Monday, October 18, 2010

သခင်အုန်းမြင့်နှင့်အင်းစိန်ထောင်မှနေ့ရက်များ (သခင်အုန်းမြင့်ကွယ်လွန်ခြင်းတလပြည့်အထိမ်းအမှတ်-ဆောင်းပါး)

 ကျနော် အဘဦးအုန်းမြင့် ကို စတွေ့တာက အင်းစိန်ထောင် အမှတ်(၃)ဆောင် အခန်း(၃)ထဲမှာပါ။ ကျနော်က ဘာမှမသိတော့ အဘဦးအုန်းမြင့်ကို ဆံပင်ဖြူဖြူနှင့် ပိန်ပိန်ပါးပါး အမြဲပြုံးနေတဲ့ အဖိုးတယောက်ကို သခင်အုန်းမြင့် ဒါမှမဟုတ် တိုးတက်ရေးအုန်းမြင့် ဆိုတာသိရလို့ အရမ်းဝမ်းသာ သွားသလို အရမ်းလည်း စိတ်မကောင်း ဖြစ်သွားမိတယ။် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ ဖြစ်သည့်အပြင် ရှစ်လေးလုံး အရေးတော်ပုံနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ထဲထဲဝင်ဝင် ပါတ်သက်သူ အဘတယောက်ကို ထောင်ထဲမှာ တွေ့ရလို့ပါ။ တကယ်ဆို နိုင်ငံကျေးဇူးရှင် စာရင်းဝင်ဖြစ်တဲ့ အဘကို နိုင်ငံဂုဏ်ထူးဆောင်အဖြစ် အိမ်ဦးခန်းမှာတင်ထားရမှာကို စစ်အစိုးရ၏ဖခင်ကြီး ဦးနေ၀င်းရဲ့ နိုင်ငံရေး အမုန်းအညှိုးအတေးများကို
န၀တ(ယခုနအဖ) စစ်အစိုးရတွေက ဆက်ပြီး အကြောင်းအမျိုးမျိုးနှင့် အပြစ်ရှာပြီး ထိန်းသိမ်းတဲ့ အတွက် အဘကို ကျနော်အင်းစိန်ထောင်မှာတွေ့ရတာပါ။  ကျနော်(၃)ဆောင်ရောက်တာ ၁၉၉၁ ဒီဇင်ဘာလမှာ ဖြစ်တယ်။ အဲသည့်အချိန်မှာ (၃)ဆောင်ရဲ့ အခြေအနေက  နိုင်ငံရေးမှုများကို (၃)ဆောင်ကနေ ထောင်ပြောင်းလိုက်တဲ့ အတွက် (ကျနော်သိသလောက်  လူရှင်သချိုင်း ဝတ္ထုကိုရေးတဲ့ ကိုနေလင်းတို့ ထောင်ပြောင်းပါ သွားခါစအချိန်ပေါ့) အဆောင်မှာ နိုင်ငံရေးသမား အင်အားနည်း နေတဲ့အချိန်၊ အဲသည့်(၃)ဆောင်ကို ထောင်မှူးဦးသိန်းမြင့်က အုပ်ချုပ်ပြီး သူ့လက်ရုံး တန်းစီး သရဲကြီးလိုခေါ်တဲ့ ကြေးစားလူသတ်သမားက ထောင်ကျဆောင် အမှတ်(၃)ဆောင်တွင် နိုင်ငံရေးသမားများ ကို မင်းမူဖိနှိပ်ထားတဲ့ အချိန်ဖြစ်သည်။ 

အဘမှာ အလွန်လေးစားစရာ အချက်က သမိုင်းက သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အချက်အလတ်တွေကို သေသေချာချာ ပြန်ပြောပြနိုင်တာရယ် ကျနော်တို့လို လူငယ်တွေကို အဘက လေးလေးစားစားနှင့် လူရာသွင်း ဆက်ဆံတာရယ်ပါ။ အဘက သူလို့ ခေတ်ကြီးတွေကို ဖြတ်သန်းပြီး နိုင်ငံရေး တိုက်ပွဲပေါင်း များစွာကို ဖြတ်သန်းခဲ့သူ ဖြစ်ပါလျှက်နှင့် လူငယ်တွေကို "ကို" တပ်ခေါ်ပြီး တတန်းထဲထား ဆက်ဆံသည်။ အင်းစိန် ထောင်ကျဆောင် အမှတ်(၃)ဆောင်မှ လူငယ်များ အတွက် စာကြည့်တိုက်ကြီး တခုလို မကုန်ခန်းနိုင်သော နိုင်ငံရေးဗဟုတုတနှင့် အတွေ့အကြုံများသော အဘသည် ကျနော်တို့ကို နိုင်ငံရေးတိုက်ပွဲများအကြောင်း ပြောပြသည်။ နေ့လည်အချိန်တွေမှာ အဘဦးအုန်းမြင့်က အခြေအနေကြည့်ပြီး ကျနော်တို့ထဲက မှတ်မိလွယ်ပြီး သေသေချာချာ ပြန်ပြောနိုင်သော နှစ်ယောက်ကို နေ့လည်ပိုင်းမှာ သူကလမ်းလျှောက်နေရင်း နှင့် လွတ်လပ်ရေးသမိုင်းထဲက ကျနော်တို့ ကျောင်းစာမှာ မသင်ရသော သမိုင်းအလှည့်ပြောင်း အခန်းတွေကို သူကိုယ်တိုင်ပြောပြတယ်။ လမ်းလျှောက်မြန်တဲ့ အဘကို အမှီလိုက်ပြီး ကျနော်တို့ထဲက အလှည့်ကျတဲ့ နှစ်ယောက်က နားထောင်တယ်။ နဂါးလေး( ကိုဝင်းသူရကြွယ် ) ဒါမှမဟုတ် အလှည့်ကျသူ တယောက်ယောက် စင်္ကြန်ထိပ်နေထိုင်ပြီး ဖိနပ်တဖက်ကိုင်ကာ ယင်ကောင် ခြောင်းနေသလို လုပ်တက်တယ်။ စည်းကမ်းထိန်းတို့ ဒါမှမဟုတ် အပ်(ထောင်သတင်းပေး) တယောက်ယောက် လာရင် ဖိနပ်နှင့် ဖုန်းကနဲရိုတ်ပြီး အသံပေးလိုက်ရင် ကျနော်တို့ စကားလွဲလိုက်ပြီ အဘထောင်ဝင်စာ အကြောင်း၊ အဘမိသားစုအကြောင်း ဒါမှမဟုတ် ရှောက်သီးသုတ်ကို ဘယ်လိုသုတ်စားလဲ ဆိုတာမျိုးတွေ ပြောင်းပြောလိုက်ပြီ။ အဲဒီလူက ကျနော်တို့ လမ်းလျှောက်တဲ့နားက ကျော်သွားရင် ဆက်ပြောရင် ပြောမပြောရင် ကျနော်တို့ နှင့်အဘ လမ်းခွဲလိုက်တယ်။ ပြီးရင် နားထောင်ထားတဲ့ ကျနော်တို့ နှစ်ယောက်က အခြားလူငယ်တွေကို ပြန်ဆက်ပြောပြတယ် ဒီနည်းနှင့် ကျနော်တို့ရဲ့ နိုင်ငံရေးအသိတွေနှင့် စိတ်ဓါတ်ရေးရာ တက်ကြွနေအောင် အဘစွမ်းဆောင်ပါတယ်။ အဘက တနေ့တနေ့ သောက်လိုက်ရတဲ့ ဆေးတွေ လက်တခုပ်လောက်ရှိတယ် အဓိက အကြောဆေးလိုဟာမျိုးနှင့် ဗိုက်တာမင်တွေ များတယ်။ အဘမှာကျနော် အရမ်းသဘောကျတာ အလွန်ကောင်းသော မှတ်ဥာဏ်ပါ။ လွတ်လပ်ရေးအတွက် စည်းရုံးရေးဆင်းတဲ့ ဟောပြောပွဲတွေ အကြောင်းကိုပြန်ပြောပြနိုင်တယ်။ ကိုကိုးကျွန်း မှာ ကိုယ့်အခေါင်း ကိုယ်ရိုတ်ပြီးဘေးမှာထားကာ တိုက်ပွဲဝင်တဲ့ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲအကြောင်း၊ ဦးနု၏ မီးဇာတဖက် ရေမှုက်တဖက် လုပ်ရပ်ဖြစ်သော ဗုဒ္ဓဂါယကနေ ဗောဓိပင်ပင့်လာတဲ့ သဘောင်္ကြီးတွေ အကြောင်း၊ ရန်ကုန်ထောင်အကြောင်း၊ ထောင်ဥပဒေအကြောင်း၊ ထောင်တွင်းက ဖဆပလအစိုးရလက်ထက် ထောင်တွင်း ၀က်သားပုတ် တိုက်ပွဲအကြောင်းစဖြင့် အဘပြန်ပြောပြချက်တွေဟာ ကျနော်တို့အတွက် အတွေ့အကြုံတေ၊ွ သုံးသပ်ချက်တွေကို မကုန်နိုင်မခန်းနိုင်အောင် ရလိုက်ပါတယ်။ အဘဦးအုန်းမြင့်ဆီက ရတဲ့ သင်ခန်းစာတွေနှင့် ကျနော်တို့လူငယ်တွေ သုံးဆောင်မှာ တောင်ယာ ကိုယ်ပိုင်ရအောင် တိုက်လိုက်နိုင်ပါတယ်။ ကျနော်တို့ဘက်က ဘာမှမပေးဆပ်လိုက်ရဘဲ ရေလောင်းခြင်းကို ပညာပြလိုက်တာက တန်းစည်းသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် ကျနော်တို့ နိုင်ငံရေးမှုတွေကို ကိုယ်ပိုင်တောင်ယာ လုပ်ခွင့်ပေးလိုက်ပါတယ်။  တန်းစည်းသရဲကြီးကို  ၀င်းမောင်ဂျပုလေးက ပေါက်တူးနှင့် ခုတ်သတ်လိုက်ပြီးနောက် ထောင်မှူးသိန်းမြင့် အပြောင်းခံရတဲ့ အချိန်နောက်မှာ ကျနော်တိုအဆောင်က အပြစ်ဒဏ်အဖြင့် သတ်မှတ်ခံပါတယ် အသားပုံစံတွေလဲ သေးသွားတယ် ရေချိုးလဲခွက်ရေ လျော့သွားတယ်။ အဲဒီအခါမှ အဘက "နိုင်ငံရေးသမားဆိုတာ ပြည်သူအတွက် တိုက်ပွဲဝင်ပြီး ထောင်ကျရတာ ထောင်ကျလာတော့လဲ ထောင်ထဲမှာ အခြားရာဇ၀တ်မှုတွေ မလုပ်နိုင်တဲ့ အကျဉ်းထောင် အာဏာပိုင်နှင့် အကျဉ်းသားအကြား တိုက်ပွဲဝင်ရဲရမယ် အမှန်တရားအတွက် ရပ်တည်ရဲရမယ်" လို့ပြောဘူးပါတယ်။ ဒီတော့တိုက်ပွဲဝင်ဖို့ ကျနော်တို့တတွေ တိုင်ပင်တဲ့အခါမှာ  ရင်းမယ့်လူတယောက် ထွက်ဖို့ကို တိုင်ပင်တဲ့အခါမှာ ထိုအချိန်က ကျနော်တို့ အဆောင်မှာ တက်ကြွတဲ့ နိုင်ငံရေးသမား လူငယ်များဖြစ်တဲ့ ကိုမိုးမြင့်(မဆလဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့်(မွန်ကြီး)၊  ကိုဗညား၊ ကိုစည်သူဝင်း(သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင်(ပြည်)၊ ကိုခင်အောင်(ပြည်) မျောက်ညို(စမ်းချောင်း) ပဲပေါ(ခေါ်) ကိုမျိုးထွန်း တို့နှင့် လူကြီးတွေဖြစ်သော ကိုသီဟ(ပြည်)၊ ကိုအေးကြည်(မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ(အရေးတော်ပုံပါတီ) ၊ ကိုညီမွှေးတို့ စနစ်တကျတိုင်ပြင်ပြီး တာဝန်ခံတင်ပြမယ့် လူကိုရွေးတော့ သူလုပ်မယ်ငါလုပ်မယ် ဖြစ်နေလို့ မဲနှိုက်ရတဲ့အထိ ကျနော်တို့တတွေတက်ကြွတာ ကံကောင်းစွာနှင့် ကျနော်မဲပေါက်ပါတယ်။ ထောင်ဥပဒေတွေကို အလွတ် ကျတ်မှတ်ပြီး ထောင်ပိုင်ဦးအုန်းဖေ ထံကနေပြီး အသားပုံစံ စနစ်တကျပေးဖို့ ကျနော်အချက်အလက်နှင့် တင်ပြလိုက်နိုင်တယ်။ ထောင်မှူးဦးလှ စိတ်ညစ်သွားရပါတယ်။ ကျနော်တို့အဆောင်တခုလုံး အသားပုံစံ ပြည့်ပြည့်၀၀ရကြပါတယ်။ နောက်တော့ ထောင်ပိုင်ဦးအုန်းဖေနှင့် သီးခြားတွေ့ခွင့်ရအောင်တောင်းပြီး ရမ်းကားမိုက်ရိုင်းတဲ့ အမှတ်(၄)ခန်း အခန်းလူကြီးဂျွန်ကို ထောင်ဥပဒေနှင့် စနစ်တကျ တင်ပြလိုက်တဲ့အတွက် ထောင်ပိုင်ကိုယ်တိုင် ဖြုတ်ပြီးစစ်ခွေးတိုက်ထဲ ထည့်လိုက်ရပါတယ်။ အဘက အရမ်းကိုစနစ်တကျ စကားပြောနိုင်သလို အတွေ့အကြုံကလည်းရင့်ကျက်၊ မျိုးချစ်စိတ်ကလည်း ပြင်းထန်ပါတယ် ကျနော်တို့လူငယ်တွေ အဘကို အရမ်းတန်ဘိုးထားပါတယ်။ ထောင်ဥပဒေဆိုတာ အင်မတန်မှ တရားမမျှတဘူး ပိုဆိုးတာက နိုင်ငံရေးအကျဉ်းသားဆိုရင် ထောင်ပိုင်နှင့် တင်ပြခွင့်ရတဲ့ ကြာသပတေးနေ့ ထောင်ပိုင်လှည့်လယ် စစ်ဆေးတဲ့အချိန်မှာ တင်ပြခွင့်ရဖို့ကို အဆင့်ဆင့် တင်ပြရပါတယ် အဲဒီလိုအဆင့်ဆင့် တွေကို ကျနော်တို့တင်ပြတဲ့အခါမှာ အဘဦးအုန်းမြင့်ပြောတဲ့ ထောင်တွင်းတိုက်ပွဲတွေက အတွေ့ကြုံတွေက ကျနော်တို့ကို အမှားအယွင်းမရှိအောင် ပံ့ပိုး သင်ကြားပေးထားသလို ဖြစ်နေသည့် အတွက် ကျနော် တင်ပြချက်တွေက ပြည်စုံပြီး ကိုယ့်ဖက်ကို အပြစ်ရှာမရအောင်ကို ဖြစ်နေအောင်ကို အဘဦးအုန်းမြင့်၏ အတွေ့အကြုံများက သင်ကြားပေး ထားသလိုဖြစ်နေတယ်။ အဘက အဲဒီအချိန်က အသက် (ရ၄) နှစ်ကျော်ပြီပေါ့ ဒါပေမယ့် ကျနော်တို့ကို တက်ကြွနေအောင် ရန်သူလက်ထဲမှာ အကျဉ်းကျနေတာကို နိုင်ငံရေး သင်တန်းတခု ရောက်နေသလိုမျိုး၊ တိုက်ပွဲကို တိုက်ရဲအောင်၊ တိုက်ပွဲမြင်နိုင်အောင် စနစ်တကျသင်ကြားပေးနိုင်သည်။ အဘက အင်မတန်မှ  အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေကို  ကိုယ်တိုင် ပါဝင်ခဲ့တာတွေ ကိုလည်း မနေ့တနေ့ကို အဖြစ်ပျက်တွေလို ကျနော်တို့ကို ပြောပြနိုင်တယ် ဆွေးနွေးတယ်။။ ကျနော်တို့သုံးဆောင်မှ တက်ကြွ(၁၆)ဦးကို အဆောင်ပြောင်းမယ်လို့ သတင်းထွက်လာတဲ့ အခါမှာ အဘက ကျနော်ကို အပြင်ရောက်လာရင် လာတွေ့ဖို့ကို အဆောင် အနောက်ဖက်ခြမ်း သရက်ပင်ကြီးအောက်မှာ နှစ်ယောက်ထဲ ပြောခဲ့ပါသည်။ နောက်တော့ ကျနော်တို့ သတင်းရထားသလို အဆောင်ပြောင်းတာ မဟုတ်ဘဲ ကျနော်တို့ကို စစ်ခွေးတိုက်ထဲထည့်ပြီး ရိုတ်နှက်တာပြီး တိုက်ပိတ်ထားပြီး နောက် အဆောင်တွေ ခွဲပို့လိုက်လို့ ကျနော်က အမှတ်(၅)ဆောင် ရောက်သွားပြီး အဘနှင့်ကွဲသွားတော့ပါတယ်။



