Monday, September 13, 2010

နိုင်ငံရေး မသူတော်နှစ်ဦးအား သပိတ်မှောက်ဆန့်ကျင်ကြ

နအဖစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က (၁၃-၀၈-၂၀၁၀) နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

နအဖ (န၀တ) စစ်အစိုးရ၏ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲဖြစ်သည်ဟု ဆိုရမည်။ ပထမအကြိမ် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း န၀တ (နအဖ) စစ်အစိုးရကပင် ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် မြန်မာပြည်သူအားလုံး နိုင်ငံရေးပါတီအားလုံးနှင့် အရှေ့အနောက် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြု ကြိုဆိုထောက်ခံခဲ့ကြသည်။ ထိုရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ (၈၃) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

သို့သော် န၀တစစ်အစိုးရသည် မိမိကျင်းပပေးခဲ့သော ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ မသိကျိုးကျွန်ပြုလုပ်ခဲ့ရုံသာမက အနိုင်ရပါတီမှ ကိုယ်စားလှယ်များကို ဖိအားပေးခြိမ်းခြောက် နုတ်ထွက်ခိုင်းခြင်း၊ ဥပဒေမဲ့ အကွက်ဆင်ဖမ်းဆီးအရေးယူခြင်း၊ ပါတီရုံးများနှင့် ဆိုင်းဘုတ်များကိုလည်း မပျက်ပျက်အောင် ဖိအားပေးဖြုတ်ချခဲ့ခြင်း စသည့်လုပ်ရပ်များဖြင့် အန်အယ်လ်ဒီအဖွဲ့အား ပျက်စီးစေရန် အမျိုးမျိုး နှောင့်ယှက်ဖြိုခွင်း ကြံစည်ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် အန်အယ်လ်ဒီအဖွဲ့ကြီးကို အင်အားချည့်နဲ့စေရန်နှင့် ပျက်စီးပျောက်ကွယ်သွားရန် အကွက်ချ စီစဉ်ဆောင်ရွက်ခဲ့သည်။

ထိုရွေးကောက်ပွဲကာလက စစ်ခေါင်းဆောင်ကြီးများသည် မိမိတို့ပြောခဲ့သော ကတိစကားများနှင့် ထုတ်ပြန်ခဲ့သော ကြေညာချက်များ (ဥပမာ ၁/၉၀) တို့ကိုပင် ချိုးဖောက်ဖျက်ဆီးကာ အန်အယ်လ်ဒီအား ပိုမိုပြင်းထန်စွာ ထိုးနှက်တိုက်ခိုက် လာတော့သည်။

ထို့နောက်တွင် န၀တ (နအဖ) သည် လူမှုရေးအဖွဲ့အစည်းဟု အရေခြုံကာ ကလိန်ကဖို့အတွက် ကြံ့/ဖွံ့အသင်းကို ဖွဲ့စည်းပြီး ဒီမိုကရေစီအင်အားစုများကို ချေမှုန်းရန်အတွက် လက်ကိုင်တုတ်ပုဆိန်ရိုးအဖြစ် အသုံးပြုလာခဲ့သည်။ လူမှုရေးအသင်း အရေခြုံထားသော ကြံ့/ဖွံ့အသင်းသည်
အန်အယ်လ်ဒီအဖွဲ့ဝင်များနှင့် ၈၈ ကျောင်းသားများ၏ လှုပ်ရှားမှုများကို သတင်းပေး လုပ်ဆောင်လာခဲ့ရုံသာမက ရပ်ရွက်အတွင်းရှိ ၁၀၉/၁၁၀ အလုပ်လက်မဲ့များ၊ ဆိုက္ကားသမားများ၊ ထောင်ထွက်လူဆိုး သူခိုးများ၊ တရားဥပဒေနှင့်မကင်းဘဲ လုပ်ကိုင်စားသောက်နေကြသော ချဲဒိုင်များ၊ အရက်ပုန်းရောင်းသူများကို အခွင့်အရေးပေးပြီး စည်းရုံးကာ စွမ်းအားရှင်များဟု အမည်ပေး၍ ကြံ့/ဖွံ့၏ လက်ကိုင်တုတ်အဖြစ် အသုံးပြုလာခဲ့သည်။

နအဖစစ်အစိုးရသည် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကို လက်သပ်ကျောသပ်မွေးကာ အန်အယ်လ်ဒီခေါင်းဆောင်များနှင့် ၈၈ ကျောင်းသားခေါင်းဆောင်များကို ချေမှုန်းသုတ်သင်ရေးအတွက် စီမံကိန်းချ ဆောင်ရွက်စေခဲ့သည်။

