျူလီယန် အာဆန်ဂ်ျဟာ ၂၀၀၆ ခုနှစ်က ၀ီကီလိ(က်) ခေါ်တဲ့ လှို့ဝှက်အချက်အလက်များ စုစည်းတင်ပြတဲ့ အင်တာနက်စာမျက်နှာကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အမေရိကန်သံတမန်တွေရဲ့ ဆက်သွယ်မှု ကေဘယ်လ်ပေါင်း နှစ်သိန်းငါးသောင်းကျော်ကို ၀ီကီလိ(က်) စာမျက်နှာကနေ ၂၀၁၀ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြခဲ့ပြီးနောက် ဆွီဒင်နိုင်ငံရဲ့ မတော်မတရား ပြုမှု တရားစွဲချက်နဲ့အတူ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) (Interpol) က ၂၀၁၀ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ အဲဒီနောက် အာဆန်ဂ်ျဟာ ၂၀၁၀ ဒီဇင်ဘာ ၇ ရက်နေ့က ဗြိတိန်နိုင်ငံတွင် ကိုယ်တိုင် အဖမ်းခံခဲ့ကာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။

(အကိုးအကား - http://www.cnn.com/2010/WORLD/europe/12/14/uk.assange.hearing/index.html?section=cnn_latest

http://www.guardian.co.uk/media/2010/dec/14/julian-assange-wikileaks

http://www.telegraph.co.uk/news/worldnews/wikileaks/8201718/WikiLeaks-Julian-Assange-granted-bail-but-remains-locked-up.html)

ကိုညီ။ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၀။ ။ဗြိတိန်အကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ ၀ီကီလိ(က်) (WikiLeaks) တည်ထောင်သူ ဂျူလီယန် အဆန်ဂ်ျ (Julian Assange) ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ ရုံးထုတ်တဲ့အခါကျရင် အချုပ်အနှောင်ကနေ လွတ်မြောက်အောင် ကြိုးစားမှာ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါတယ်။ အမျိုးသမီး နှစ်ဦးကို မတော်တရော်ပြုမှုနဲ့ ဆွီဒင်နိုင်ငံက သူ့အား ဖမ်းဆီးဖို့ ကြိုးစားနေစဉ် ဂျူလီယန် အဆန်ဂ်ျဟာ ၂၀၁၀ ဒီဇင်ဘာ ၇ ရက်နေ့က ဗြိတိန်နိုင်ငံမှာ အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဖမ်းဆီးခံပြီး တရားရုံးမှာ စစ်ဆေးစဉ် နေရပ်လိပ်စာအဖြစ် စာတိုက်သေတ္တာအမှတ်ကို ပေးခဲ့သလို သူ့မူရင်းနေရပ်ဖြစ်တဲ့ သြစတေလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ပါ့ခ်ဗဲလ် (Parkville) မြို့အမည်ကို စာရွက်ငယ်တခုမှာ ရေးပေးတဲ့အတွက် တရားသူကြီးတွေက အာမခံ မပေးခဲ့တာလို့လည်း အချို့သတင်းများက ဆိုပါတယ်။

