Sunday, September 5, 2010

ပဲခူးမြို့မှာ စစ်တပ် ရမ်းကားပြီး လူငယ်နှစ်ဦးအား ရပ်ကွက်ထဲတွင်ပစ်သတ်ခြင်း

နယ်မြေခံ တပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ်သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ အရပ်သား လူငယ် ၂ ယောက် သေဆုံးသွားရတဲ့ အမှုတခု မနေ့ညသန်းခေါင် ၁၂ နာရီခွဲခန့်က ပဲခူးမြို့ ဇိုင်ဂနိုင် တောင်ပိုင်းရပ်ကွက်မှာ ဖြစ်ခဲ့ပါတယ်။

ခလရ (၅၉) ကလို့ဆိုတဲ့ အရာရှိနှစ်ယောက်ဟာ ဇိုင်ဂနိုင် တောင်ပိုင်းမှာရှိတဲ့ ကယ်လီဖိုးနီးယား ဆိုတဲ့ စားသောက်ဆိုင်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အချိန်မှာ အောင်သူဟိန်း (၂၂နှစ်) နဲ့ စိုးပိုင်ဇော် (၁၈နှစ်) အပါအ၀င် လူငယ် ၅ ဦး စီးလာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ပွတ်တိုက်မိတာကနေ စကားများ ထိုးကြိတ်တာတွေ ဖြစ်ခဲ့ပါတယ်။

ရန်ပွဲပြီးချိန်မှာတော့ အရာရှိတွေကလည်း တပ်ကိုပြန်၊ လူငယ်တွေကလည်း အိမ်ကို ပြန်ကြတဲ့ အချိန်မှာ သေနတ်တွေနဲ့ စစ်သားတွေက ရန်ဖြစ်ခဲ့တဲ့ လူငယ်တွေကို လိုက်ရှာကြတယ်လို့ ဆိုပါတယ်။ မြလမ်းကို လမ်းထိပ်ကနေ စစ်သား ၈ ယောက်လောက်က စောင့်ကျန်နေရစ်ပြီး
ကျန်တဲ့ ၅ ယောက်ကတော့ လမ်းထဲကို ၀င်လာတယ်လို့ ပြောကြပါတယ်။

လူငယ်လေးတွေရဲ့ အိမ်တွေကိုလိုက်ရှာနေတုန်း စစ်သားတယောက်က သေနတ်ကို အပေါ်ထောင်ပြီး ၄ ချက် ပစ်တယ်သေးလို့ သိရပါတယ်။ ဟာဒယ လက်ဖက်ရည်ဆိုင်နားမှာ အောင်သူဟိန်းနဲ့ စိုးပိုင်ဇော် ကို တွေ့လိုက်ရချိန်မှာတော့ စစ်သားတယောက်က G-3 သေနတ်နဲ့ လှမ်းပြီးပစ်လို့ အောင်သူဟိန်းက ၆ ချက်မှန်ပြီး၊ စိုးပိုင်ဇော်က ၄ ချက်ထိမှန်ပြီး နှစ်ယောက်လုံး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။
                                               ရဟန်းခံစဉ်က အောင်သူဟိန်း
စိုးပိုင်ဇော်

ဒီလိုပစ်ခတ်ပြီးတဲ့ အချိန်မှာတော့ စစ်သားတယောက်က “စစ်တပ်ကို လာစမ်းရင် သေချင်းဆိုးနဲ့ သေသွားမယ်” လို့ ကြိမ်းမောင်း အော်ဟစ်သွားသေးတယ်လို့ အခင်းဖြစ်တဲ့ ပတ်ဝန်းကျင်က ပြောပြပါတယ်။

မနက် ၂ နာရီ ကျော်ကျော်မှာတော့ ရုပ်အလောင်း ၂ ခုကို ရင်ခွဲရုံကို ပို့ဖို့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို စိတ်ဝင်တစား လာရောက် ကြည့်ရှုကြတဲ့ ပဲခူးမြို့ခံတွေ များလွန်းတာကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ရင်ခွဲရုံမှာပဲ ထားထားပြီး၊ နောက်မှ သူတို့ရဲ့ မိသားစုတွေကို ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောတယ်လို့ ဆိုပါတယ်။

ရမ်းကားပစ်ခတ်တဲ့ စစ်သားကိုလည်း ထိန်းသိမ်းထားတယ်လို့သာ ပြောပြီး အမှုကို ကျေအေးပေးဖို့၊ ဒီကိစ္စ မေးမြန်းလာသူတွေရှိရင် မပြောဖို့ အာဏာပိုင်တွေက မိသားစုဝင်တွေကို ပြောတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အောင်သူဟိန်းရဲ့ အဒေါ်ဖြစ်သူကတော့ ဘာမှ အပြစ်မရှိတဲ့ တူလေး အလကား သေသွားရတာကို မကျေအေးပေးနိုင်ဘူးလို့ ပြောပြပါတယ်။

ဒီအဖြစ်အပျက်တွေကို ဒီမနက်မှာ သိမြင်ခဲ့ရတဲ့ လမ်းပြကြယ် အဖွဲ့က ဦးအေးမြင့်ကတော့ “အခုလို မြို့ပေါ်မှာတောင် ဒီလို ရမ်းကား ပစ်ခတ်မှုတွေ ဖြစ်ရင် တောကြိုအုံကြားက တိုင်းရင်းသားတွေဆို ဒီထက်ဆိုးမယ်” လို့ ပြောသွားပါတယ်။
အညာနွေတမာမြေ ဘလောက်မှ တင်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....