Tuesday, November 30, 2010

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများကို အားပေး

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ၇၀ ခန့် အား ယနေ့နံနက် ၁၀နာရီခွဲ ခန့်က တွေ့ဆုံ၍ အားပေး စကားပြောဆိုကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ တွေ့ဆုံစဉ်(ဓာတ်ပုံ - Getty Images)

ဗဟန်းမြို့နယ် ပဏ္ဍိတာ ရာမ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဘူးသီးတောင်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်သည့် သုံးနှစ်ပြည့် နှစ်လည်ဆွမ်းကျွေး တရားနာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံခြင်းဖြစ်သည်ဟု ကိုဌေးကြွယ်၏ ယောက်ဖ တော်စပ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

“အကျဉ်းသားတွေ ကျန်းမာရေးနဲ့ စားဝတ်နေရေး အခြေအနေကို မေးတယ်၊ ICRC ကို အခုထက် ပိုပြီးအကူအညီပေးနိုင်အောင် ပြောမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ဝေးလံသည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ထားသည့်အတွက် မိသားစု အနေဖြင့် သွားရောက်တွေ့ဆုံရန် ခက်ခဲကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC)မှ ကူညီမှသာလျှင် သွားရောက်တွေ့ဆုံနိုင်ကြောင်း၊
ICRC အနေဖြင့်လည်း ယခုလက်ရှိအခြေအနေတွင် အခက်အခဲအမျိုးမျိုးကြောင့် ကူညီမှု လျော့ပါးနေကြောင်း ဒေါ်အောင်ဆန်း စု ကြည်က ပြောသည်ဟု ကိုဖြိုးမင်းသိန်းက ပြောပြသည်။

မြန်မာနိုင်ငံအတွင်းရှိ ဝေးလံသည့် ထောင်များတွင် နှစ်ရှည်ထောင်ဒဏ်များ အသီးသီးကျခံနေရသည့် ၈၈မျိုးဆက်ကျောင်းသားများ ၏ အခြေအနေကို သိရှိပါကြောင်း၊ မိသားစုအနေဖြင့်လည်း ဆက်လက်၍ ကြံ့ကြံ့ခံသွားစေလိုကြောင်း၊ ဒီမိုကရေစီအရေးကို ဆက် လက် အားပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့အပြင် ကိုဌေးကြွယ် နှင့် ပတ်သက်၍လည်း ထောင်တွင်းအခြေအနေများကို လွတ်လပ်စွာ ပြောဆိုခွင့်ရစေရန် နှင့် ပြင်ပတွင် ဖြစ် ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို သိရှိစေရန် ပြောပြပေးစေလိုကြောင်းလည်း မှာကြားသည်ဟု သိရသည်။
“အထဲကလူတွေကို နိုင်ငံရေး သတင်းမကြားရတော့ နိုင်ငံရေး သားကြောပြတ်သလိုဖြစ်မှာကို စိုးရိမ်တယ်ဆိုတဲ့ သဘောကို ပြော တယ်”ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်သီသီညွန့်လည်း တက်ရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်၏ မိသားစုဝင်များ တွေ့ဆုံမှုသည် ယခုတကြိမ်ဆိုလျှင် နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း၊ မကြာ သေးမီက ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အစ်ကို ဦးအောင်သန်း၏ နှစ်ပတ်လည် အခမ်းအနားတွင် ပထမအကြိမ် တွေ့ဆုံ ခဲ့ပြီးဖြစ်သည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီတို့ အပါအ၀င် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြ ခဲ့သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။
ကိုဌေးကြွယ် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်သို့ မိသားစုဝင်များ အနေဖြင့် သွားရောက် တွေ့ဆုံရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင်၊ ရာသီဥတုလည်း ကြမ်းတမ်းကြောင်း၊ မိသားစုဝင်များ အနေဖြင့် တည်းခိုရန်ပင် ခက်ခဲကြောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။

ကိုဌေးကြွယ်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ရာသီဥတုအခက်အခဲနှင့် စားသောက်ရေး အခက်အခဲကြောင့် အစာအိမ်ရောဂါရှိသည့် ကိုဌေးကြွယ်အတွက် အခက်အခဲရှိကြောင်း သိရသည်။
ထိုဆွမ်းကျွေး တရားနာပွဲသို့ အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားမိသားစုများ အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီမှ ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့အပြင် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်နိုင်ငံရေးသမားများ အပါအ၀င် လူ ၁၀၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦအုန်းကြိုင်က ဆိုသည်။
ထို့အပြင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန်ညွန်ဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အားပေးသည့်အတွက် ၀မ်းသာကြောင်း ပြောဆိုသည်ဟု သိရသည်။
သတင်းရင်းမြစ်။ ။ ကိုမျိုးချစ်မြန်မာhttp://networkedblogs.com/bbxrH

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....