ဂျူလီယန် အဆန်ဂ်ျဟာ ၀ီကီလိ(က်) (WikiLeaks) လို့ ခေါ်တဲ့ လှို့ဝှက်စာရွက်စာတမ်းတွေကို အများသိအောင် ဖော်ပြတဲ့ ၀က်ဘ်ဆိုဒ်ကို ၂၀၀၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ အဲဒီ ၀က်ဘ်ဆိုဒ်ကနေ ကင်ညာနိုင်ငံက တရားမဲ့ သတ်ဖြတ်မှု၊ အာဖရိက က အဆိပ်သင့် စွန့်ပစ်ပစ္စည်းများ ကိစ္စ၊ ဂွာတာနာမို အကျဉ်းစခန်းက လုပ်ထုံးလုပ်နည်း စတဲ့ စာရွက်စာတမ်းတွေကို ဖော်ပြခဲ့ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံ Index on Censorship အဖွဲ့က ပေးအပ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခြင်း ဆု (Freedom of Expression) ၊ ၂၀၀၉ ခုနှစ်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ရဲ့ မီဒီယာ ဆု၊ ၂၀၁၀ ခုနှစ်မှာ အမေရိကန် ထောက်လှမ်းရေးဟောင်းများ စုစည်း ဖွဲ့စည်းထားတဲ့ အဖွဲ့က ပေးအပ်တဲ့ ဆမ်မ် အက်ဒမ်မ် ဆု (Sam Adams Award) တို့ကို ရရှိခဲ့ပါတယ်။
ဝီကီလိ(က်) ဟာ အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ သံတမန် ကေဘယ်လ် ဆက်သွယ်ရေးမှတ်တမ်းပေါင်း နှစ်သိန်းငါးသောင်းတထောင်ကို ၂၀၁၀ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အဲဒီ အဖြစ်အပျက်နောက်ပိုင်း ၂၀၁၀ နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) (Interpol) က ဂျူလီယန် အဆန်ဂ်ျကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ဖမ်းဝရမ်း ထုတ်ရခြင်းအကြောင်းရင်းကတော့ ၂၀၁၀ သြဂုတ်လ ၂၀ ရက်နေ့က ဆွီဒင်နိုင်ငံမှာ အမှုဖွင့်ခဲ့တဲ့ အသက် ၂၆ နှစ်နဲ့ ၃၁ နှစ်အရွယ် အမျိုးသမီး နှစ်ဦးကို မတော်တရော်ပြုမှုကြောင့် ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး အာမခံ ရဖို့ ကြိုးစားခဲ့ကြပေမယ့် သူ့ကို အာမခံ မပေးဘဲ ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ ဒါ့ကြောင့် ဂျူလီယန် အဆန်ဂ်ျရဲ့ ရှေ့နေတွေက ဒီဇင်ဘာ ၁၄ ရက်နေ့ ရုံးချိန်း ထုတ်တဲ့အခါ လွတ်အောင်လုပ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ဂျူလီယန် အဆန်ဂ်ျကို ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဟာ ဆွီဒင်နိုင်ငံမှာ တရားစွဲဆိုခဲ့တဲ့ မတော်တရော်ပြုမှုကြောင့်လို့ ဆိုပေမယ့် အမေရိကန်ရဲ့ သံတမန်လှို့ဝှက်ချက်တွေကို အများသိအောင် လုပ်လိုက်ခြင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ အများစုက သုံးသပ်ကြပါတယ်။ ဒီတော့ ဗြိတိန်နိုင်ငံမှာ ချုပ်နှောင်ထားတဲ့ ဂျူလီယန် အဆန်ဂ်ျကို ဆွီဒင်နိုင်ငံမှာ ပြောင်းရွှေ့ ချုပ်နှောင်နိုင်သလို အမေရိကန်ပြည်ထောင်စုက သူ့ကို တရားဥပဒေတခုခုနဲ့ စွဲချက်တင်လေမလားဆိုပြီး သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဒီတော့ ရုံးထုတ်တဲ့နေ့ကျရင် ဂျူလီယန် အဆန်ဂ်ျ လွတ်နိုင်သလား၊ ဒါမှမဟုတ် အာမခံရနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

(အကိုးအကား - http://www.pcworld.com/businesscenter/article/212686/wikileaks_founder_assange_arrested_in_london.html

http://www.guardian.co.uk/media/2010/dec/13/assange-in-court-appeal-release

http://en.wikipedia.org/wiki/Julian_Assange)

BURMA TODAYမှအကိုမြင့်လှိုင်ပေးပို့ပါသည်။

(သတင်းရင်းမြစ် - ယနေ့မြန်မာ)

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....