Tuesday, October 26, 2010

အမြင်မှားကို လက်ခံထားကြသူများ

ကျွန်တော်တို့ ငယ်ငယ်တုန်းက စစ်အစိုးရ ၀ါဒဖြန့် ဇတ်လမ်း ရုပ်ရှင်ကားများ အလွန်များသည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတာကို နိုင်ငံရေး လှုပ်ရှား သူများကြောင့်ဟု အဓိပ္ပါယ် ပေါ်အောင် အမျိုးမျိုး လုပ်ဆောင် ပြကြသည်။ အချို့ အတွေးအခေါ် များသည် ၀ါဒဖြန့်သည်ဟု မထင်ထားရအောင် ညက်ညော လှပေသည်။ ကိုယ်ကျိုးရှာလိုသည့် အသိဉာဏ်ကို သစ္စာ ဖောက်သည့် ပညာရှင် အမည်ခံများ၏ လုပ်ရပ်များကြောင့် ယနေ့ လူငယ်များသည် နိုင်ငံရေး ဆိုသည့် စကားကို ပြောကြား ရမည်ကိုပင် ခါးသီးစွာ ငြင်းဆန် နေကြသည်။

မည်သည့် ဇတ်လမ်း ထဲတွင်ဟု ပါဝင်သည်ကို အသေအချာ မမှတ်မိသော်လည်း ထိုဝါဒ ဖြန့်သည့် အတွေးအခေါ် တရပ်သည် လူတော်တော် များများ ယခုချိန်ထိ လက်ကိုင် ထားကြတုန်းပင် ဖြစ်သည်။ သူတို့ တင်ဆက် ပြသပုံမှာ (ဂ) အက္ခရာလေးကို ရေး၍ အမြင် မတူသည့် ဘက်မှကြည့်ကာ အဓိပ္ပါယ် ကောက်ယူကြခြင်းကို တင်ပြထားသည်။ တပည့် ဖြစ်သူ ဘက်မှ ကြည့်လျှင် (ဂ) ဖြစ်လျှက် ဆရာဖြစ်သူ ဘက်မှ ကြည့်လျှင် (ပ) ဖြစ်နေသလို ကြားနေ သမား တစ်ဦးဘက်က ကြည့်လိုက် ပြန်တော့ မြန်မာ လို (၁) ဂဏန်း ဖြစ်နေသည်ကို နေသည်ကို တင်ပြ ဆွေးနွေး ကြသည့် အခန်းလေးပင် ဖြစ်သည်။ အချို့လူများ ထိုဇတ်ဝင်ခန်းလေးကို မှတ်မိကြဦးမည် ထင်ပါသည်။

ထိုသို့ အမြင် ကွဲလွဲမှုကို ဥပမာ ပေး၍ စစ်အစိုးရ ဘက်မှ ကြည့်လျှင် သူတို့ လုပ်ရပ် မှန်သည်ဟု ယူဆ၍ ဒီမိုကရေစီ လှုပ်ရှားသူများ က အမြင်ကွဲလွဲမှုကြောင့် သူတို့အား အတိုက်အခံ လုပ်နေသည်ဟု တင်ပြ ထားကြခြင်း ဖြစ်သည်။ ထိုအယူဝါဒ ဖြန့်မှုကို အဟုတ် မှတ်ကာ လူတော်တော် များများ အမြင် ပြောင်းလဲမှု နှင့် ပက်သက် လာခဲ့လျှင် ယနေ့ထိ ထိုအယူဝါဒကို လက်ကိုင် ထားကြတုန်းပင် ရှိသေးသည်။

