Sunday, September 26, 2010

ရွှေဝါရောင်တော်လှန်ရေး(၃)နှစ်ပြည့်လှုပ်ရှားမှုများ-ဂျပန်

၂၀၁၀ ခုနှစ် စက်တင်ဘာလ(၂၅)ရက်။
ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် ဆွမ်းကပ် တရားနာ အခမ်းအနား(တိုကျို)




ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအဖြစ် ဆွမ်းကပ် တရားနာ အခမ်းအနားအစီအစဉ်ကို တိုကျို Toshima-ku, Sugamo အရပ်ရှိ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်- ဂျပန်ရုံးခွဲတွင် ယနေ့ နံနက် ၆း၀၀ နာရီ မှ ၁၄း၀၀ နာရီအထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
နံနက် ၆ နာရီ အာရုဏ်ဆွမ်း ကပ်လှူခြင်း အစီအစဉ်ကို BDA အဖွဲ့သားမှ သံဃာတော်များကို ဆွမ်း ကပ်လှူပြီး နေ့ဆွမ်းကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ စုပေါင်း၍ ဆွမ်းကပ် လှူဒန်းခဲ့ကြပါသည်။ နေ့ခင်း ၁၂ နာရီ တွင် ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးသွားခဲ့ကြသော အာဇာနည်အပေါင်းတို့အား အမျှဝေ ရေစက်ချ တရားတော်နာခြင်း ကျင်းပပြုလုပ်ခဲ့ကြပြီးနောက်  ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များတို့ကို ဆီချက်ခေါက်ဆွဲဖြင့် ပြန်လည်ကျွေးမွေး ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။


 ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနား(တိုကျို)





ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနားကို ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဦးစီးကျင်းပ၍ တိုကျို Shibuya UN အဆောက်အဦးရှေ့တွင် ယနေ့ ညနေ ၄း၀၀ မှ ၅း၀၀ နာရီ အထိ ကျင်ပ ပြုလုပ်ခဲ့ကြပါသည်။
ယနေ့ ဆုတောင်းမေတ္တာပို့သသည့် အခမ်းအနားတွင်နအဖ စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှအား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ သဘောထား ထုတ်ပြန်ချက်ကို ဖတ်ကြား ထုတ်ပြန်ပြီးသည့်နောက် အခမ်းအနားတွင်  ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၌ ကျဆုံးသွားခဲ့ကြသော အာဇာနည်အပေါင်းနှင့် ဂျပန်လူမျိုး သတင်းထောက် နာဂါအိ ခန်းဂျိစံ ကွယ်လွန်ခြင်း၃ နှစ် မြောက် ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်းအနားကို ပြုလုပ်ကြပြီးနောက် ၂၀၀၇ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ထာဝရမှ ရွှေဝါရောင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထိုနောက် IBMO(Japan-Branch) တာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိမှ အရပ် ၁၀ မျက်နှာ ဆုတောင်း မေတ္တာပို့သ၀ပြီးသည့်နောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။  အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။





မြန်မာ့ပြည်သူ့ရေးရာအဖွဲ့မှ (၁၄) ကြိမ်မြောက် နှစ်ပတ်အစည်းအဝေးနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား




မြန်မာ့ပြည်သူ့ရေးရာ (People's Forum on Burma) အဖွဲ့မှ (၁၄) ကြိမ်မြောက် နှစ်ပတ်အစည်းအဝေး အခမ်းအနားနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို Kourakuen Bunkyo Civic Hall,5F တွင် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီ အထိကျင်းပ ပြုလုပ်ခဲ့ပါသည်။




အခမ်းအနား တွင် (People's Forum on Burma)မှ ဦးဆောင်ကော်မတီဝင် ပါမောက်ခ ဆရာ Kei NEMOTO မှ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားရာမှာ ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲစည်းပုံကို အခြေခံပြီး ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက်များကို ထောက်ပြ ဆွေးနွေးသွားပြီး မြန်မာနိုင်ငံသားများအတွက် မျှော်လင့်ချက် လုံးဝမရှိသလို ဒီမိုကရေစီ ထွန်းကါးဖို့ မဖြစ်နိုင်သည့် အကြောင်းကို ထောက်ပြ ရှင်းလင်းသွားပါသည်။




ဆက်လက်၍ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်း ဗီဒီယိုကို ပြသသွားပြီး သည်နောက် International Burmese Monks Organization (Japan Branch) တာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိ မှ ၂၀၀၇ ရွှေဝါတော်လှန်ရေးနောက်ပိုင်း ပြည်ပရောက်ရှိ သံဃာတော်များ စုစည်း၍ ပြည်တွင်း သံဃာတော်များ ကိုယ်စား လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် သံဃာအဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်းတို့ကို မိတ်ဆက်ပြောကြားခဲ့ပြီး ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ထာဝရမှ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကို အကျယ်တ၀န့် ရှင်းလင်းပြောကြား ပြီးသည့်နောက် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်များ ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများတို့ကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း ရဟန်း ရှင်လူ ကျောင်းသား ပြည်သူများ တို့က နအဖ စစ်အုပ်စု၏ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသည့်အတွက် နအဖ စစ်အုပ်စုကို ဒီထက်မက ဆန္ဒပြမှုတွေဟာ ပိုမိုပြင်းထန်လာမည့်အကြောင်းနှင့် ဂျပန်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် ထိရောက်သည့် ပံ့ပိုးကူညီမှုများ ကူညီပေးရန် တိုက်တွန်းပြောကြားသွားပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan),Myo San Oo(BDA)
ကိုမိုင်ကျော်ဦး(http://www.pnsjapan.org/)ထံမှစုပေါင်းကူးယူတင်ပြပါသည်။

1 comment:

  1. ဓါတ်ပုံတွေရိုက်ကြပြီး ဗမာပြည်က ရှိသမျှအမျိုးတွေခေါ်မလို့နဲ့တူတယ်။

ီမြုန်းမုန်း

    ReplyDelete

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....