Thursday, October 21, 2010

ရွေးကောက်ပွဲ ဖျက်သိမ်းရေး

မဲမပေးရေး၊ မဲပေးရေး ဆိုတာဟာ အသိအမှတ်ပြု နေတာမို့ ဖျက်သိမ်းရေးဘဲ တောင်းဆိုတာ မှန်တယ် နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြု သူများက မဲပေးရေး စည်းရုံး လှုပ်ရှား ကြမယ်။ ဒါက သူတို့ရဲ့ လုပ်ပိုင်ခွင့် ဖြစ်သလို လုပ်လဲ လုပ်သင့်တဲ့ ပြဿနာ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မဲဆွယ်တာကို ယိုးမယ်ဖွဲ့ ပြောလို့ အဓိပ္ပါယ် မရှိတော့ဘူး။ ငွေရှိတဲ့သူက ငွေနဲ့၊ အာဏာ ရှိတဲ့ သူက အာဏာနဲ့၊ လုပ်သွားမှာပါ။ ဒါက နိုင်ငံတကာမှာ လုပ်နေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးရင် ကောက်ကျစ်တဲ့ နည်းနဲ့  မဲအနိုင်ရအောင် လုပ်သွားမှာလဲ ပြောနေစရာ မလိုဘူး။ ဒီတော့သူတို့ ပြဿနာကို ပြောစရာမလိုဘူးလို့ ထင်တယ်။ ဒါပေမဲ့ ပြောရမှာက အတိုက်အခံလို့ ပြောနေတဲ့ အုပ်စုနဲ့ ပါတ်သက်လို့ ပြောရတော့မှာ ဖြစ်တယ်။ သဘောကတော့ ရန် ငါစည်းမပြတ်တာကို ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် စစ်အစိုးရ လုပ်တာကိုမှ မကြိုက်တာ။ မကြိုက်ရင် လက်မခံဘူးပေါ့။ ဒီတော့ သူတို့ လုပ်ချင်ရာလုပ်။ ကိုယ်နဲ့မှ လားလားမှ မဆိုင်တာ။ ဒါတွေကြောင့်လဲဘဲ ပါတ်သက်ချင် နေတာကို ပြောစရာ ဖြစ်နေပါပြီ။

မဲပေးကြပါလို့ ရွေးကောက်ပွဲကို ၀င်ကြမဲ့ သူတွေ၊ နိုင်ငံရေး ပါတီတွေက ပြောကြတာဟာ အဆန်းမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုရင် သူတို့က စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ကြမဲ့ သူတွေ ဖြစ်တယ်။ ဒီလိုဆိုရင် မဲမပေး ပါနဲ့လို့ ပြောရမှာက ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ သူတွေရဲ့ လူတွေရဲ့ အလုပ်လား။ တနည်းအားဖြင့် ဒါဟာ သွေးတိုးစမ်းတဲ့ ပထမပိုင်း အဆင့်မို့ မှန်ကန် သင့်မြတ် ပါတယ်။ ဒါပေမဲ့ ပွဲပြီး မီးသေမဲ့ အကြောင်းအရာ မဟုတ်နိုင်ဘူး။ မှန်လဲ မမှန်ကန်ဘူး။ ယေဘူယျ သဘောအရတော့ မှန်တယ်။ လုံးဝ ဥသုံ အနေနဲ့တော့ မဟုတ်ဘူး။ ဘာကြောင့် ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးပါနဲ့လို့ ပြောနေပေမဲ့ ရွေးကောက်ပွဲက လုပ်ဖြစ်သွားမှာ။ တနေ့ကပဲ ကော်မရှင် သိန်းစိုးက နေပြည်တော် ကော်မရှင်ရုံး အစည်းအဝေးမှာ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပါတ်သက်လို့ ရွေးကောက်ခံ ပိုင်ခွင့်တွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်သွားသေးတယ်။ ပြောချင်တာက သူတို့တွေ ရွေးကောက်ပွဲကို လုပ်သွားမှာ ဆိုတာကို ပြောတာပါ။ ဒီတော့ ကျနော်တို့ အနေနဲ့ အဓိက ကတော့ အလုပ် မဖြစ်ရေးသည်သာ အလုပ်ဘဲလေ။ တကယ်တော့ နှစ်ဘက် ဖြစ်နေတယ်။ ၀ိရောဓိတွေ ဖြစ်နေတယ်။ ဒါက မဲပေးမဲ့သူက ရှိနေတာရယ်။ ရွေးကောက်ပွဲကို ၀င်မဲ့ ပါတီတွေ တသီး ပုဂ္ဂလတွေက ရှိနေတာရယ်ကြောင့် ဖြစ်တယ်။ ဒီတော့ ဘာဘဲဖြစ်ဖြစ် မဲမပေးရေးသည် တနည်းအားဖြင့် မှန်ပေမဲ့ အပြီးသတ် မှန်ကန်သော နိုင်ငံရေး နည်းလမ်း မဟုတ်ဘူး ဆိုတာ ရှင်းလင်း ပြသ နေတယ်။ ဒီတော့ မဲမပေးရေး လှုပ်ရှားမူနဲ့ ဖျက်သိမ်းရေးကို ဆက်စပ် လိုက်ကြရတော့မှာ ဖြစ်တယ်။