တနေ့ ကျွန်ူပ်နှင့် ကျွန်ူပ်၏ သူငယ်ချင်း တစ်ယောက် ဆုံမိသော တစ်ယောက်နှင့် တစ်ယောက် စကားလက် ဆုံကြရာက အမြင် မတူညီသည့် ရှုထောင့်များ အကြောင်းကို ရောက်ရှိ သွားသည်။ ထိုအခါ သူငယ်ချင်း ဖြစ်သူက ထိုအယူဝါဒကို ဥပမာ ပေး၍ ကျွန်ူပ်တို့ ဆွေးနွေးသည့် ကိစ္စ ကို သူက ပြန်လည် ဖြေရှင်း ပြပါသည်။ ကျွန်ူပ်က စာရွက် တရွက်နှင့် ဘောပင် တစ်ချောင်း တောင်းကာ သူ့ကို (ဂ) အက္ခရာကို မျဉ်း နှစ်ကြောင်းစာခန့် စာရေးသားခြင်း စနစ်အတိုင်း ရေးသား ခိုင်းလိုက်သည်။ ပြီးသောအခါ သူ့ကို ပြောင်းပြန်လှန်၍ ဖတ်ခိုင်း လိုက်သည်။ (ပ) အက္ခရာ ရေးထားသည်ဟု ထင်မိ သေးလားဟု မေးကြည့်သည်။ သူက (ပ) ဟု ထင်မြင် ယူဆမိ၍ ရသော်လည်း သတ်မှတ် ထားသည် စာပေ ရေးသားခြင်း စည်းမျဉ်း အတိုင်း ဆိုလျှင် မှားယွင်း နေကြောင်း သူက ပြန်ဖြေ ပါသည်။ တကယ်လည်း ဟုတ်ပါသည်။ စာရေးသားခြင်းနှင့် ပက်သက်၍ စည်းမျဉ်း စည်းကမ်းများ အတိအကျ ရှိပါသည်။ ထိုစည်းမျဉ်း စည်းကမ်းများဖြင့် ချိန်ထိုး စဉ်းစားပါက (ဂ) အက္ခရာသည် မတူညီသည့် ရှုထောင့် ပြောင်းလဲ ကြည့်ရုံ မျှဖြင့် (ပ) အက္ခဟု ပြောလို့ မရပါ။ စာစတင် ရေးသားသူတိုင်းသည် ဘယ်ဘယ်မှ စတင် ရေးသား ရမည်။ စတင် ရေးသားသည့် နေရာမှာ စာရွက်စွန်းနှင့် တလက်မခန့် ခွာကာ ရေးသားလေ့ ရှိကြ ပါသည်။ ထို (က) ရေးသား ထားသည့် စာရွက်ကို ပြောင်းပြန်လှန်၍ ဖတ်ကြည့်လျှင် (ပ) ပါလို့ ဗလာ အမြင်အားဖြင့် ထင်မြင် ယူဆလို့ ရသော်လည်း စာရေးသားသည့် စနစ်ကို အခြေခံ ထား၍ မျဉ်းကြောင်းများ ဆွဲကာ စဉ်းစားလျှင် မှားယွင်း နေပါသည်။

ယနေ့ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ အငြင်း ပွားနေကြရခြင်းမှာ ထိုကဲ့သို့ အမြင် မတူမှု များကို အခြေခံ ထားသောကြောင့်ဖြစ်သည်။ တကယ့် သဘာဝ အမှန်တရား ဆိုသည်ကား နေရာတိုင်းတွင် ရှိနေသည်။ လူတို့၏ စံနူန်း သတ်မှတ်ချက် များသည်လည်း သဘာဝကိုသာ အခြေခံ သတ်မှတ်လေ့ ရှိသည်။ သူတို့ ဘက်က ကြည့်လျှင် သူတို့ မှန်သည်ဟု ဒီနေ့ ရွေးကောက်ပွဲ ၀င်မည့် သူများ ကလည်း ပြောကြပါသည်။ စစ်အာဏာရှင် များကလည်း သူတို့က လက်ရှိ အာဏာကို ထိန်းသိမ်းသူများ ဖြစ်သောကြောင့် အာဏာကို မလွှဲပြောင်း လိုသည့် အတွက် သူတို့ မှန်သည်ဟု ယူဆ ကြပြန်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်များကလည်း သူတို့ ရွေးကောက်ပွဲကို လက်မခံသည်မှာ မှန်သည်ဟု ထင်ကာ ကန့်ကွက် ဆန္ဒပြ နေကြပါသည် ။