၁။ ၉-၁၀-၉၉ စနေနေ့တွင် ညနေ (၃း၄၅) နာရီခန့်တွင် ဦးတင်ဦး၊ ဦးကြည်မောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလိုက်ပါလာသော ကားသုံးစီးကို ကမ္ဘာအေးဘုရားလမ်း၊ ကုက္ကိုင်းလမ်းဆုံအနီးတွင် လမ်းဘေးဝဲယာမှ ချိန်းကြိုး၊ သံတုတ် စသည့် လူကိုသေစေနိုင်သော လက်နက်များ ကိုင်ဆောင်ထားသည့် လူအုပ်စု (၂၀၀) ခန့်က ၀ိုင်းရိုက်လုပ်ကြံခဲ့သည်။ ၎င်းနေရာဝန်းကျင်တွင် အရပ်သား မည်သူကိုမှ ၀င်ရောက်ခွင့်မပေးဘဲ လုံထိန်းတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ၊ ထောက်လှမ်းရေးများ၊ မြို့နယ်စုံမှ ရယက မယကများ၊ စစ်ဘက်အရာရှိများနှင့် လုံခြုံရေးအပြည့် ၀န်းရံစောင့်ကြည့်နေသည့်ကြားမှ မင်းမဲစရိုက် ဥပဒေမဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းကို အာဏာပိုင်များက မသိယောင်ဆောင် လျစ်လျူရှုနေခဲ့သည်ကို တွေ့ရသည်။ ကံအားလျော်စွာ လူ ဘာမှမဖြစ်ဘဲ ကားများသာ ပျက်စီးခဲ့သည်။ ထိုလုပ်ကြံမှုသည် ရန်ကုန်တိုင်း မြို့နယ်စုံတို့မှ ကြံ့ဖွံ့နှင့် လူဆိုးသူခိုး ထောင်ထွက်များ ပါဝင်သော စွမ်းအားရှင်များ၏ လက်ချက်ဖြစ်ကြောင်း သိရသည်။

၂။ ၂၀၀၃ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များအား ၀ိုင်းဝန်းလုပ်ကြံသတ်ဖြတ်မှုတွင်လည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များပင်ဖြစ်သည်။

၃။ ၂၀၀၅ ခုနှစ် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှ ရွေးကောက်ပွဲအောင်နိုင်ရေး အထိမ်းအမှတ် အခမ်းအနားအပြီး ရုံးရှေ့တွင် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့ တရားဟောကြသည်။ ဟောအပြီးတွင် လူအင်အား၊ လက်နက်အင်အား တင်ဆောင်ထားသော ဒိုင်နာကားများဖြင့် လာရောက်ဝန်းရံ ခြိမ်းခြောက်ကာ အဓိကရုဏ်းဖြစ်အောင် နှောင့်ယှက်ခြင်း ပြုလုပ်လာသည်မှာလည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များပင်ဖြစ်သည်။

၎။ ၂၀၀၆ ခုနှစ် ပခုက္ကူမြို့တွင် ရဟန်းသံဃာတော်များအားလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ကြသော ရဟန်းသံဃာတော်များ၊ ကျောင်းသား ပြည်သူများနှင့် အန်အယ်လ်ဒီအဖွဲ့ဝင်များကို ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးထောင်ချခဲ့ရာတွင်လည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များပင်။

၅။ ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ကွယ်လွန်သူ အန်အယ်လ်ဒီဒု-ဥက္ကဋ္ဌ ဦးကြည်မောင် နှစ်ပတ်လည်ဆွမ်းကျွေးမှ အပြန် ငြိမ်းချမ်းစွာ လမ်းလျှောက်လာကြသော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ကျောင်းသားများကို သတင်းပေး ဖမ်းဆီးခဲ့ကြသည်မှာလည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များပင်ဖြစ်သည်။

၆။ ၂၀၀၈ ခုနှစ် အဖွဲ့ချုပ်ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် (၆၃) နှစ် မွေးနေ့တွင် ဆုတောင်းမေတ္တာပို့ သက်စေ့ငှက်များ လွှတ်နေစဉ်တွင် ရုံးချုပ်ရှေ့သို့ လူအင်အားအပြည့် တင်ဆောင်ထားသော ဒိုင်နာကား (၁၀) စီးခန့်ဖြင့် ၀ိုင်းရံပိတ်ဆို့ တားဆီးကာ အဖွဲ့ဝင်များကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားသည်မှာလည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များပင်။