ဒီတော့ ဘာတွေ လုပ်ကြရမှာလဲ။ ဒီရွေးကောက်ပွဲရဲ့ တရားမှုတွေ၊ ၉၀ ခုနှစ် ရွေးကောက်ပွဲကို လျှစ်လျှူရှု ရတာတွေ။ ဂတိမတည်တာတွေနဲ့  အဆုံးသတ်မှာ ရွေးကောက်ပွဲ ကာလကို ဖြတ်ကျော်ခံ လိုက်ကြ ရမှာလား။ မဟုတ်သေးဘူး။ ဒီလို ပုံစံမျိုးနဲ့ နိုင်ငံရေး ပြဿနာ တခုကို အဆုံးသတ်လို့ မရနိုင်ဘူး။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့ လုပ်မယ်ဆိုရင် မလုပ်ရအောင် ဘာလုပ် ရမှာလဲ ၊ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ဘာလုပ်ရမှာလဲ၊ ၉၀ ခုနှစ်မှာ အနိုင်ရရှိထားတဲ့ ပါတီတွေက ရွေးကောက်ပွဲကို လက်မခံရင် ဘာလုပ်ကြရမှာလဲ။ နိုင်ငံတကာက လက်မခံ ရအောင် ဘယ်လိုနည်းနဲ့  သက်သေပြနိုင်ကြရမှာလဲ။ မဲမပေေးရး နဲ့  သပိတ် မှောက်ရေး ဆိုတာဟာ မလုံလောက်ဘူး။ ဒီလိုပြောနေရုံနဲ့  နအဖစစ်အစိုးရဟာ ငြိမ်သက်သွားမယ်မဟုတ်ဘူး။ ရွေးကောက်ပွဲကို မလုပ်ဘဲ နေသွားမှာ မဟုတ်ဘူး။ သူအာဏာ ဆက်လက် ရှိနေဖို့ အတွက် သူ့ ဘာသာ သူ့ အလုပ်ကို ဆက်လုပ်သွားမှာ ဖြစ်တယ်။ ဒီတော့ သူတို့မှာ တနေ့ ကဘဲ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ ရွေးချယ် ထားပြီ လို့တောင် အသံတွေ ထွက်လာပြီ။ သူတို့ရဲ့ အရပ်သား အစိုးရကိုလဲဘဲ နိုင်ငံတကာ အစိုးရတွေက ဆက်ဆံ ကြရတော့မယ်လို့ ပျော့ညံ့ညံ့ အတွေးအခေါ်တွေနဲ့  ပြောဆို လေသံ ပေးနေကြပြီ။