ထိုအမြင်တို့တွင် မည့်သည့် အမြင်က မှန်သနည်း။ ဆွေးနွေးကာ အဖြေရှာ သင့်လှပေသည်။ သူ့အတွေး ကိုယ့်အတွေး ရှုထောင့် မတူယုံမျှဖြင့် အားလုံးရဲ့ အတွေး မှန်ကန်သည်ဟု မဆိုသာပါ။ လက်တွေ့ ကျကျ အဖြေရှာလို့ ရနိုင်မည့် နည်းလမ်းများကို သုံးကား စဉ်းစား သင့်ပေသည်၊ ထိုသို့ စဉ်းစားရာတွင် သဘာဝ အမှန်တရားကို အခြေခံ၍ ဒီမိုကရေစီ ကျင့်သုံးကာ ထိပ်ဆုံး ရောက်နေသည့် ဒီမိုကရေစီ နိုင်ငံများ၏ အခြေခံများကို စံနှုန်း အဖြစ် သတ်မှတ်ကာ လက်တွေ့ ကျကျ ဝေဖန် သုံးသပ် ရဲရမည်။ ထိုသို့ စံချိန် စံနှုန်း မကိုက်ညီပါဘဲနှင့် ဗလာ အမြင်ကို အခြေခံ ထားသည့် ၀ါဒ တရပ်ကို လက်ခံ လိုက်လျှင် မိုက်မဲရာ ရောက်သည်။ တိုင်းပြည် အရေးဖြစ်၍ အတ္တလေးများ နည်းနည်းလျှော့ ထားကာ မှန်ကန်သော အမြင်များဖြင့် ကြည့်မြင် ကြကာ စစ်မှန်သော လမ်းစဉ် နောက်ကိုသာ လိုက်စေချင် ပါသည်။

ပထမဆုံး စစ်အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နေသည့် အာဏာရှင်များ၏ အမြင်ကို ဝေဖန် ကြည့်ကြမည်။ ၎င်းတို့ကား ထူးထူး ခြားခြား စဉ်းစား စရာလို မလိုလောက်အောင်ကို သိမြင် ထင်ရှား လွန်းလှပေသည်။ ထို့အပြင် သူတို့၏ အာဏာကို တွယ်မက်သည့် စိတ်သည် လူပေါင်း များစွာ သေကြေ ပျက်စီးခဲ့ ကြသည် သာမက သူတို့ တာဝန်ယူထားသည့် (၂၂ )နှစ် လုံလုံး လုပ်ဆောင်ချက် များကို ယနေ့ မြန်မာပြည် လက်ရှိ အနေအထားကို သက်သေ ထား၍ စဉ်းစား ကြည့်လျှင် သူတို့တွေ ဆက်လက် အုပ်ချုပ် နေသမျှ မည်သည့် အခါမှ တိုင်းပြည် တိုးတက် လာမည် မဟုတ်ဟု ၉၅% သော လူများ လက်ခံ ယုံကြည် ထားကြပါသည်။ သူတို့သည် ( ဂ ) ကို (၁) ဟု မြင်နေကြသူများပင် ဖြစ်သည်။

ရွေးကောက်ပွဲ ၀င်မည့် ပါတီ အားလုံးသည် ယခု ရွေးကောက်ပွဲ တရားမျှတမှု မရှိသည်ကို သိထားကြပါသည်။ သို့သော် ထိုမတရားမှုကို အခြေခံ ထားသည့် ထိုရွေးကောက်ပွဲ ဖြစ်မြောက် လာအောင် မတရားမှန်း သိလျှက်နှင့် လက်ခံထား ကြပါသည်။ မတရားမှုကို လက်ခံသူသည် တနည်းအားဖြင့် ထိုမတရားမှုကို အားပေး သူများသာ ဖြစ်သည်ဟု စာပေ ကျမ်းဂန်များတွင် အထင်အရှား တွေ့နိုင် သလို ပညာရှင်များ၏ မိန့်ကြားချက် များတွင်လည်း ပါရှိပါသည်။ ယခု ရွေးကောက်ပွဲ ပြီးဆုံး သွားခဲ့လျှင်လည်း စစ်အာဏာရှင်များသာ လူဝတ်လဲ အုပ်ချုပ်မည်ကို လူတိုင်း နီးပါး သိရှိ ထားကြ ပါသည်။ အဆိုပါ စစ်အာဏာရှင်များ အုပ်ချုပ် နေသရွှေ့ တိုင်းပြည် အခြေအနေကား ဆိုးသထက် ဆိုးဝါး လာအုံးမည် ဖြစ်ပါသည်။ ထိုသို့ စစ်အာဏာရှင်များ၏ အကြံအစည်ကို ကြိုတင် သိမြင်ပါလျှက် ၎င်းတို့သည် မရောက်သေးသည့် လွှတ်တော် ဆိုသည့် စကားကို တွင်တွင် ပြောကြား နေကြပါသည်။ နိုင်ငံတော် အလံကို လွှတ်တော် ခေါ်ယူပြီး နောက်ပိုင်း (၉၀) ကြာမှ အတည် ပြုမည်ဟု အထင်အရှား ပါရှိပါသည်။

