Sunday, May 9, 2010

NLD နောက်ဆုံးနေ့တွင် အဖွဲ့ဝင်များ ၀မ်းနည်း


“ကမ္ဘာမကြေဘူး၊ ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ” ဟု လူငယ်များက သံပြိုင် သီဆို လိုက်ချိန်တွင် ကြက်သီး တဖျန်းဖျန်း ထမိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စည်းရုံးရေးမှူး တဦး ဖြစ်သူ ကိုသန်းအောင်က ကြာသပတေးနေ့တွင် ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့ NLDရုံး၏ နောက်ဆုံးနေ့ မြင်ကွင်း အကြောင်းကို ပြောပြသည်။
“လူငယ်တွေက ကမ္ဘာ မကြေဘူး သီချင်းကို ဘယ်လို ရည်ရွယ်ချက်နဲ့ အထပ်ထပ် ဆိုလည်း မသိဘူး၊ ၂ နာရီ နီးပါးလောက် ဆိုကြတယ်၊ အားလုံး ခံစားရတာပေါ့” ဟု ရေနံချောင်း မြို့နယ်မှ ကိုသန်းအောင်က ပြေသည်။

ပါတီ အဖျက်သိမ်း ခံရမည့် လမ်းကြောင်းအား အဖွဲ့ဝင်များ ရွေးချယ် ခဲ့ခြင်းကို နားလည်ပေး နိုင်ပါသည်ဟု သူက ဆိုသည်။

“လူငယ် တွေကတော့ ခံနိုင်ရည် ရှိတဲ့စိတ် မွေးနိုင်ပေမယ့်၊ သက်ကြီး ရွယ်အို တွေကတော့ အသက် အရွယ် ကလည်း နောက်ဆုံးပိုင်း ရောက်နေတော့ မျက်ရည်လေးတွေ ၀ဲပြီး ကြေကြေ ကွဲကွဲနဲ့ ပြောကြ ဆိုကြ နှုတ်ဆက်ကြတယ်” ဟု သူက ဆက်ပြော ပြသည်။


အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်ကလည်း “မနေ့က မြင်ကွင်းကတော့ ၀မ်းနည်း ၀မ်းသာ မျိုးစုံပဲ၊ ပါတီ တည်ထောင်စက အသက် ၃၀၊ ၄၀ တန်းဝင်တွေလည်း အခု ဆိုရင် အသက် ၆၀ တန်း ရောက်နေကြပြီး စိတ်မကောင်းလို့ ငိုကြ ယိုကြပေါ့” ဟု ပြောပြသည်။

“ဒီရုံးမှာ နှစ်ပေါင်းများစွာ ၀င်ထွက် သွားလာပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လုပ်ခဲ့ကြတာ၊ ရုတ်တရက်ကြီး ရပ်လိုက်တော့ ကြေကြေ ကွဲကွဲ ဖြစ်ရတာပေါ့” ဟု သူက ဆိုသည်။

ယခင်က ရုံးသို့ နေ့စဉ် အဖွဲ့ဝင် ၆၀၊ ၇၀ ခန့် ၀င်ထွက် သွားလာခဲ့ကြကြောင်း၊ ယမန်နေ့က ရန်ကုန် နှင့် နယ်မှ အဖွဲ့ဝင် ၅၀၀ ကျော် ရုံးတွင် တွေ့ရကြောင်း သူက ပြောပြသည်။

NLD ရုံးသို့ ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ဘလော့ဂါ နေဘုန်းလတ်၏ မိဘများလည်း သွားရောက် အလှူလုပ်ခဲ့သည်ဟု သိရသည်။

“လာတဲ့သူတွေကို ထမင်း ကျွေးတယ်၊ နေဘုန်းလတ်နေ့ လို့တောင် ဆိုနိုင်တယ်” ဟု ဦးဝင်းတင်က ဆက်လက် ပြောပြသည်။

သူ၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ ထောင်တွင်း အတွေ့အကြုံ စာအုပ်ကို ဖြန့်ချိ ရောင်းချသည်ဟုလည်း ဆိုသည်။

NLD သည် ပြည်သူ့ဘက်မှ ရပ်တညှ်ု လူထု နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ပြီး၊ နိုင်ငံရေး အခြေခံသည့် လူမှုရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်မည်ဟု ဦးဝင်းတင်က ပြောသည်။

