Friday, March 26, 2010

ပြည်ပရောက်မဲဆန္ဒရှင်လူထုသဘောထားကိုတင်ပြတောင်းဆိုခြင်း

သို့

MPU

အကြောင်းအရာ။ ။ ပြည်ပရောက်မဲဆန္ဒရှင်လူထုသဘောထားကိုတင်ပြတောင်းဆိုခြင်း။



အမတ်မင်းများခင်ဗျား

၁၉၉၀ ခုနှစ်တွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် လူကြီးမင်းတို့အား ယုံကြည်မှုအပြည့်၊ လေးစားမှုအပြည့်၊ အားကိုးမှုအပြည့်ဖြင့်ပြည်သူလူထုက တခဲနက်ထောက်ခံ ရွေးချယ်ခဲ့ကြပါသည်။ လူကြီးမင်း တို့သည် ပြည်သူလူထု၏ ထောက်ခံ၊ယုံကြည်၊လေးစား၊ အားကိုးမှုကို အပြည့်အ၀ ရရှိထားသူများ ဖြစ်သကဲ့သို့ လူထုရှေ့တွင် မားမားမတ်မတ်ရပ်တည်ကာ ပြည်သူလူထုအကျိုးအတွက် ရှေ့တန်းမှ ဦးဆောင်ကာ တိုင်းပြည်အကျိုး ထမ်းရွက်မည့် သူများအဖြစ် ပြည်သူလူထုက တရားဝင် မဲပေး ရွေးချယ် ခဲ့ကြသူများဖြစ်ပါသည်။

မဲဆန္ဒရှင်များဖြစ်သော ပြည်သူလူထုသည် စစ်အာဏာပိုင်များအား အစိုးရအဖြစ်အသိအမှတ်မပြုပဲ လူကြီးမင်းတို့အမတ်မင်းများကိုသာ လူထုအစိုးရ လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီးဖြစ်ပါသည်။

သို့ရာတွင် နအဖ စစ်အာဏာပိုင်များသည် ပြည်သူလူထုက တရားဝင် ရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် လူထုဆန္ဒကို မျက်ကွယ်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်ခြင်း၊ မတရားသည့်ဥပဒေများ ထုတ်ပြန်ကာ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင်များနှင့်တကွ လူထုအား ကျွန်ဇာတ်သွင်းရန် စီမံခြင်း၊ လူထုအစိုးရဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စီအာပီပီ ခေါင်းဆောင်များကို ရွေးကောက်ပွဲ မ၀င်နိုင်ရန် မတရား ဥပဒေများ ထုတ်ပြန်ထားခြင်းဖြင့် ဒီမိုကရေစီ အင်အားစုများအား မတရား နှိမ်နင်း သပ်လျှိုကာ ပါတီတွင်း ပြဿနာများဖြစ်ပေါ်စေသည်အထိ မတရား ဆောင်ရွက်လျက်ရှိနေသည်မှာ လူကြီးမင်းတို့ အသိ ပင်ဖြစ်ပါသည်။

လူထုခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကလည်း မတရားသည့် ရွေးကောက်ပွဲအား မ၀င်သင့် ကြောင်း ၄င်း၏ သဘောထားကို အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

လက်ရှိအခြေအနေသည် မြန်မာနိုင်ငံ ဒီမိုကရေစီ လိုလားသူများ၊ မြန်မာနိုင်ငံသားများအတွက် အဖက်ဖက် မှ လူမှုဒုက္ခဆင်းရဲအမျိုးမျိုး၊ အခက်အခဲ အထွေထွေ တို့ဖြင့် ရင်ဆိုင်နေကြရပြီး အမွန်းကြပ်ဆုံး အခါကာလဖြစ်ပါသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် လူထုက ယုံယုံကြည်ကြည် အားကိုးတကြီး ဖြင့် မဲပေးထားသော လူကြီးမင်းတို့သည် လူထုရှေ့တွင် မားမားရပ်ကာ လူထုဆန္ဒဖြစ်သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင် အ ထည်ဖေါ်ပြီး လူထုအခက်အခဲပြသနာများကို ဦးဆောင်ဖြေရှင်းပေးရမည့် ကာလဖြစ်ပါသည်။

ပြည်ပရောက် မဲဆန္ဒရှင်လူထုကြီးအတွက် လူကြီးမင်းတို့သည် တခုတည်းသော အားကိုးရာ မိဘသဖွယ် ဦးဆောင်ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် အဖွဲ့အစည်းအဖြစ် ယုံကြည်အားကိုးပြီး လူထုဆန္ဒကို လက်ခံဖြေရှင်း ဆောင်ရွက် အရေးယူပေးမည်ဟုလည်း ယုံကြည်ပါသည်။

သို့ဖြစ်ပါ၍ (၁) ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုဝိုင်းဝန်း အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရန်။

(၂) လူထု၏ အခက်အခဲပြသနာများကို လူထုရှေ့တွင်မားမားမတ်မတ်ရပ်တည် ဆောင်ရွက် ပေးရန် ပြည်ပရောက် မဲဆန္ဒရှင် လူထုများက အလေးအနက်ထား တောင်းဆိုအပ်ပါသည်။



မဲဆန္ဒရှင်ပြည်သူများ

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....