သို့သော် ရူးကြောင်ကြောင်နှင့် ကျပ်မပြည့်သည့် အတွေးအခေါ် ပိုင်ရှင် ကြီးများသည် သူတို့ လုပ်ချင်သည့် ရက်တွင် ကျင်းပ သွားပါသည်။ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ ကန့်ကွက် နိုင်ပါ၏လော။ မကန့်ကွက် နိုင်ပါ။ မည်သူ မျှလည်း တရားဝင် ကန့်ကွက်သည်ဟု ပြောဆိုသံ မကြားရပါ။ ဤသည်ကို ပြည်သူလူထု အနေဖြင့် သတိထား စဉ်းစား သင့်ပေသည်။ ယခု ရွေးကောက်ပွဲ ပြီးမြောက်၍ လွှတ်တော်သို့ ရောက်ခဲ့လျှင်လည်း ယခု ကဲ့သို့ အာဏာရှင်တွေ လုပ်သမျှ ခေါင်းငုံ့ ခံနေကြမည့် ပါတီများက ပြည်သူ လူထု အတွက် တရား မျှတသော စနစ်ကို တောင်းဆိုမည်ဟု ထင်ထား ကြခြင်းသည် လုံးဝ မှားယွင်း နေပါသည်ဟု လက်တွေ့ ကျကျ ထင်မြင် ယူဆ မိလေသည်။ ယခုလက်ရှိ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်အားစု များအား အဘက်ဘက်မှ အားနည်းအောင် ကြိုတင် ကြံစည် ထားသည့် အပြင် သဘာဝ အမှန်တရားနှင့် စစ်မှန်သော ဒီမိုကရေစီ စံနှုန်းများဖြင့် လုံးဝ မကိုက်ညီ သောကြောင့် တညီတညွတ်တည်း ကန့်ကွက် သင့်ပါလျှက် မျက်လုံး စုံမှိတ်ကာ ရသလောက်လေး တိုးကြည့်ပါရစေဟု အကြောင်းပြကာ လူထုကို ကျွန်အဖြစ် တရားဝင် သွတ်သွင်းသည့် အခမ်းအနားကို တက်ရောက်ခိုင်း နေသည်က မှားနေ ပါသည်။

ထိုသူတို့ လက်သုံး စကားမှာ လုပ်စရာ နည်းလမ်း မရှိ၍ ဤရွေးကောက်ပွဲသည် ထွက်ပေါက်ဟု ခံယူ ထားကြသည်ဟု အကြောင်းပြ လာကြသည်။ တကယ့် အစစ်အမှန်မှာ ထိုသို့ မဟုတ် လုပ်စရာ နည်းလမ်း များရှိပါသည်။ လူထုကို အခြေခံလျှက် စေ့စပ် ညှိနှိုင်းရေးကို အခြေခံသည့် တွေ့ဆုံ ဆွေးနွေးပွဲကို လုပ်၍လည်း ရသည်။ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်သည် ဆိုလျှင် စေ့စပ် ညှိနှိုင်းရေး လမ်းစဉ်ကို စေ့စပ် ညှိနှိုင်းရေး လမ်းစဉ်ကို လက်ခံရမည်။ ထိုသို့ စေ့စပ် ညှိနှိုင်းရေးကို လက်မခံ ခဲ့လျှင် လူထုက တညီတညွတ်တည်း သပိတ်မှောက်ကာ လက်ရှိ အစိုးရကို အလို မရှိကြောင်း ကန့်ကွက် ဆန္ဒပြရမည်။

