Wednesday, August 4, 2010

“မုန်တိုင်း ရှစ်ဆယ့်ရှစ်”


“မုန်တိုင်း ရှစ်ဆယ့်ရှစ်”

၁၉၈၈တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတစ်ဦး

(မောင်ကျောင်းသားပြန်လည်ခံစားဖေါ်ပြပါသည်။)



*သမိုင်းတွင်မဲ့နေ့တနေ့……။

အဲဒီနေ့က

မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ

လူလှိုင်းလုံးတွေတလိမ့်လိမ့်

ဟစ်ကြွေးသံတွေတခြိမ့်ခြိမ့်

မြေမိုးသိမ့်ညံ နိုးပွက်လျှံခဲ့….

ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ရက်

ခေတ်တခေတ်ကို ထုဆစ်ပေတော့မည်….။



*ကျောင်းအရိပ်ကခွာ

စာသင်ခန်းကိုကျောခိုင်း

ရရာအလံဒီဇိုင်းလေးတွေ တဖျတ်ဖျတ်နဲ့

တချို့ကအလံမပါ

တချို့ကဖိနပ်မပါ….

အသံတစာစာနဲ့

မင်္ဂလာပါဆရာလို့ အော်သံခေါ်သံအစား

နှလုံးသားထဲကအနက်ရှိုင်းဆုံးခံစားမှု

တရားမျှတမှုလူ့အခွင့်အရေး

သွေးအသက် ပေးဆက်တောင်းဆို

ရွှေမလိုငွေမလို

ဒီမိုကရေစီသာလိုချင်တယ်…..။



*ကိုးရက်ရှစ်လရှစ်ဆယ့်ရှစ် ရက်

အဲဒီမနက်မှာ

ရန်ကုန်မြို့ရဲ့မြို့တော်ခန်းမရှေ့

မည်းနက်ခြုံသိုင်း ယမ်းခိုးမှိုင်း၍

ငှက်ပျောပင်ရိုင်း ဓါးနဲ့ပိုင်းသလို

အပျိုင်းရိုင်းပက်လက်

ဒိုင်းဒိုင်းဒက်ဒက်နဲ့….

သြော်…..ရိုင်းစိုင်းရက်စက်ကြပါပေ့ …….။



*သားသတ်သမားတွေရဲ့  လှံစွပ်ဖျားအောက်

မြေခွေးတွေရဲ့ အစွယ်တဖွေးဖွေးအောက်မှာ

ကျဆုံးသွားရတဲ့ငါတို့ကလေးအပေါင်းရဲ့

လည်ချောင်းသွေးနဲ့ခြေဆေး

စစ်ဘီလူးတို့ရဲ့အောင်ပွဲ

အမှောင်တိုက်မှာမင်းမူနေ

သားပျောက်အမေ သမီးပျောက်အဖေတွေရဲ့

ဆူဝေနေတဲ့ရင်ထဲ

အမုန်းသွေးများစီးဆင်း

အံကြိတ်ရင်းပင့်သက်ရှိုက်

လက်သီးကျစ်ကျစ်ဆုတ်ခဲ့ကြ………..

အပြစ်မဲ့ပြည်သူကိုလက်နက်နဲ့အနိုင်ယူနေသမျှ

လှပတဲ့ဇတ်သိမ်း

ငြိမ်းချမ်းတဲ့အနာဂတ်

တည်ဆောက်လို့ရနိုင်မတဲ့လား…….။



*ဓါးမိုးအုပ်ချုပ်

ကြိုးနှောင်တုပ်တဲ့ဘ၀ထဲမလေ

အမှန်တရားကို သေနတ်ဖျားနဲ့ထောက်ပေမဲ့

မကြောက်ရွံ့တဲ့အသဲ

ရဲပတဲ့စိတ်ဓါတ်

မျှတမှုအတွက်တိုက်ပွဲဝင်

(သူတို့တတွေဟာ)

ပြည်သူတို့ရင်ခွင်မှာ ထာဝစဉ်လဲလျောင်းနေတဲ့

မဟာသူရဲကောင်းတွေပါ….။



*သူတို့သွေးနဲ့ရေးတဲ့သမိုင်း

မုန်တိုင်းရှစ်ဆယ့်ရှစ်

ရစ်ပတ်နှောင်ဖွဲ့

ချဉ်ခြင်းမပြေ……..

တို့ရင်ထဲမှာ ဝေဒနာ……။ ။



ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းအပြီး အခြေခံပညာကျောင်းသားသမဂ္ဂများပေါ်ပေါက်ချိန် အကသ ၀င်ကျောင်းသားတယောက် ကလေးတယောက်တတ်စွမ်းနိုင်သလောက်ဖြင့် ရေးဖွဲ့ခဲ့သော ကဗျာအား ပြန်လည်ခံစားဖေါ်ပြပါသည်။ နှစ်၂၀ကျော်အချိန်ကာလကြောင့် စကားလုံးအချို့ကျန်နိုင်ပါသည် ။ အနည်းငယ်ကွဲလွဲနိုင်ပါသည် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်တိုက်ပွဲဝင်ခဲ့သော ၊ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားထုတစ်ရပ်လုံးနှင့်

အခြေခံပညာကျောင်းသားများအား ဤကဗျာကိုပြန်လည်ဖေါ်ပြခြင်းဖြင့် ဂုဏ်ပြုဦးညွှတ်ပါသည် ။

စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....