၁၉၉၇ ဖေဖေါ်ဝါရီလမှာ ကျနော်ထောင်က လွတ်တယ် ကျနော်ကို အဘကပြောထားတဲ့အတိုင်း တကယ်ကို ဆက်သွယ်လာတာ ကျနော်လိပ်စာကို ၁၉၉၂ ခုနှစ်ထောင်ထဲမှာ ရေးကြီးသုတ်ပြာ ပြောရတာကို အဘမှတ်သားထားနိုင်တယ် အဘလူလွတ်ပြီး ကျနော်ကို ဆက်သွယ်တယ်။ ကျနော်ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို အဘကကျနော်မပြောပဲ အကုန်နီးပါးသိတယ်။ ကျနော်ကို လမ်းတွေပြပေးတယ် အဝေးကနေပါ အဘကျနော် အနားမလာနိုင်ပါဘူး အဲဒီတချက်ကဘဲ အလွန်ဝမ်းနည်းစရာပါ ကျနော်အပြင် ထွက်လာတဲ့ အထိ အဘပြောတဲ့ အချက်တွေကို ကျနော်အသုံးချရပါတယ် အင်မတန်မှ ရင့်ကျတ်တဲ့ နိုင်ငံရေးအတွေ့ကြုံနှင့် အတွေးခေါ်တွေ အဘမှာရှိတယ်။ကျနော်အဘဦးအုန်းမြင့်ကို သခင်အုန်းမြင့်အဖြစ် လွတ်လပ်ရေးကြိုးပမ်းကာလနှင့်  လွတ်လပ်ရေးပြီးကာလ တိုက်ပွဲတွေနှင့်ပုံမဖေါ်ပါဘူး ကျနော်သိခဲ့မြင်ခဲ့တဲ့  အဘဦးအုန်းမြင့်ဘ၀နှင့် ပုံဖေါ်လိုက်ပါတယ်။ အဘရဲ့ တာဝန်ကျေပွန်မှုတွေကို  ကျနော်လဲ ရေးနိုင်မယ်မထင်ပါဘူး။



ကျနော်အဘနှင့် ပတ်သက်ပြီးပြီး ကျနော်တို့အင်အားစုတွေ အတွင်းမှာ မကောင်းတဲ့အချက်လေး တခုကို မြင်မိပါတယ်။ အဘက ကွန်မြူနစ်စနစ် အားကောင်းတဲ့အချိန်မှာ ပေါက်ဖွားလာတဲ့ နိုင်ငံရေးမျိုးချစ် တဦးဖြစ်တာကြောင့်  အဘကို စီ(ကွန်မြူနစ်)တယောက် အဖြစ်နှင့် အဘကို အပြည့်အ၀ လုပ်ပိုင်ခွင့် မပေးကြပါဘူး ဒါပေမယ့် သခင်အုန်းမြင့်က သမိုင်းတောက်ပြောင်ပါတယ် ရန်သူကို တာဝန်ကြေပွန်စွာ သေတဲ့အချိန်ထိ တိုက်ပွဲဝင်သွားတယ် ဒူးမထောက်ဘူး ရန်သူနှင့်မပေါင်းဘူး မျိုးဆက်သစ်တွေကို လမ်းတွေဖွင့်ပေးသွားတယ် ပခုံးထမ်းတင် ပေးသွားတယ်။ အဘကောင်းရာသုဂတိလားမှာပါ ကျနော်ဆုတောင်းဖို့မလိုပါဘူး ဘာလို့လဲဆိုတော့ အဘရဲ့တိုင်းပြည်အပေါ်မှာ တာဝန်ကြေပွန်မှု အနစ်နာခံမှု ဖြူစင်မှုတွေက အဘကို ကောင်းရာသုဂတိကို ခေါ်ဆောင်သွားမှာပါ။

ရဲမင်းထွန်း

BURMA TODAYမှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....