ကန့်ကွက် ဆန္ဒပြမည့် တော်လှန်ရေး လမ်းစဉ်ကို ဦးတည် လိုက်ပြီ ဆိုတာနဲ့ အကြောက်တရားကို ဦးတည် ထားသည့် လူများက ထကန့်ကွက် ကြသည်။ လူထု နစ်နာပါတယ်၊ လူထုတွေ အသေအကြေ အပျက်အစီး ရှိပါမယ်လို့ အကြောင်းပြ လာတတ်ကြတယ်။ အေးချမ်းစွာ ပြည်သူ လူထု ဆန္ဒ ဖော်ထုတ်ပွဲကို လုပ်ဆောင်တာဟာ အသေအကြေ အပျက်အစီးများ ရှိ၏ မရှိ၏ ဟူသည်မှာ လက်ရှိ စစ်အစိုးရ၏ တုန့်ပြန် နှိမ်နှင်းမှု ပေါ်တွင်သာ အခြေခံသည်။ ဒီမိုကရေစီ နိုင်ငံ တည်ထောင်မည်ဟု ကြံစည်လျှင် လူထု၏ သဘောထားကို ဖော်ထုတ်သည့် အေးချမ်းစွာ ဆန္ဒပြသည့် အနေအထား လောက်ကိုတော့ လက်ခံ ထားရမည်ဟု ထင်မြင် ယူဆ မိပါသည်။

ထို့ကြောင့် လူထု ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်းသည် လူအသေအပျောက် ရှိနိုင်သည်ဟု ယူဆခြင်းမှာ လက်ရှိ စစ်အာဏာရှင်များ၏ ဒီမိုကရေစီကို ချည်းကပ် ပါသည် ဆိုသည့် စိတ်နေ စိတ်ထားကို မယုံကြည်ခြင်းကြောင့် ဖြစ်သူဟု ယူဆ၍ ရသည်။ ထိုသို့ စစ်အာဏာရှင်များ၏ ဒီမိုကရေစီ လမ်းစဉ်ကို မယုံကြည်ပါ ဆိုလျှင် စစ်အာဏာရှင် ကျင်းပသည့် တရားမျှတမှု မရှိသော ရွေးကောက်ပွဲကို ဘာကြောင့် လက်ခံထားကြပါ သနည်း။