“ရွှေဂုံတိုင် ကြေညာစာတမ်းကို သဘောတူလို့ အားလုံး လက်မှတ် ထိုးခဲ့ကြတာပဲ၊ အခု အခြေအနေမှာတော့ စစ်အစိုးရ ဥပဒေတွေ အောက်မှာ ဒူးထောက်ဖို့ လမ်းကို မရွေးပါဘူး”ဟု သူကဆိုသည်။

စစ်အစိုးရက NLD ကို ရွေးကောက်ပွဲ ၀င်ရေးအတွက် ဥပဒေများ ပြန်လည် ပြင်ဆင်ပေးမည် ဆိုလျှင်လည်း ၂၀၀၈ အခြေခံ ဥပဒေကိုပါ ပြင်ဆင်ရန် လိုအပ်သည်ဟု သူက ပြောသည်။

ဗဟို အမျိုးသမီး အထောက်အကူပြု အဖွဲ့ တာဝန်ခံ တဦး ဖြစ်သူ ဒေါ်ခင်စောဌေးက “NLD ရဲ့ နောက်ဆုံးနေ့ လို့ ပြောကြတယ်၊ ဒါပေမယ့် အမျိုးသမီးတွေကတော့ စိတ်သစ်၊ လူသစ် ပြည်သူကို ချစ်တဲ့ ဆန်ခါတင်တွေနဲ့ အသစ် ပြန်စတာ၊ လုံးဝ စိတ်ဓာတ် မကျဘူး” ဟု သူက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဒေါ်လှလှမိုး၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်မေနှင်းကြည်တို့အပြင် အဖွဲ့ဝင်များ ဖြစ်သော ဒေါ်မြင့်မြင့်အေး၊ ဒေါ်အေးမိ၊ မခိုင်၊ ဒေါ်ရှမ်းမတို့လည်း လာရောက်သည်ဟု ဒေါ်ခင်စောဌေးက ပြောသည်။

ပါတီ၏ နောက်ဆုံးနေ့ကို NLD ခေါင်းဆောင်များ ဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင်တို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

ထိုခေါင်းဆောင်များသည် အမျိုးသား ဒီမိုကရေစီအင် အားစု (National Democratic Force) အမည်ဖြင့် ယမန်နေ့က ပါတီသစ် တခုကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့ချုပ်သည် ဆိုင်းဘုတ်နှင့် အလံများ မိမိတို့ သဘောအရ ဖြုတ်ချခြင်းကို ပြုလုပ်မည် မဟုတ်ဟု ကြေညာထားသော်လည်း ပဲခူးမြို့ နှင့် မတ္တရာမြို့တို့၌ မြို့နယ် ဆိုင်းဘုတ်များကို ဖြုတ်ချထားပြီး ဖြစ်ကြောင်းသိရသည်။

၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် NLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင် နိုင်ငံတ၀န်း မဲဆန္ဒနယ် အများစုတွင် အနိုင်ရခဲ့သည်။ သို့သော်လည်း အစိုးရက ထို ရွေးကောက်ပွဲ ရလဒ်ကို မကြာသေးမီက ပယ်ဖျက်လိုက်သည်။

ထိုရွေးကောက်ပွဲအပြီး အနှစ် ၂၀ အကြာတွင် ရွေးကောက်ပွဲ ထပ်မံ ကျင်းပရေး အတွက် အစိုးရက ဥပဒေများကို ထုတ်ပြန်ခဲ့သည်။ အစိုးရ၏ ဥပဒေများက တရားမျှတခြင်း မရှိသဖြင့် လက်မခံနိုင် ဟု ဆိုကာ NLD က တုံ့ပြန်ခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသော ရွေးကောက်ပွဲ ဥပဒေတွင် တည်ဆဲ တရားဝင် နိုင်ငံရေးပါတီများကို ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည်။ မှတ်ပုံတင်ခြင်း မရှိသော ပါတီသည် နိုင်ငံရေး ပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ထိုဥပဒေက ဆိုသည်။

ထို ရက်ပေါင်း ၆၀ သည် ယမန်နေ့က ကုန်ဆုံးသွားပြီ ဖြစ်သည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....