Monday, May 17, 2010

“ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇာတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

မောင်ချင့်ချိန်

ရန်ကုန်တိုင်းအမှတ်(၄)စစ်ဒေသမှုးဗိုလ်မှုးကြီးအုန်းချိုအပါအ၀င် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌဦးကျော်ငြိမ်း ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ဗိုလ်ကြီးသန့်ဇင်သိန်း ၊ ရဲမှုးများ ၊ ဒုရဲအုပ်များ ၊ ရယကများ ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရခိုင်းဖတ် လက်ပါးစေအများ အပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထုတွေပါထိခိုက်ခဲ့တဲ့ သင်္ကြန်အကြတ် နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲလို့ ကမ္ဘာကရောမြန်မာပြည်သူတရပ်လုံးက ပါစိတ်ဝင်တစားရှိခဲ့ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးကိုစစ်တပ်ကအာဏာသိမ်းခဲ့ပြီး ကျောင်းသားလူငယ်လေး တွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ်(၂၂နှစ်ကာလ)မှာ ဗမာပြည်မှာဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီလို့ စစ်အစိုးရရဲ့ထုတ်ပြန်ချက်တွေမှာဖေါ်ပြထားပါတယ် ၊ တနှစ် ကိုဆယ့်ငါးကြိမ် ပျမ်းမျှ တစ်လတစ်ကြိမ် နှုန်းလောက်ကွဲနေသလိုမို့ ဗမာပြည်သူတွေရော ၊ နိုင်ငံတကာကပါယဉ်ပါးနေပြီး ဗုံးကွဲတယ်ဆိုတာကို သိပ်စိတ်ဝင်တစားမရှိကြတော့တာ ကြာပါပြီ ၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ခွဲတာ နေမှာပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ် ၊ ခု ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော ၊ လူအများ အပြားထိခိုက်တာကြောင့်ရော ၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီး ကြီးမားမားပုဂ္ဂိုလ် များနဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းကြားထိခိုက်မှုများတာကြောင့်ရော ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးက ပါစိတ်ဝင် တစားရှိခဲ့တာပါ ။စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာ ရစာရင်းတွေကိုချက်ခြင်း ထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်တွေကနေလဲ (အာဏာပိုင် အဖွဲ့စည်းဝင်တွေထိပုံတွေနဲ့ အကြောင်းရာ ကလွဲရင်) ဓါတ်ပုံတွေနဲ့တကွဖေါ်ပြခွင့်ပေးခဲ့ပါတယ် ၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ် သိန်းပေး မယ်လို့ တယကကြေငြာချက်ထုတ်ပြန်ပြီး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဌက ဗုံးပစ်လိုက် တာကို မြင်လိုက်ပြီး ၀ပ်လို့အော်လိုက်ကြောင်း ၊ ဗုံးပစ်သူတယောက်ကိုနေရာမှာတင်ဖမ်းမိကြောင်း စစ်အစိုးရ စာပေစီစစ်ရေးကခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ် ။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးသုံးပါတ်အကြာမှာတော့ အားလုံးသိပြီးတဲ့အတိုင်း ရဲချုပ်ခင်ရီက အလွဲလွဲအချော် ချော်သတင်းစာရှင်းပွဲလုပ်ပါတယ် ၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင် ကျူးလွန်သူတယောက်ကို ဖမ်းမိ ထားတယ်ပြောပြီး VBSW , ABSDF , DAB , NCUB , KNU စတဲ့အဖွဲ့များစွာကိုလဲစွပ်စွဲလိုက်ပါတယ် ။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီအလွဲလွဲအချော်ချော်သတင်းစာရှင်းပွဲကို သေချာလေ့လာပြီး ချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူလို့စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန် တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ ၊ စဉ်းစားစရာဖြစ်လာပါတယ် ။

နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့ လို့ ၊ စိတ်အခံကြောင့် လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီ ဆက်စပ်ပြနေတဲ့အလွဲ တွေကနေကို တွေးမိခဲ့တာပါ ။ အဲဒီမှာ ဘာကြောင့်လုပ်ကြံဇတ်ထွင် ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့်တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာ ရှိလာပါတယ် ။

အဓိကလုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိမ်းဘို့ပါ ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြော ပြော ၊ ကမ္ဘာကဘာပြောပြော ဘယ်တုံးကမှဂရုမစိုက်ပါဘူး ၊ ကမ္ဘာနဲ့ပြည်သူတွေ ကိုလိမ်ဘို့ဆိုတာ ထက် သူ့တပ်ထဲမှာဖြစ်လာတဲ့ပြဿနာတွေကိုရှင်းဘို့ ၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ်မရှိတဲ့ သူ့တပ်အသိုင်းအ၀ိုင်းကိုပြန်လိမ်တာပါ ။

X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့သားသမီးတွေစုဝေးရာဖြစ်ပြီး ဗိုလ်ချုပ် မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့်ခေါ်နေရွှေသွေးအောင်ပါ လာ သွားနေခဲ့ပါတယ် ၊ အမှတ်(၄)စစ်ဒေသမှုးဗိုလ်မှုးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေသမဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီး များလုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါကားတွေရပ်ထားပြီး ဗိုလ်မှုးကြီး ကိုယ်တိုင်လုံခြုံရေးယူ ပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့မယကဥက္ကဌအပါအ၀င် လုံခြုံရေးများစွာ ရှိနေတဲ့ ကြားမှာကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ် ၊ ဖိုးလပြည့်ကိုမကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ တခြား VIPသားသမီး တချို့ကိုမကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ ဗိုလ်မှုးကြီးအုန်းချိုကိုမကြည်တဲ့ တပ်တွင်း အသိုင်းအ၀ိုင်း တခုခုက လုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုးဖြစ်လာ ခဲ့တာပါ ၊ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ် ၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ်ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှုးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ် ၊

(သုံးလကျော်ကြာပြီးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ ) ၊ ထောက်လှမ်းရေးအသိုင်း အ၀ိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီး ချယ်ရီဥယာဉ်အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာ ဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲကျိတ်ပြီး စစ်ခဲ့ပါတယ် ၊ တယောက်နဲ့ တယောက်လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့ ၊ အမိန့်အာဏာ တွေကပေါ်နေ ပါတ်သက်နေ ကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့် ၊ သတင်းလုံခြုံမှုမရှိပဲ ပေါက်ထွက်လာပြီး ပြည်ပသတင်းဌာနတွေကနေ ပြောမှသိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ် နေသလား ၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြ တာမှာ ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာပိုကြီးစေခဲ့ပါတယ် ။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအ၀င် ဗိုလ်ချုပ်ကြီး တွေ ကြားမှာမလုံမခြုံဖြစ်လာပြီး ဗုံးပေါက်ကွဲပြီးမကြာမှီ အဆင့်မြင့် အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ်လိုက်တာ ၊ လူအင်အား လက်နက်အင်အား စာရင်း ကြိုသတင်းပို့ရမှာ တွေဖြစ်လာပါတယ်။

သို့လောသို့လောနဲ့ အချင်းချင်းမယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကိုထိမ်းဘို့ ၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီးသန်းရွှေကိုနှစ်သိမ့်နိုင်ဘို့ ၊ စောက်သုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ထောက် လှမ်းရေးတွေရဲ့ သိက္ခာကိုကာကွယ်ဘို့ ၊ ပြည်သူတွေကြားမှာပြောနေတဲ့ စစ်အစိုးရကိုယ်

တိုင်ခွဲ တာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့ ၊ အတိုက်အခံတွေကို နိုင်ငံရေးအရ ထိုးနှက်ရအောင်လို့ စသဖြင့်အကြောင်း ရာတွေကြောင့် လုပ်ကြံဇတ်ထွင်ရခြင်းဖြစ်ပါတယ် ။

ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ရ တာက ကိုဖြိုးဝေအောင်ပါ ၊ ဘာကြောင့်ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မဲ့ဆက်စပ်မှုမှာရှိနေလို့ပါ ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှုးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ ဘူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဘို့ကောင်းသူတွေနဲ့ တချိန်ကတရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဘူးသူ ၊ ထောက်လှမ်းရေး တွင်ခံဝန်လုပ်ထားရသူဖြစ်ပါတယ် ၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာ အားလုံးကိုဖမ်းတာမှာ ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ် ။ပထမအကြိမ် ချယ်ရီဥယျာဉ် အိမ်ယာ ၀န်းထဲမှာ အလုပ်သမားတွေရှေ့မှာစစ်ဆေးတာမျိုးမဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်း နှိပ်စက်မှုမျိုးစုံနဲ့စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်ကနိုင်ငံရေးလုပ်ခဲ့တာ တွေ ၊ နိုင်ငံရေး နယ်ပါယ်ကသူတွေနဲ့ပါတ်သက်ခဲ့တာတွေကိုပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ် ၊ ( ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့ ၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းတွက်စာဖြန့်တယ် ဆိုပြီး ဌာနမှုးနဲ့ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီးကောင်းမွန်စွာနေ ထိုင်ကျောင်းတက် ပါမည် ဟု ၀န်ခံလက်မှတ်ထိုးဘူးကြောင်း ၊ ၂၀၀၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေး

တော်ပုံ၁၉နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူးကိုယ်တိုင်ဖြန့်ဝေ ခဲ့ကြောင်း ၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း ၊ တောင်ဥက္ကလာ ငွေကြာယံဘုန်ကြီးကျောင်းကို ထရန်စ ဖေါ်မာဆင်ပေးနေချိန်ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ်လိုက်ပါခဲ့ကြောင်း ၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာဖြစ်ပါတယ် ။

မူလထဲက လက်တွေ့ကျူးလွန်သူတွေကိုမဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစား ထိုးဘို့ကြံ

စိနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေးအုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်ဆွဲသူတွေကို ဇွတ်ဆက်စပ်ရပါ တော့တယ် ၊ တခြားစွပ်ဆွဲခံရသူတွေကို ဒီကိစ္စမှာပါဝင်ပါတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှမပြော နိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကထဲ ကအတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန် တွင်းအပြီးလုပ်ပေးမယ်လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း ၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့) က တနေ့လုံးရန်ကင်းစင်တာမှာပဲရှိနေတယ်ဆိုတာ ကိုမျိုးကြီး ၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှတာဝန်ကျဝန်ထမ်းများ ၊ လုံခြုံရေးများလဲသိကြောင်း ၊ လာဖမ်းသွားပြီးနောက် နေ့တွင် ကိုမျိုးကြီးကမေးသဖြင့် သင်္ကြန်ဗုံးကိစ္စစစ်မေးရန်ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူ ရှိနေတာပဲ ၊ သူနဲ့မှမဆိုင်တာ ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း ၊ ကျွန်မအမျိုး သားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကိုပြောသွားတာတွေ့ရပါတယ် ။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာချုပ်နှောင်ထားပြီး ၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅မိနစ်တွေ့ခွင့် ရခဲ့ပါတယ် ၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ် နေပြီး တွေ့ခွင့်ရခဲ့တဲ့၁၅မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ် ကာ ပြောနေခဲ့တယ် လို့ပြောပါတယ် ၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း ၊ လုံးဝမပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့သိရပါတယ် ၊ ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကိုငှားရမ်းထားပြီး ကိုယ်စား လှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင် ကိုသွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့တွေ့ခွင့်မရခဲ့ပဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာလုပ်ပေးထားပြီးပြီ ၊ SB က ခွင့် မပြုသေးလို့ဟုပြောကြောင်း ၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြောသွားတာလဲ ကြားရပါတယ် ။

အဖြေကရှင်းပါတယ် ၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခုတပ်ထားတာပြောရတော့မယ် ၊ ထောင်ပို့ပြီဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ ၊ ခုကမိသားစုတောင် ဘာပုဒ်မနဲ့တရားစွဲ မယ်မှန်း မသိခဲ့ရဘူးပြောပါတယ် ၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ)နဲ့ပါတ်သက်ပုံကိုမေး လို့ ကိုဖြိုးဝေအောင်ဆီကအဖြစ်မှန်သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့သူတွေကိုလိုက် ဆွေးနွေး မယ် ၊ ကိုမျိုးကြီးခေါ်ကိုမျိုးမြင့်အောင်(BE.Civil)နဲ့ဆောက်လုပ်ရေးအလုပ်သမားတွေ ၊ ရန်ကင်းစင်တာ က ၀န်ထမ်းတွေနဲ့လုံခြုံရေးတွေသက်သေဖြစ်လာရင် လုပ်ကြံဇတ်လမ်း သတင်းစာရှင်းပွဲဆိုတာ ထင် ရှားသွားမယ် ၊ ဒါကြောင့် ရှေ့နေလိုက်ခွင့်မပေး ၊ သက်သေပြခွင့် မပေး ၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ်မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ် ။

အာဏာရှင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်းပြည်သူတွေ

ကိုလိမ်ညာ လှည့် ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေးသား ကောင်ဖြစ် သွားနိုင်တာမို့ အခြေခံအကြောင်း ရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့ ။ ။

8888peoplepower mail မှဖေါ်ပြပါသည်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....