ဒီပုံ မျိုးနဲ့ မိုးချုပ်သွားတာကို လက်ပိုက်ကြည့် နေလိုက်ကြရတော့ မှာလား ကွယ်ရို့ ဆိုပြီး ဇတ်မင်းသားလို ငိုချင်းရှည်ချ ကြရတော့ မှာလား။ ဒါဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့ အကြောင်းအရာ တခုသာ ဖြစ်တယ်။ ဒီတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကော ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ ကကော ဒီအချိန်မှာ ပွဲပြီး မီးသေ နိုင်ငံရေး တိုက်စစ်ကို ကျင့်သုံး ရမှာ ဖြစ်တယ်။ အခု အချိန်မှာ ဆိုရင် တနိုင်ငံလုံးကို လှည့်လည် စည်းရုံး ဆွေးနွေးပြီး သွားပါပြီ။ ကိုယ့်ပါတီဝင်တွေကိုကော ပြည်သူတွေကိုကော ယုံကြည် ထောက်ခံသူတွေ ကိုကော မဲမပေးရေး ဆိုတာ ကိုလဲ ပြောပြီးကြပြီ။ သပိတ် မှောက်ကြဖို့ ဆိုတာတွေကိုလဲ ပြောဆို ဆွေးနွေးပြီး ကြပါပြီ။ ဒီတော့ ပြောစရာ လုပ်စရာ တစ်ခုသာ ကျန်ပါတော့တယ်။ မြန်မာနိုင်ငံကို ကယ်တင်ဖို့ ကယ်တင်မဲ့ အချိန် နဲနဲ လိုပါတော့တယ်။ ဒီအချိန်မှာမှ မကယ်ရင် နောင် အနာဂါတ်မှာ ပြောစရာတွေ တပုံတခေါင်း ကျန်ရစ် နေတော့မှာပါ။ ဒီတော့ အိမ်ပြန် ရောက်လာကြတော့မဲ့ မဲမပေးရေး ပြောဆို ဆွေးနွေးခဲ့ ကြပြီး ဖြစ်တဲ့ တိုင်းရင်သား ခေါင်းဆောင်များနဲ့ နိုင်ငံရေး ခေါင်းဆောင်များ အနေနဲ့ ပြတ်သားတဲ့ ခံယူချက်ကို ထုတ်ဖေါ် ကြရမှာ ဖြစ်ပါတယ်။ အိမ်ပြန် ရောက်ပြီးမှ မဲမပေးရေးကို ပြောဆိုခဲ့ ပြီးပါပြီ ဆိုရုံ လောက်နဲ့တော့ နအဖ စစ်အစိုးရက ရီပြလိုက် နေအုံးမှာပါ။ အဲဒီ သရော်သံ ရီသံမျိုးကို မကြုံမိဖို့ လိုပါတယ်။

နအဖ စစ်အစိုးရရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရေးလို့ ပြောနေကြတဲ့ သူတွေဟာ ရွေးကောက်ပွဲကို အမှန်တကယ် အသိအမှတ် ပြုကြတဲ့ သူများတွေလို ဖြစ်နေတယ်။ ဒါကို နအဖ စစ်အုပ်စုက ကြိုက်နေတယ်။ ဒါကို ဘယ်လို နည်းနဲ့မှ ငြင်းပယ်လို့ မရပါဘူး။ သို့အတူ မဲ မပေးရေး သပိတ်မှောက်ရေး ဆိုတာဟာလဲ အသိအမှတ် ပြုနေခြင်းပဲ ဖြစ်ပါတယ်။ မဲပေးတဲ့ သူနဲ့ မဲ မပေးချင်တဲ့သူ နှစ်ယောက်ကို တနေရာတည်းမှာ စကားပြောကြည့်တဲ့ အခါ ဆုံမှတ် နေရာဟာ ရွေးကောက်ပွဲ အခင်းအကျင်း နေရာသာ ဖြစ်ပါတယ်။ ဒီတော့ ဒါဟာ အသိအမှတ်ပြုခြင်း ပါဘဲ။ ကျနော် တို့ဟာ အဲဒီ ဆုံမှတ် နေရာကို မသွားသင့်ဘူး ထင်တယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို တားဆီး ရမှာလဲ။ ဘယ်လို မလုပ်နိုင်အောင် လုပ်ကြရမှာလဲ။ ရှင်းရှင်း လင်းလင်း နိုင်ငံရေး တိုက်စစ်ကို လုပ်ကြဖို့ လိုပါတယ်။ ဒါကတော့ ရွေးကောက်ပွဲကို ဖျက်သိမ်းရေး တောင်းဆိုကြဖို့ ပါဘဲ။ ရွေးကောက်ပွဲကို ဖျက်သိမ်းရမည် ဆိုတဲ့ ရာဇသံကို ပေးကြရမှာပါဘဲ။ ရွေးကောက်ပွဲကို ဖျက်သိမ်းအောင် ပြောဆိုပေးမှသာ ရွေးကောက်ပွဲကို အသိအမှတ်မပြုရာဖြစ်ပါတယ်။ ဖျက်သိမ်းရမယ်။ မလိုချင်ဘူး၊ လက်မခံဘူး၊ တနိုင်ငံလုံးမလုပ်ရဘူး။ ပြည်နယ် ( ၅ ) ပြည်နယ်မှာ မလုပ်နိုင်သလို အခြား ကျန် တိုင်းနှင့် ပြည်နယ်မှာလဲ မလုပ်ရဘူး။ ရွေးကောက်ပွဲကို ဖျက်သိမ်း ပစ်ရမယ်။ မဖျက်သိမ်းဘူး ဆိုရင် ဒါဟာ ဘယ်လိုဘဲ လုပ်လုပ် ဘယ်လို နည်းနဲ့မှ တရား မ၀င်ဘူး၊ အသိအမှတ် မပြုဘူး ဆိုတဲ့ ရာဇသံကို ပေးရပါ လိမ့်မယ်။

