Friday, September 10, 2010

ပဲခူးမှအပြစ်မဲ့လူငယ်၂ ဦးအား စစ်တပ်မှသတ်ဖြတ်မှုအတွက် စစ်အာဏာရှင်တို့အား ရှုတ်ချကန့်ကွက်ပွဲ (၁ဝ-၉-၂ဝ၁ဝ သံရုံးရှေ့)

မြန်မာ့ဒီမိုကရေစီ အင်အားစုများ ခင်ဗျား

ပဲခူးမြို့မှ လက်နက်မဲ့ အပြစ်မဲ့ ပြည်သူ လူငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးရလောက်အောင် မြန်မာ စစ်တပ်မှ မူးယစ်ရမ်းကားသည့် တပ်မတော်သားတချို့က တိုက်ပွဲသုံး လူသတ်လက်နက်များဖြင့် ဥပဒေမဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း၊

လူသတ်မှု၏ သက်သေခံ အထောက်အထားများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရုပ်အလောင်းများကို သိမ်းဆည်းခြင်း၊

မမှန်ကန်သောသတင်းများ ထုတ်လွှင့်၍ အများပြည်သူတို့အား ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စား လျက် အမှုမှန်ကို ဖုံးအုပ် ဖောက်ဖျက်ရန် ကြိုးပမ်းခြင်း၊

အရပ်ဘက် ရာဇဝတ်မှုနှင့် စစ်ဥပဒေ ချိုးဖောက်မှုအတွက် ထိထိရောက်ရောက် မှန်ကန်စွာ အရေးယူမှု မရှိသေးခြင်း၊

အာဏာ အလွဲသုံးစားခြင်း၊

ပြည်သူလူထုအား ခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊

ပြည်သူတို့၏ လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်း၊

ရပ်ရွာ အေးချမ်းသာယာရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက် ဖျက်ဆီးခြင်း၊

နိုင်ငံတကာ ဂျီနီဗာ (စစ်ဘက်ဆိုင်ရာ) သဘောတူညီမှုများကို ဖောက်ဖျက်ခြင်း၊

နိုင်ငံတကာ သဘောတူညီချက်ဖြစ်သည့် စစ်ရာဇဝတ်မှုများကို ဖောက်ဖျက်ခြင်း၊

စသည့် စသည့် များပြားလှစွာသော ပြစ်မှုကြီးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ စစ်အာဏာရှင်ခေါင်းဆောင်တို့အား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု များမှ ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက် ဆန္ဒပြမည် ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှားကြပါရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

နေ့ရက်......၁ဝ-၉-၂ဝ၁ဝ (သောကြာနေ့)

အချိန်.......ညနေ ၃ နာရီမှ ၄ နာရီထိ

နေရာ........မြန်မာသံရုံး၊ Shinagawa, Tokyo

မှတ်ချက်

(၁) မတရား ဖမ်းဆီး အကျဉ်းချခံထားရသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြပွဲသည်လည်း အထက်ပါ နေ့ရက်၊ အချိန်၊ နေရာ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ပူးပေါင်းပါဝင် လှုပ်ရှားကြမည် ဖြစ်ပါသည်။

(၂) အချိန်တိုအတွင်း စီစဉ်ရသည်ဖြစ်ပါ၍ မိမိတို့ လက်လှမ်းမီရာ ဒီမိုကရေစီ တိုက်ပွဲဝင် ရဲဘော် ရဲဘက်တို့အား ဖုန်း၊ ဖက်စ်၊ အီးမေးလ် အစရှိသဖြင့် ထပ်မံ အကြောင်းကြား၍ တက်ကြွစွာ ပူးပေါင်းပါဝင် လှုပ်ရှားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပြန်ကြားရေး

မြန်မာ့ဒီမိုကရေစီအင်အားစုများ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....