Wednesday, September 1, 2010

အသျှင်ပညာစာရအား နအဖလုပ်ကြံ လိမ်လည်စွပ်စွဲမှု ရုပ်လုံးပေါ်လာပြီဖြစ်

အသျှင်ပညာစာရအမှု ပြင်ပလူ ကြားနာခွင့် ပိတ်ပင်ပြီး၊ တံခါးပိတ်စစ်ဆေး ခြင်းမှာ
နအဖတို့က ၄င်းတို့၏ လိမ်လည် လုပ်ကြံ စွပ်စွဲချက်များကို ဖုံးကွယ်လိုသောကြောင့်၊
ထိုသို့ ကျင်းပခြင်းဖြစ်သည်။
-------
ရခိုင်ဆရာတော် ရမ္မာဝတီ အသျှင်ပညာစာရအား နအဖတို့မှ မဟုတ်မမှန်လိမ်လည်
အကွက်ဆင်ကာ မတရားသော ပြစ်မှုများကို အကွက်ဆင်လျက် ဖမ်းဆီးခဲ့ခြင်း
ဖြစ်ကြောင်း၊
စတုတ္ထအကြိမ်မြောက် ချိန်းဆိုသည့် ၃၀ သြဂုတ် ၂၀၁၀ တရားခွင်က
သက်သေပြလိုက်ပြီ ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၃ သြဂုတ် ၂၀၁၀ နေ့၊ တတိယ အကြိမ် ရုံးထုတ်စဉ်တွင် အစိုးရဘက်တော်သား
အစိုးရ တရားလိုပြသက်သေ ကိုယ်တိုင်က-
ဆရာတော်အား နအဖတို့က စွပ်စွဲသည့် မာတုဂါမ ကိစ္စသည်၊ နအဖ အာဏာပိုင်များကို
လုပ်ကြံ တိုင်ကြားသည့် အလိုတော်ရိများက ငွေကျပ် သိန်း (၂၀) ပေးမည်ဟု မက်လုံးပေး
စည်းရုံးပြီး၊ လိမ်လည် ထွက်ဆိုခိုင်းခြင်းသာ ဖြစ်ကြောင်း အမှန်အတိုင်း
ဖော်ထုတ်လိုက်သဖြင့်၊ ဆရာတော်အား လိမ်လည် လုပ်ကြံ လုပ်ကြံ ဖမ်းဆီးကာ၊
ရခိုင်သမိုင်းဝင် ယဉ်ကျေးမှု အမွေးအနှစ်များကို မတရား သိမ်းယူသွားခဲ့သော
နအဖတို့၏ လိမ်ညာမှုကြီး "ဘူး" ပေါ်သလို ပေါ်သွားခဲ့ကာ နအဖတို့ လွန်စွာ
အရှက်တကွဲ ဖြစ်ခဲ့ကြရသည်။

ထို့ကြောင့် လူလိမ် နအဖတို့သည် ဆရာတော် အမှုကို လူသိရှင်ကြား တရား
မစီရင်ရဲတော့ပဲ ယခု စတုတ္ထအကြိမ် ရုံးချိန်းတွင် တံခါးပိတ် စစ်ဆေးခဲ့ကြပါသည်။
ထိုတံခါးပိတ် စစ်ဆေးမှုကပင် နအဖတို့သည် ၄င်းတို့၏ လုပ်ကြံ လိမ်လည် စွပ်စွဲမှုကို
ဖုံးကွယ်လိုသောကြောင့်၊ ယခုကဲ့သို့ တံခါးပိတ် တရားစီရင်ခြင်းဖြစ်ကြောင်း
လုံးဝ ပေါ်လွင် ထင်ရှားနေပါတော့သည်။ (ထိုအချက်ကို အောက်ပါ သတင်းနှစ်ပုဒ်က
သက်သေခံလျက် ရှိနေပါသည်)။
=========================