ဒီလို ရွေးကောက်ပွဲကို ဖျက်သိမ်း ရမယ် ဆိုတဲ့ ရာဇသံကို ပေးမှသာ မဲမပေးရေး ဆိုတဲ့ အသံထက် ဥပဒေနဲ့ ကိုက်ညီတာတွေ။ တရားဝင် တောင်းဆိုမူတွေကို နိုင်ငံ တကာက လေးစား သွားမှာ ဖြစ်ပါတယ်။ ဒီလို တောင်းဆို ဆန္ဒပြနေလို့ ကလဲ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက လမ်းပေါ်ထွက်ပြီး လာရိုက်မှာ မဟုတ်ပါဘူး။ ဒီပဲယင်းလို ပုံစံမျိုးလဲ နောက်တခါ လာရိုက်ကြမှာ မမြင်ပါဘူး။ ဘာကြောင့် ဆိုရင် ဒီလို ရွေးကောက်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာကို ဘယ်သူကမှ ဘယ်ပါတီကမှ အကြမ်းဖက်ပြီး ရိုက်ခိုင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့်ဆိုရင် သူတို့ က မဲဆွယ်စည်းရုံးနေကြတဲ့ သူတွေ ဖြစ်နေ ကြလို့ပါ။ ဒီတော့ ဒီလို ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆို လိုက်တဲ့ အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီတွေ အဖို နိုင်ငံရေး ဘီးဟာ တပတ် ပြန်လည် လာလိမ့်မယ် ဆိုတာ တွေ့ရှိ ကြလာမှာ ဖြစ်ပါတယ်။ ဒီတခါပြန်လည်လိမ့်လာတဲ့  သမိုင်းဘီးကို ရ့ပ်တန့် သွားစေဖို့  ကြိုးနဲ့ တော့ မချည်မိပါစေနဲ့ လို့ သာ ပြောထားချင်ပါတယ်။ နောက်ဆုံး တိုက်ပွဲဟာ အဆုံးအဖြတ် မှန်ကန်ဖို့ လိုပါတယ်။ ပြတ်သားဖို့ လိုပါတယ်။

ရွေးကောက်ပွဲ ကာလကို နိုင်ငံ တကာက ပြောလာကြတဲ့ အခါ မြန်မာ နိုင်ငံဟာ ဒီမိုကရေစီ စနစ်နဲ့ အင်မတန်မှ အလှမ်း ကွာဝေးသွားပြီ ဆိုတာကို နားလည် ရမှာပါ။ ရွေးကောက်ပွဲကို ၀င်မဲ့ ပါတီတွေက ရွေးကောက်ပွဲလွန် ကာလနဲ့ ပါတ်သက်လို့ တွေးတောပြီး အိမ်မက်တွေကို အကောင်အထည် ဖေါ်ရင်း ပြောဆို နေကြတာဟာလဲ အဓိပ္ပါယ် မရှိပါဘူး။ မဲပေးရေး၊ သပိတ်မှောက်ရေး ပြောနေကြတဲ့ သူတွေ ပါတီတွေအနေနဲ့တော့ ရွေးကောက်ပွဲ ကာလမှာ ဖြစ်ပေါ်လာမဲ့ အစိုးရနဲ့ ဘယ်လို ဆက်ဆံရမယ်၊ ဘယ်ပုံ ရှိလာ နိုင်တယ် ဆိုတာဟာ ဖြစ်ပေါ်လာမဲ့ အရေခြုံ အရပ်သား အစိုးရကို အသိအမှတ် ပြုရာ ဖြစ်နေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်ခင် ဖြတ်ပစ် ရမှာပါ။ ဒီနေရာ ဒီအချိန်မှာ ဒီပုံစံမျိုးနဲ့ ဒီရွေးကောက်ပွဲကို ဖြတ်ကျော် မသွားရအောင် တကယ်တမ်း လုပ်ရမှာက အတိုက်အခံတွေရဲ့ အလုပ်တွေပါ။