တကယ်တော့ လက်ရှိ စစ်အစိုးရသည် လူမိုက်တွေ ထက်လည်း ပိုမိုက်သလို လူယုတ်မာတွေ ထက်လည်း ပိုယုတ်မာတာ အားလုံး သိပြီးသားပါ။ ဒါကြောင့် သူတို့တွေ လုပ်သမျှ ကောင်းမွန်တဲ့ စိတ်ထားနဲ့ လုပ်တဲ့ လုပ်ရပ်ဆိုတာ မရှိဘူး ဆိုတာ သမိုင်းမှာ သက်သေ အမျိုးမျိုး ရှိနေပါလျှက် အစိုးရ၏ သဘောထားကို လိုက်လံ ခေါင်းငြိမ့် နေသည့် လူများ အကြီးအကျယ် လမ်းလွှဲ လိုက်နေသည်ဟု သေချာပေါက် ပြောလို့ ရပါသည်။ စစ်မှန်၍ ပြည်သူ လူထု အကျိုးကို လိုလားသည့် အနေအထား ဘက်က (ဂ) ဟု ရေးသားသည်ကို သူတို့ ဘက်မှ ပြောင်းပြန် ကြည့်ကာ ( ပ) လို့ ဗလာ အမြင်ဖြင့် ထင်မြင် ယူဆ နေကြသော်လည်း တကယ့် အစစ်အမှန် သဘာဝ အမှန်တရားနှင့် ဒီမိုကရေစီ စံနှုန်းများ၊ အာဏာရှင်တို့၏ ယုတ်မာ ပက်စက်မှုကို အခြေခံကာ တွက်ဆ ထားလျှင် (ပ) ဟု ဘယ်လို နည်းနှင့်မျှ ပြောလို့မရပါ။ ထို့ကြောင့် ယခု ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် မဲပေးရန် လိုက်လံ နိုးဆော် နေသူများသည် (ဂ) ကို (ပ) ဟု ဗလာ အမြင်ဖြင့် ထင်မြင် ယူဆနေကြ သူများသာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင် တော်တော် များများက ယနေ့ စစ်အစိုးရ ကျင်းပသည့် တရားမျှတမှု မရှိသော ဥပဒေများကို အခြေခံသည့် ရွေးကောက်ပွဲကို ဆန့်ကျင် ကြသည်။ သူတို့ ပြောသော သဘောထားသည်လည်း ရှင်းလင်းသည်။ မတရားတာကို လက်မခံ လိုသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး လုပ်သည့် အဓိက ရည်ရွယ်ချက်မှာ လူထု ကောင်းစားရေးကို ဦးတည် ထားသည့် အတွက် လူထု အကျိုးစီးပွား ပျက်စီးစေမည့် ကိစ္စကို လုံးဝ လက်မခံနိုင်ဟု တင်ပြ လာကြ ပါသည်။ ထို့အတူ စစ်အာဏာရှင်များ ဆက်လက် ခေါင်းဆောင် နိုင်အောင် အမျိုးမျိုး အဖုံဖုံ ကြံစည် အကွက်ချ ရေးဆွဲ ထားသည့် ဥပဒေများကို သူတို့ လက်မခံ နိုင်ပါဟု ခံယူထားကြသည်။ တကယ့် သဘာဝ အမှန်တရား သာမက ကျမ်းဂန်များ အဆို အရကော၊ လက်ရှိ တိုင်းပြည် အနေအထားနှင့် ပညာရှင်များ၏ စကားကို ထောက်ဆခြင်း အားဖြင့် ယခု ရွေးကောက်ပွဲကို လက်မခံခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။ သူတို့ အမြင်သည် ရှင်းလင်းသည်၊ တရား မျှမှုကို အခြေခံထားသည့် အတွက် လက်ခံကျင့် သုံးသင့်သည့် အယူအဆ ဖြစ်လေသည်။ ထို့အပြင် မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက် နေသူများက ပြောသည့် စကားများ ဖြစ်၍ ပို၍ အလေး ထားကာ စဉ်းစား မိသည်။ ထို့ကြောင့် လက်ရှိ ရွေးကောက်ပွဲကို ဆန့်ကျင် သူများသည် အမှန်တရား ဆိုသည့် မျဉ်းကြောင်းများ ပေါ်မှ ကြည့်လျှင်ပင် (ဂ) ကို အမှန်အတိုင်း (ဂ) ဟု ထင်မြင် သူများဟု သေချာပေါက် ပြောလို့ ရပါသည်။