၇။ အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော အခမ်းအနားနေ့များတွင် လူအင်အားအပြည့်နှင့် ဒိုင်နာကားများဖြင့် လာရောက်ဝန်းရံခြိမ်းခြောက်ဟန်ဖြင့် နှောင့်ယှက်ကြည့်နေကြသည်မှာလည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များပင် ဖြစ်ပါသည်။

အထက်ပါအချက်များသည် အထင်ကရ ထင်ရှားတဲ့ ကြံ့ဖွံ့ရဲ့ ရိုင်းပျယုတ်မာပုံများ တစိတ်တပိုင်းမျှသာ ဖြစ်ပါသည်။

အလုပ်သမား၊ ၀န်ထမ်းများနှင့် ကျောင်းသား/သူများကို ဖြားယောင်းခြိမ်းခြောက်ပြီး ကြံ့ဖွံ့အသင်းထဲကို အဓမ္မသိမ်းသွင်း ၀င်ရောက်စေခဲ့ကာ လူမှုရေးအရေခြုံထားသည့် ကြံ့ဖွံ့အသင်းကြီးအား ယခုတော့ ကြံ့ဖွံ့ပါတီအသွင်ပြောင်းကာ ဘီလူးက မင်းသားခေါင်း ပြောင်းဆောင်းထားသကဲ့သို့ သိုးရေခြုံထားသော ၀ံပုလွေ ဖြစ်နေပါပြီ။

နိုင်ငံပိုင်ငွေများ၊ ပစ္စည်းများ၊ အဆောက်အအုံများဖြင့် ဖွဲ့စည်းတည်ထောင်ထားခဲ့သော ကြံ့ဖွံ့လူမှုရေးအသင်းပိုင် ပစ္စည်းများကို ကြံ့ဖွံ့ပါတီက မောင်ပိုင်စီးလွှဲပြောင်းယူပြီး အာဏာအင်အား၊ ငွေအင်အားဖြင့် ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီးများ၊ ၀န်ကြီးများက ရွေးကောက်ပွဲတွင် တဖက်သတ် အသာစီးနှင့် အနိုင်ကျင့်ရန် ကြံစည်ဆောင်ရွက်နေသည်ကို ကွင်းခနဲ ကွက်ခနဲ အထင်းသား မြင်နေရပေပြီ။ ရွေးကောက်ပွဲမတိုင်မီကလည်း နအဖနှင့် ကြံ့ဖွံ့၊ ရွေးကောက်ပွဲပြီးတော့လည်း ကြံ့ဖွံ့နှင့် နအဖတို့ကပင် စစ်အာဏာရှင် သက်ဆိုးရှည်အောင် အုပ်ချုပ်သွားကြမည်ဖြစ်သည်။

ဒီမိုကရေစီအင်အားစု ၈၈ ကျောင်းသားများကိုလည်းကောင်း၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီအဖွဲ့ချုပ်မှ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့်အဖွဲ့ဝင်များကိုလည်းကောင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသား ပြည်သူများနှင့် ရဟန်းသံဃာတော်များကိုလည်ေးကာင်း ရက်ရက်စက်စက် ဖြိုခွင်းတိုက်ခိုက်ဖမ်းဆီးရာတွင် ရှေ့ဆုံးမှ ဦးဆောင်ပါဝင်ခဲ့ကြသူများသည် နအဖပုဆိန်ရိုး လက်ကိုင်တုတ် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ ဖြစ်ကြပါသည်။

ယနေ့ နအဖ ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေးအတွက် နအဖစစ်အစိုးရမှ ကျောထောက်နောက်ခံပြုကာ ငွေအား၊ အာဏာအားနှင့်ပေါင်း၍ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပေးနေသော်လည်း တဘက်တွင်မူ ဒီမိုကရေစီအင်အားစုပါတီ အဖွဲ့အစည်းများအား အခက်အခဲအမျိုမျိုးနှင့် လွတ်လပ်စွာ စည်းရုံးခွင့်မပေးဘဲ ဖိနှိပ်ကန့်သတ်ထားသည်ကို တွေ့ရပေသည်။ ညည်းညူပြီး နုတ်ထွက်သူ၊ ရွေးကောက်ပွဲ ၀င်မရွေးတော့ဟုဆိုသူများ ရှိလာပါသည်။ ထို့ကြောင့် နအဖ၏ လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲအားလည်းကောင်း၊ နအဖပုဆိန်ရိုး လက်ကိုင်တုတ် လူသတ်သမား သိုးရေခြုံထားသော ၀ံပုလွေ ကြံ့ဖွံ့ပါတီအားလည်းကောင်း မဲမပေးဘဲ သပိတ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ရပါသည်။ ။
ဆောင်းပါးရှင်။ ။မောင်သြ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....