အခုအချိန်မှာ ၈၈ တုန်းကလို တနိုင်ငံလုံး အထွေထွေ သပိတ် ကော်မီတီကို ဖွဲ့ စည်း လိုက်ပြီ ဖြစ်ကြောင်း သိကြရပါပြီ။ အထွေထွေ သပိတ် ကော်မီတီ ဖွဲ့စည်း လိုက်ကြပြီ ဆိုတာနဲ့ ဒါဟာ နအဖ စစ်အုပ်စု အတွက် သွေးလန့်စရာ အဖွဲ့အစည်း တခု ပေါ်လာပြီ ဆိုတာကို ခန့်မှန်း သိသာ နိုင်ပါတယ်။ နအဖ စစ်အုပ်စုကို မျက်ဖြူ ဆိုက်မဲ့ ဖြုတ်ချကြမဲ့ ဒီ အထွေထွေ သပိတ် ကော်မတီကို ၀မ်းသာ အားရ လက်ခံ ကြိုဆို ကြရမှာ ဖြစ်တယ်။ မကြာခင် သပိတ် စခန်းတွေ အလျှိုလျှို ပေါ်ပေါက် လာကြမှာ မြင်ယောင် နေပါတယ်။ သပိတ် ကော်မတီတွေရဲ့ အလုပ်တွေဟာ ကြေညာချက်တွေ အတိုင်း ဆောင်ရွက် လာကြမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ ပြည်တွင်းကို အခြေခံတဲ့ အဖွဲ့ အစည်းတွေ ဖြစ်ပြီး တိုင်းနှင့် ပြည်နယ် အနှံ့ ပါဝင် နေတာ တွေ့ရပါတယ်။ ၈၈ တုန်းကလို လမ်းပေါ်ထွက် ဆန္ဒပြ ထွက်ကြလေ မလား။ ဒါကို စောင့်ကြည့် ရပါ လိမ့်မယ်။ မန္တလေးက အကောင်းဆုံး မြေသြဇာ အဖွဲ့ ကတော့ ရွေးကောက်ပွဲ ဖျက်သိမ်းရေး တိုက်ပွဲကို ဗွေဆော်ဦး လုပ်လိုက် ကြပါပြီ။ ကချင် ပြည်နယ်မှာ ဆိုရင်လဲ ရွေးကောက်ပွဲ အလိုမရှိ ဆိုတာတွေ အသံတွေ ပေးလို့ လှုပ်ရှား လာကြပါပြီ။ လောလောဆယ် မှာတော့ နအဖ စစ်အစိုးရရဲ့ ထောက်လှမ်းရေးနဲ့ စွမ်းအားရှင်တွေ ကြံ့ဖွံ့ သတင်း ပေးတွေ ကတော့ အထွေထွေ သပိတ် ကော်မတီတွေမှာ ပါနိုင် လောက်တဲ့ ပုဂ္ဂိုလ်တွေကို လိုက်လံ ရှာဖွေ နေတယ် ဆိုတဲ့ သတင်း ကြားနေရပါပြီ။ ထုံးစံ အတိုင်းပါ။