အသျှင်ပညာစာရ တရားခွင် တံခါးပိတ် စစ်ဆေး
(ဧရာဝတီ)
စစ်တွေမြို့မှ အသျှင်ပညာစာရကို စစ်တွေ တရားရုံးတွင် တရားစွဲဆိုနေရာ ယမန်နေ့က
တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့ကြောင်း သိရသည်။
“မနေ့ကရုံးချိန်းမှာ မိသားစုဝင်ကလွဲရင် ကျန်တဲ့သူတွေကို
ဝင်ရောက်နားထောင်ခွင့်မပေးဘူး ၊ နောက်ပြီး ဆွဲချခေါ်တဲ့ ဥပဒေ အရာရှိကလည်း
အသစ်တယောက်ဖြစ်လာတယ် ၊ နောက်ရောက်တဲ့သူက သဘောထားတင်းမာတယ်"ဟု တရားခွင်သို့
တက်ရောက်ခဲ့သည့် အရှင်ပညာစာရ၏ မိသားစုဝင်တဦးက ပြောသည်။
ယမန်နေ့ကပြုလုပ်ခဲ့သော စတုတ္ထမြောက်ရုံးချိန်းတွင် အရှင်ပညာစာရ၏
ရှေ့နေဒေါ်အေးနုစိန်က တရားလိုပြသက်သေများ ဖြစ်သော ဒေါ်မာလာ ၊ မအေးသင်းခိုင် ၊
ခိုင်အောင်လင်းနှင့်ကျော်မိုးထွန်းတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။
တရားခွင်တွင် စခန်းမှူး မြို့ဆွေ ၊ ရဲအုပ်အောင်မြင့်တို့
အချိန်ပြည့်စောင့်ကြပ်နေခဲ့ကြကာ တရားလိုပြသက်သေများ စစ်မေးမှုကို ဖြေဆိုစဉ်
အစိုးရဥပဒေအရာရှိက၂ပေခန့်အကွာ ရှေ့မှရပ်ကာ တရားလိုပြသက်သေများကို
ကြည့်နေခဲ့ကြောင်း ၊ ၁၀ ပေ ပတ် လည် ခန့်ရှိ တရားခွင်အတွင်း တရားခံစောင့်ရဲ ၂
ဦးအပြင် အခြားရဲ ၃ ဦးပါ ၀င်ရောက်စောင့်ကြပ်ခဲ့ကြကြောင်း တရားခွင်ရောက်ခဲ့ သူ
တဦးက ပြောသည်။
“တရားလိုပြသက်သေတွေကို လွတ်လွတ်လပ်လပ် စစ်မေးခွင့်မရဘူး ၊ နောက်ပြီး
တရားခွင်ထဲမှာ တရားခံစောင့်ရဲ ၂ ဦးထက် ပိုပြီး ၀င်ရောက် နေတာဟာ ဥပဒေနဲ့
မလျော်ညီဘူး"ဟု တရားခွင်ရောက်ခဲ့သူက ပြောသည်။
----------------------------------------------------------

အသျှင်ပညာစာရအမှု ပြင်ပလူကြားနာခွင့် နအဖ ပိတ်ပင်
(RFA)

ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက လူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ စစ်တွေမြို့မဟာမုနိ
ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို ဒီကနေ့ မနက် ၁၁
နာရီလောက်က စစ်တွေခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာမှာ တက်ရောက်
နားထောင်ခွင့် ပိတ်ပင်ခဲ့တယ်လို့ တရားရုံးကို သွားရောက်ခဲ့သူတဦးက RFA ကို
ပြောပါတယ်။

“ရဲအရာရှိက အတင်းအကျပ်လုပ်လို့ ဘာမှ အဆက်အသွယ် မရခဲ့ပါဘူးခင်ဗျာ၊
အဲဒီမှာနေပြီးတော့ စခန်းမှူးတယောက်ကယ်၊ တရားရုံးမှာ စခန်းမှူးရာထူးပေါ့၊
နှစ်ပွင့်ပေါ့နော်၊ အဲဒီတယောက်ကနေပြီးတော့ ရှိနေပါတယ်။ အပြင်လာတဲ့လူကို
အစစ်အဆေးတွေ များလွန်းလို့ ကျွန်တော်တို့ ဘယ်သူမှ နားထောင်ခွင့်
မရပါဘူးခင်ဗျာ။”
ဆရာတော် ဦးပညာစာရကို ဒီကနေ့ စတုထ္ထအကြိမ်မြောက် ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ကို တတိယအကြိမ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ရာမှာ
ပြင်ပလူတွေကို နားထောင်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဟာ သမိုင်းသုတေသီ
မဟုတ်ကြောင်း စစ်အစိုးရဖက်က စွပ်စွဲထားချက်ကို ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က
အထောက်အထားနဲ့ တကွ တရားရုံးကို ရှင်းလင်း တင်ပြထားတယ်လို့ သိရပါတယ်။။
သက်တော် ၅၇၊ ဝါတော် ၃၇ ရှိတဲ့ ဆရာတော် အရှင် ဦးပညာစာရဟာ စစ်တွေထောင်မှာ
ထိန်းသိမ်းခံထားရပါတယ်။
ဆရာတော်ကို စစ်အစိုးရက နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု စတဲ့ ပုဒ်မ ၇
ခုတပ် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
============================
http://rammawaddy.blogspot.com

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....