Friday, October 1, 2010

လူမှုရေးဝန်ထမ်းများ တိုက်ပွဲဝင်တော့မည်

ကမ္ဘာလောကကြီးတွင် အာဏာအတွက် တိုက်နေတဲ့ စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့ စစ်ပွဲ၊ အာဃာတအတွက် တိုက်နေတဲ့ စစ်ပွဲ၊ စီးပွားရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ ဘာသာရေး အတွက် တိုက်နေတဲ့ စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ …. စတဲ့ … စတဲ့ ၀ိရောဓိ စစ်ပွဲများ အပြိုင်အဆိုင် တိုက်ခိုက်ကျင်းပနေချိန်မှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုး မရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ မိတ်ဆွေရန်သူ မရွေးတို့၏ နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စ အ၀၀တို့ကို နိုင်သလောက် ထမ်းဆောင်ပေးဆပ်လျှက် ရှိပါသည်။

အထူးအားဖြင့် နာရေးကူညီမှု ပြုလုပ်ရာ၌ စည်းကမ်းရှိရှိ၊ စနစ်တကျ၊ ကျန်းမာရေးနှင့် ကိုက်ညီ ရန် ရုပ်အလောင်းများကို သယ်ဆောင်ရာ၌ အများအမြင်တွင် တင့်တယ်မှုရှိစေရန်အတွက်၎င်း၊ အယူ သည်းမှု မိစ္ဆာဒိဋ္ဌိအယူဝါဒ အစွဲများ ပပျောက်စေရန်အတွက်၎င်း၊ ၀န်ထမ်းများ၊ အသင်းသူ/သားများကို သင်တန်းများပို့ချ ပေးလျှက်ရှိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၀န်ထမ်းများသည် နာရေးကူညီ ဆောင်ရွက်ရာ၌ အသင်း၏ ရှေ့တန်းတိုက်စစ်မှူးများ ဖြစ်သည်။ ကော်မတီဝင်များ မပါရှိ သော နာရေးကူညီမှု လမ်းကြောင်းများတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့သည် အသင်း ကိုယ်စား ဦးဆောင်၍ နာရေးရှင်များနှင့် တွေ့ဆုံရခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင် ချက်များကို နာရေးရှင်တို့ နားလည်သဘောပေါက်အောင် ပြောကြားရခြင်း၊ ရုပ်အလောင်းများကို သယ်ဆောင်ရခြင်းစသည့် ပေးဆပ်မှုများကို နေ့တစ်ဓူဝ ထမ်းဆောင်နေရသူများ ဖြစ်သည်။ ထို့ကြောင့် လူမှုရေးရှေ့တန်း တိုက်စစ်မှူးများ ပီပီ မိမိတို့ ပေးဆပ်ရာ၌ လူအချင်းချင်း လူသားချင်း စာနာစိတ် တို့ဖြင့် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ တိုက်ပွဲဝင်ဖို့ လိုအပ်ပေသည်။

ယနေ့ ၃၀.၉.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၈း၀၀) နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ ဘုရားခန်းမဆောင်တွင် ၀န်ထမ်းများ အားလုံးအား အသင်းအုပ်ချုပ်သူ မန်နေဂျာမှ ၀န်ထမ်းစည်းကမ်း စည်းမျဉ်းများ၊ ထမ်းဆောင်ရမည့် တာဝန်များကို တိကျစွာ လိုက်နာဆောင်ရွက် ပေးဆပ်ရန်၊ သီလလုံရန်၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထားရန် စသည်တို့ကို ပြောကြား မှာကြားခဲ့သည်။

ထို့အပြင် ရုပ်အလောင်းများကို အထပ်မြင့် အဆောက်အဦးတို့မှ သယ်ချရာတွင် အသုံးပြုသော ရေလုံဇစ်အိတ်၊ ထမ်းစဉ်တို့ကို အသုံးပြုပုံ အဆင့်ဆင့်တို့အား၎င်း၊ မှားယွင်းစွာ အသုံးပြုခဲ့သော နာရေး လမ်းကြောင်း၏ မှတ်တမ်းဓါတ်ပုံများကို ယှဉ်တွဲ၍ Slide Projector ဖြင့် ပြသပြီးနောက် ရုပ်အလောင်း များအား သယ်ဆောင်ရာ၌ လူသေ/ရှင် ဟူ၍ မခွဲခြားဘဲ ကြင်နာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်များ မွေး၍ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းများ ပါဝင်သော ဂျပန်ရုပ်ရှင် (DEPARTURES) ဇာတ်ကားမှ မိမိတို့နှင့် အကျုံးဝင်သော ဇာတ်ဝင်ခန်းများအား အဓိကထား၍ ပြသကာ သင်တန်းပို့ချခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးဝန်ထမ်းများသည် အသင်းသူ/သားများ ကော်မတီဝင်များနှင့် အတူပူးပေါင်း၍ အများပြည်သူအတွက် စနစ်သစ်ဖြင့် လူမှုရေးတိုက်ပွဲ ၀င်တော့မည် ဖြစ်ပါသည်။

ကျော်သူ





No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....