အထွေထွေ သပိတ် ကော်မတီမှာ တကယ် မပတ်သက်တဲ့ သူတွေ ကျောင်းသားလေးတွေ ရဟန်း သံဃာတော်တွေကို ဖမ်းဆီး အရေးယူပြီး နှစ်ရှည် ထောင်ချ လိမ့်မယ်လို့ ပြည်တွင်းက လာတဲ့ သတင်းတွေ အရ ကြားနေ ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းက အထွေထွေသပိတ်ကို တာဝန်ခံဆောင်ရွက်မဲ့  ပုဂ္ဂိုလ်တွေကတော့ ဒီနောက်ဆုံးတိုက်ပွဲကို အချိန်ဇယား အတိအကျနဲ့ ပြတ်ပြတ် သားသား ဆောင်ရွက် ကြလိမ့်မယ်လို့လဲ ကြားသိ နေရပါတယ်။ ဒီအထွေထွေ သပိတ် ကော်မီတီတွေနဲ့ ချိတ်ဆက် မိမိနဲ့သာ ပူးပေါင်း လှုပ်ရှား ကြမယ် ဆိုရင် ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ မုချ ဖျက်သိမ်း ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် အထွေထွေ သပိတ် ကော်မီတီဟာ ရွေးကောက်ပွဲကို ဖျက်သိမ်းရေး တောင်းဆိုမဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။ ပြီးတော့ နအဖ စစ်အစိုးရကို ဖြုတ်ချမဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ သူတို့ဟာ အကြမ်းမဖက်တဲ့ နိုင်ငံရေး နည်းနဲ ကြးဖြတ် အရပ်သား အစိုးရကို ဖွဲ့ စည်းကြမှာဖြစ်ပါတယ်။ လူထု အစိုးရကို ဖွဲ့စည်းကြမှ ဆိုတာကြောင့်လဲ သူတို့ရဲ့ တိုက်ပွဲကို ပြည်သူ တရပ်လုံး ထောက်ခံကြဖို့ လိုအပ် ပါတယ်။ အဓိက အားဖြင့် ရွေးကောက်ပွဲမှာ မဲ မပေးရေး ဆိုတာဟာ အသိအမှတ် ပြုနေသော အစိပ်အပိုင်း တခု ဖြစ်တယ် ဆိုတာကို ဒီအချိန်မှာ လက်ခံ သဘောပေါက် နားလည် ကြဖို့ လိုပါတယ်။ ဒီအဆင့် ကနေပြီး ဖျက်သိမ်းရေးကို ဦးတည် သွားရောက် ကြရတော့မှာပါ။ ဘောလုံးပွဲမှာ တဖက်ကို အားမပေးချင်လို့ မလောင်းသလို တဖက်မှာလဲ မိမိလူ မပါလို့  မကြိုက်လို့ ပွဲထိုင်ကြည့် လိုက်တာမျိုး မဖြစ်ရအောင် လုပ်ကြရမဲ့ အချိန် ဖြစ်ပါတယ်။ ဘောလုံးပွဲ မကစားရအောင် ပွဲစဉ် ဖျက်သိမ်း လိုက်ခြင်း အားဖြင့် မကောင်း ပေဘူးလား ဆိုပြီး စဉ်းစားရမဲ့ အချိန် ရောက်နေ ပါပြီ။ ၁၉၉၀ ခု ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း ထားတာ စစ်အစိုးရဘဲ ဖြစ်တယ်။ ဒီတော့ စစ်အစိုးရဲ့ ရွေးကောက်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆို ရမှာဟာလဲ ပြည်သူ တွေရဲ့ တာဝန် ဖြစ်တယ်။

ဒီတော့ နှစ်ဆယ် တဆယ် ဖျက်သိမ်းရေး ဒို့အရေး ဆိုပြီး နိုင်ငံရေး ဘီးကို တပါတ်လည် ကြစေဖို့ တိုက်တွန်း ပါရစေ။ နှစ်ဆယ် တဆယ် ရွေးကောက်ပွဲ ဖျက်သိမ်းရေး။ ဟုတ်ပါတယ်။ နှစ်ဆယ် တဆယ် ဖျက်သိမ်းရေး ပါဘဲ။ ကောင်းပါပြီ။ ဒီလိုဆိုရင် နအဖ စစ်အစိုးရက နှစ်ဆယ် တဆယ် ဖျက်သိမ်းရေးလို့ လှုပ်ရှား လာမဲ့ သူတွေကို ဘယ်လို ဖိနှိပ် လာမှာလဲ၊ ဘယ်လို တားဆီး လာမှာလဲ။ ဘယ်လို နည်းပရိယယ်တွေနဲ့ ဒီစက်ကွင်းက ရှောင်ထွက် မှာလဲ ဆိုတာကို တွေးဆ ထားဖို့ လိုပါတယ်။ သူတို့ဟာ နလဘိန်းတုံး သမားတွေ မဟုတ်ပါဘူး။ အင်မတန် ကောက်ကျစ်တဲ့ သူတွေ ဖြစ်ပါတယ်။ လိမ်မာ ပါးနပ်တဲ့ ကလိမ်ကျစ် သမားတွေ ဖြစ်ပါတယ်။ ဒီတော့ သူတို့က ဖိနှိပ်လာမဲ့ အရာဟူ သမျှကို ကြိုတင် ကာကွယ် နိုင်အောင် ဆောင်ရွက် ထားကြဖို့ လိုပါတယ်။ ဒီပွဲဟာ စစ်တုရင် ကစားသလို နိုင်ငံရေး ကစားတဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဖျက်သိမ်းရေး စာရွက်စာတမ်း ပိုစတာ လက်ကမ်း စာစောင်ကို တွေ့ရှိ သွားလို့ ဖမ်းဆီး ခံရရင် လူပေါင်း များစွာက အုံကြွ လိုက်လံ ပေးကြရမှာ ဖြစ်ပါတယ်။ တဦးကို ထိရင် တစုက ထိုင်ကြည့် နေရမဲ့ အချိန် မဟုတ်တော့ဘူး ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းက ပခုက္ကူ၊ စစ်တွေမှာ လုပ်ခဲ့ ကြသလို လုပ်ကြရမှာ ဖြစ်ပါတယ်။