စစ်အာဏာရှင်တွေ ဆက်လက် အုပ်ချုပ် နေသမျှ တိုင်းပြည် ပြိုကျ ပျက်စီးမှာ ၉၅% သော ပြည်သူလူထုက သိနေပါလျှက်နှင့် ထိုသူတွေ ဆက်လက် အုပ်ချုပ်မည့် ရွေးကောက်ပွဲကြမှ ထင်မြင် ယူဆချက်တွေ အမျိုးမျိုး ကွဲပြား လာတာဟာ ကိုယ်သိထား ကတည်းက အမှန်တရားကို ချစ်မြတ်နိုး တန်ဖိုး ထားမှုနဲ့သာ နှိုင်းယှဉ် စဉ်းစားကြလို့ပါ။ သိပ္ပံ နည်းကျ တိုးတက်နေတဲ့ ခေတ်ကြီးမှာ စနစ်တွေ အမျိုးမျိုး ရှိနေသော်လည်း အခြေခံ ထားသည့် စံနှုန်း သတ်မှတ်ချက်များ ရှိပါသည်။ အပူချိန်၊ အချိန်၊ အလေးချိန် ၊ အမြန်နှုန်း တိုင်းတာသည့် စနစ်များ အတိအကျ ရှိပါသည်။ ထို့အတူ ဒီမိုကရေစီ ခေါ် လွတ်လပ်၍ တရားမျှတသော နိုင်ငံတော်ကို တည်ဆောက် လိုပါလျှင်လည်း စံထားရမည့် အချက်များကို အခြေမခံဘဲ ကိုယ်ပိုင် အတွေးအခေါ် များနှင့် တွေးခေါ်ကာ ငါတို့ အမြင် မှန်ပါသည်ဟု ယူဆ နေသမျှ စစ်မှန်သော စည်းလုံး ညီညွှတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပါ။ ထိုကြောင့် ကိုယ်ထင်မြင် သုံးသပ်ချက် များကို ဗလာ စာရွက် ပေါ်တွင် အမှန်တရား ဆိုသည့် မျဉ်းကြောင်းများ မဆွဲဘဲ ကြည့်နေသည့် ငါ အယူဝါဒက မှန်တယ် ဆိုတဲ့ အတွေးအခေါ်ကို စွန့်လွှတ်ကာ အမှန်တရားကို အခြေခံထားသည့် မျဉ်းကြောင်းများ ပေါ်တွင် အခြေခံ၍ အတည့်အတိုင်း မြင်တတ် လာအောင် ကြိုးစားသင့်ပါမှ အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်လာမည် ဖြစ်ပါသည်။ ထိုသို့ အမှန်တရားကို ရင်ဝယ်သားလို သိမ်းပိုက်ကာ ဖြောင့်မတ်သည့် စိတ်ထားကို မွေးမြူ ကြမှာသာလျှင် မကြာမှီ ပြည်သူ လူထု ကျွန်အဖြစ် သွတ်သွင်းပွဲ အခမ်းအနားကို ရှောင်ရှား နိုင်ကာ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ပြည်သူ လူထု အကျိုးကို လိုလားသည့် လူတစ်ယောက် အနေဖြင့် တင်ပြ လိုက်ပါသည်။

ထို့အတူ ဒီမိုကရေစီ လှုပ်ရှား နေသူများကြောင့် တိုင်းပြည် ဆင်းရဲ နေရပါသည်ဟု နအဖ စစ်အာဏာရှင် များ၏ အယူအဆသည် လုံးဝ မမှန်ကန်ပါ။ ကိုယ်တိုင်ဉာဏ် အမြော်အမြင် နည်းကာ ပညာ မတတ်သော သူများကို နေရာ ပေးကာ မြှောက်စား ထားရခြင်း၏ အကျိုးဆက် များကြောင့် တိုင်းပြည် အတွက် တိုးတက်မှု မရှိ၊ အဘက်ဘက်မှ ဆုတ်ယုတ်လျှက် ရှိနေသည်မှာ လက်ရှိ တိုင်းပြည် အခြေအနေက သက်သေပြလျှက် ရှိပါသည် ပြည်သူ လူထုမှာ ၀မ်းရေး အတွက်ပင် အမျိုးမျိုး ကြိုးစား ရုန်းကန် နေရသည်မှာ ဒီမိုကရေစီ လှုပ်ရှား သူများကြောင့် မဟုတ်၊ အာဏာရှင် စနစ် ဖြစ်ပွား နေသော ကြောင့်သာ ဖြစ်ပါသည်။ ထိုအာဏာရှင် စနစ်ဆိုး အောက် လွတ်မြောက်အောင် ရုန်းထွက် ကြရမည်မှာ တိုင်းပြည်ကို တိုးတက် ထွန်းကား စေလိုသော နိုင်ငံသား တိုင်း၏ တာဝန်ပင် ဖြစ်သည်ကို ခံယူထားလျှက် ကျရာ အခန်း ကဏ္ဍမှ နိုင်ရာ တာဝန် ထမ်းကာ အာဏာရှင် စနစ်ဆိုးကြီးကို ဆန့်ကျင် တိုက်ထုတ် ကြပါစို့ ..... ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....