Wednesday, August 25, 2010

ရွေးကောက်ပွဲ လုပ်ခွင့်မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA အကြောင်းကြား

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကောင်းဆုံး ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ၂၀ဝ၉ ဧပြီ ၁၇ရက် ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ် ၂၀ပြည့် အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of UWSA)







UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ နယ်မြေအတွင်း လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ပြုလုပ်ခွင့် မပေးနိုင်ကြောင်း စစ်အစိုးရကို UWSA က ဒီကနေ့ အကြောင်းကြား လိုက်တယ်လို့ ပန်ဆန်း အခြေစိုက် ဝအရာရှိတဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်နေ့ တန့်ယန်းမြို့မှာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ UWSA အဖွဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်မှာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ပန်ဆန်းမြို့ကို လာရောက်ဖို့ ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က ပြောဆိုခဲ့သလို UWSA အဖွဲ့အနေနဲ့ ပါတီမှတ်ပုံတင်ဖို့နဲ့ စစ်အစိုးရ အဆိုပြုထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံဖို့ ထပ်မံ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSA ဗဟိုကော်မတီဝင်များရဲ့ အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်တွေကို ဒီကနေ့ စစ်အစိုးရထံ ပြန်လည် အကြောင်းပြန်လိုက်တာပါ။

အကြောင်းကြားစာမှာ ဝပြည်သူတွေ အနေနဲ့ ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ အပြင် ဒီမိုကရေစီ ဆိုတာကို နားမလည်သေးတာကြောင့် ဝနယ်မြေ အတွင်း ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်လိုက်တာ ဖြစ်တယ်လို့ ဝ အရာရှိတဦးက ပြောပါတယ်။ ဒါ့အပြင် နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကိစ္စနဲ့ ပတ်သက်လို့ UWSA အရင်က အဆိုပြုထားတဲ့အတိုင်း နောင်တက်လာတဲ့ အစိုးရနဲ့ ထပ်မံ ဆွေးနွေးညှိုနှိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။


RFA သတင်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....