လူထု တွေဟာ လူထုကို ကယ်တဲ့ နည်းလမ်းတွနဲ့ နှစ်ဆယ် တစ်ဆယ် ဖျက်သိမ်းရေး လမ်းကြောင်းကို ဦးတည် ကြရပါ လိမ့်မယ်။ နိုင်ငံရေး ပါတီနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်များဟာ နိုင်ငံရေး လမ်းကြောင်းကို ဦးတည် ချီတက် ရပါလိမ့်မယ်။ ဒီလို တိုက်ပွဲကို ဆင်နွဲတဲ့ အခါမှာ ပြည်ပက အတိုက်အခံ အင်အားစုတွေက ၀ိုင်းဝန်း ပါတ်သက်နေဖို့ လိုအပ် နေပါတယ်။ နှစ်ဆယ် တစ်ဆယ်ဟာ လူထု အစိုးရ ဖြစ်ပေါ်ရေး အတွက် အထွေထွေ သပိတ် ကော်မီတီကို ဖွဲ့စည်းပြီး ဆောင်ရွက်ကြမယ်လို့ ကြွေးကြော် ထားပါပြီ။ ကြားဖြတ် အရပ်သား အစိုးရဟာ ဒီတိုက်ပွဲ ကနေ ပေါ်ပေါက် စေရမှာ ဖြစ်တယ်။ မြန်မာ နိုင်ငံကို ကယ်တင်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ ဒီတိုက်ပွဲမှာ သင့်ကို အလိုရှိတယ်လို့ ကြွေးကြော်သံတွေ ကြားလာ နေကြပါပြီ။ ဟုတ်ပါတယ်။ ဒီတိုက်ပွဲဟာ မြန်မာ နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးမဲ့ နောက်ဆုံး အချိန် ဖြစ်ပါ လိမ့်မယ်။

ဒီတော့ နှစ်ဆယ် တစ်ဆယ် ဖျက်သိမ်းရေးကို လုပ်ကြရမှာ ဖြစ်တယ်။ နှစ်ဆယ် တစ်ဆယ် ဖျက်သိမ်းရေး ဆိုတာဟာ နအဖ စစ်အစိုးရရဲ့ လုပ်လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုတာ ဖြစ်တယ်။ လက်မခံတာ ဖြစ်တယ်။ မကြားချင်တာ ဖြစ်တယ်။ မမြင်ချင်တာ ဖြစ်တယ်။ မကြုံချင်တာ ဖြစ်တယ်။ ဒါကြောင့် နှစ်ဆယ် တစ်ဆယ် ဖျက်သိမ်းရေးနဲ့ ဖျက်သိမ်း ရမှာ ဖြစ်တယ်။ တကယ်လို့ မဖျက်သိမ်းရင် အထွေထွေ သပိတ် ကော်မီဟာ စောစောက ပြောခဲ့တဲ့ အလုပ်တွေကို ဆက်လုပ် လာလိမ့် ဆိုတာ ကြားနေ ရပါတယ်။ မြင်နေ ရပါတယ်။ ကဲ -- ဒီတော့ နှစ်ဆယ် တစ်ဆယ် ရွေးကောက်ပွဲ ဖျက်သိမ်းရေး ထောက်ခံပွဲတွေ လုပ်ကြရအောင်။ ဟုတ်ကဲ့  --- နှစ်ဆယ် တစ်ဆယ် ဖျက်သိမ်းရေး -ပေါ့ ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....