Friday, April 30, 2010

မလေးရှားနိုင်ငံတွင် သူတောင်းစားအဖြစ် လုပ်ကိုင်ခဲ့ရသည့် မြန်မာကလေးငယ်ခြောက်ဦး


(အမှာစကား... ဒီကိစ္စကို သေသေချာချာဖေါ်ထုက်ပစ်ရမယ် ဒီလူတွေက မလေးရှားမှာ မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ချနေတာကြာပြီ အခုတော့ ပိုအတင့်ရဲလာပြီး သူများသားသမီးတွေကိုပါ အသုံးချလာတယ် အနာဂတ်အတွက် တကယ့်ကို အန္တရာယ်ပါဘဲ မလေးရှားနိုင်ငံမှာ ဘာသာရေးအရ အခွင့်ရေးပေးခံရတဲ့ အပေါ်မှာအားကိုးပြီး ဆိုးဆိုးဝါးဝါးကို မိုက်ရိုင်းတာဖြစ်ပါတယ် ကျနော်တော့ မီဒီယာတွေကို လက်လှမ်းမှီသလောက် ပေးပို့ထားပါတယ် လုပ်နိုင်သူများလည်း ဆက်လက်ပြီး လုပ်ပေးကြပါလို့ တိုက်တွန်းပါတယ်...) 
သူတောင်းစားအဖြစ် အလုပ်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရပြီး မလေးရှားနိုင်ငံမြောက်ပိုင်း kelantan ပြည်နယ်၊ tanah merah ကန့်ထဲတွင် ဒုက္ခရောက်နေသည့် မြန်မာကလေးငယ် ခြောက်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ကြောင်း သိရသည်။
ကလေးငယ် ခြောက်ဦးထဲမှ မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊ မတ္တရာမြို့မှ ဦးဇော်လင်းနှင့် ဒေါ်အေးမြစိန်တို့၏ သားဖြစ်သူ အသက် (၁၂)နှစ်အရွယ် မောင်ကျော်သူလင်းက ၎င်းကို မန္တလေးမှ မူဆလင်လူမျိုး ဦးမဲလုံးက လဖက်ရည်ဆိုင်တွင် အလုပ်ရမယ်ဟု ပြော၍ခေါ်လာပြီး မလေးရှားတွင် သူတောင်းစား လုပ်ခိုင်းကြောင်း ပြောပြသည်။
“ကားမှတ်တိုင်တွေ၊ မီးပွိုင်တွေမှာ ပိုက်ဆံတောင်းရတယ်။ တစ်နေ့ကို ရင်းဂစ် (၁၀၀)ရအောင်
တောင်းရတယ်။ အနည်းဆုံး၇၀/၈၀ လောက် ရတတ်ပါတယ်။ မရတဲ့ နေ့တွေမှာ သားတို့ကို ရိုက်တယ်၊ ထုတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ သား(၃)လကျော်ကျော် ပိုက်ဆံတောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်။ ပုလိပ်ဖမ်းတော့ အခုကန့်ထဲမှာ ရောက်နေတာ (၉)လရှိပါပြီ။ ဒီမှာလည်း ထမင်းဝအောင် မကျွေးဘူး။ ငါးခြောက် ရေပြုတ်တာနဲ့ပဲ ကျွေးပါတယ်။ သားတို့ကို မြန်မြန် လာကယ်ကြပါ။ အမေ့ကိုလည်း ပြောပေးပါခင်ဗျာ”ဟု ပြောသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့မှ ဦးသာလှိုင်နှင့် ဒေါ်မျိုးမျိုးစိန်တို့၏သားဖြစ်သူ အသက်(၁၂)နှစ်အရွယ် မောင်အောင်ကိုဝင်းကလည်း “မူဆလင် ကုလားလူမျိုး ဦးအတ္တစ်နဲ့ မအေးရီတို့ ဇနီးမောင်နှံ နှစ်ဦးတို့က ရန်ကုန်မှာ သတင်းစာရောင်းရမယ်ဆိုပြီး ခေါ်လာတာပါ။ အမေ့ကို ကျပ်ငွေနှစ်သောင်း ပေးခဲ့ပါတယ်။ မလေးရှားကို ရောက်တော့ သားတို့ကို သူတောင်းစား လုပ်ခိုင်းပါတယ်။ တစ်နေ့ကို ရင်းဂစ်(၁၀၀)ရအောင် တောင်းခိုင်းပါတယ်။ မရရင် ရိုက်ပါတယ်။ ကြက်ဥပြုတ်နဲ့ပဲ ကျွေးပါတယ်။ ထမင်းလည်း ၀၀လင်လင် မစားရဘူး။ ဒီမှာလည်း မစားရဘူး။ သားတို့ကို လာထုတ်ပေးကြပါ”ဟုပြောသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ကျနော်တို့အဖွဲ့က ငွေကြေးအင်အား တောင့်တင်းတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ ကျနော်တို့ ကော်မီတီဝင်တွေ ကိုယ်ပိုင် ၀င်ငွေလေးတွေနဲ့ စုပေါင်းပြီး ကိုယ်တတ်နိုင်တဲ့ ကိစ္စတွေကို အကူအညီပေးပါတယ်။ ဒီကိစ္စရပ်က ကြီးမား ကျယ်ပြန့်တယ်။ ကျနော်တို့ တစ်ဖွဲ့တည်း မလုပ်နိုင်ဘူး။ ကျနော်တို့အဖွဲ့က မဲခေါင်မြစ်ဝှန်းဒေသ အင်ဂျီအိုနဲ့ အလုပ်သမားများ ကွန်ယက်မှာ အဖွဲ့ဝင်ဖြစ်တာကြောင့် လုပ်နိုင်တဲ့ အဖွဲ့အစည်း ကြီးတွေကိုလည်း တင်ပြမယ်။ ပူးပေါင်း ဆောင်ရွက်ပါမယ်။ ကလေးလေးတွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်သွားပါမယ်။ ပြီးတော့ အခြားလူတွေကလည်း မြန်မာပြည်မှာရှိတဲ့ မိဘတွေကိုလည်း ဆက်သွယ်ပြီးတော့၊ အကူအညီရှာပေးကြပါ”ဟု ပြောသည်။

ကလေး(၆)ဦးတွင် ရန်ကုန်တိုင်း ဒလမြို့နယ်မှ အသက် (၁၄)နှစ်အရွယ် မင်းယုစန်း (အကျဉ်းသား အမှတ် ၅၃၅၄၅)သည် အသက်အကြီးဆုံး ဖြစ်သည်။ ဧရာဝတီတိုင်း ပန်းတနော်မှ တင်မျိုးထက်(၅၃၃၂၉)၊ မန္တလေးတိုင်း မတ္တရာမှ ကျော်သူလင်း(၅၃၅၄၆)၊ ရန်ကုန်တိုင်း လှိုင်သာယာမှ နေလင်းဦး(၅၃၅၄၄)နှင့် အောင်ကိုဝင်း (၅၂၆၇၉ )တို့သည် (၁၂)နှစ်အရွယ်များ ဖြစ်ကြပြီး မအေးမြထွေးဆိုသည့် အသက်(၁၀)နှစ်အရွယ် မိန်းကလေးမှာ မောင်ကျော်သူလင်းထက် အသက်ငယ်သော်လည်း အဒေါ်တော်စပ်ကြောင်း သိရသည်။

credit to GHRED
MONYWA ဘလောက်မှ ကူးယူတင်ပြပါသည်။
ပေးပို့သူအားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....