Friday, March 12, 2010

ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား

နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ သေဆုံးမှုကို လျစ်လျူရှုကာ စစ်အာဏာသုံး အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်လျှင် နိုင်ငံရေးပါတီမထောင်၊ ရွေးကောက်ပွဲလည်းမ၀င်ဟု ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) က ယတိပြတ် ပြောကြားလိုက်သည်။

အခြေခံဥပဒေကို ထိန်းသိမ်းမှ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပြုမည်ဆိုသည့် စစ်အစိုးရ ဥပဒေကို မလိုက်နာနိုင်သည့်အပြင် ယင်းဥပဒေအရ နိုင်ငံရေးပါတီ ဖွဲ့စည်းခြင်းသာမက ရွေးကောက်ပွဲ ၀င်ရေးကိုပါ မစဉ်းစားဟု ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောကြားသည်။

၎င်းက “ဒီဖွဲ့စည်းပုံကို လက်မခံနိုင်တဲ့အတွက် နောက်ထပ် ပါတီထောင်ဖို့သော်လည်းကောင်း၊ အခု လက်ရှိ ပါတီကိုပဲ မှတ်ပုံတင်မှု အနေနဲ့သော်လည်းကောင်း ဖြစ်တော့မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။


ယခုကဲ့သို့ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ထုတ်ပြန်ပြီးနောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်ကဲ့သို့ တိုင်းရင်းသားပါတီများ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကလည်း စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပါက နိုင်ငံရေးပါတီ ထူထောင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း မပြုလုပ်ဟု သဘောထား ထုတ်ပြန်ပြီးဖြစ်ကြောင်း ဦးအေးသာအောင်က ပြောကြားသည်။

“ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလူမျိုးများအနေနဲ့က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ပြည်နယ်ရဲ့ အခွင့်အရေးတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘာမှကိုမရှိဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲကို သူတို့က မစဉ်းစားခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးများ မျှော်မှန်းသည့် နိုင်ငံရေး တန်းတူရည်တူ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး စသည့် အခြေခံအချက်များနှင့် မကိုက်ညီခြင်းကြောင့် အခြေခံဥပဒေ ထွက်ပေါ်လာကတည်းက တိုင်းရင်းသားပါတီများက ပြင်ဆင်ရန် တောင်းဆိုထားကြသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးပါတီများကို ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်ရန် ဥပဒေ ထုတ်ပြန်လိုက် သော်လည်း တိုင်းရင်းသားခေါင်းဆောင်များက အခြေခံဥပဒေကို ပြင်ဆင်မှသာ စဉ်းစားနိုင်မည်ဟု ပြောဆိုသည်။

“ဒီမှာ ကျနော် ပြောချင်တာက ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ၊ နိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်သည်ဖြစ်စေ၊ မဖျက်သိမ်းသည် ဖြစ်စေ နိုင်ငံရေးကတော့ ဘယ်ခေတ်မှာမဆို ဘယ်အခါမှာမဆို လုပ်ချင်တဲ့ဆန္ဒရှိရင် ပြည်သူကလည်း ထောက်ခံတယ်ဆိုရင် နိုင်ငံရေးကတော့ ဆက်လုပ်လို့ ရနိုင်ပါတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီနိုင်ငံတွင် စစ်မှန်သည့် ပြည်ထောင်စုတရပ် ပေါ်ပေါက်လာရေးအတွက် ပြည်သူတရပ်လုံးက ဆက်လက် ကြိုးပမ်းကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။

“ဒီမိုကရေစီ အခင်းအကျင်းတွေ နိုင်ငံရေး အခင်းအကျင်းမရှိဘဲနဲ့ ရွေးကောက်ပွဲသက်သက် တခုတည်းနဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်လို့ ရနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခင်းအကျင်းတွေ ကောင်းလာဖို့ ဒီမိုကရေစီ အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းသွားကြဖို့ ပြည်သူလူထုကို ကျနော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဦးအေးသာအောင်က ထပ်လောင်းပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဦးခွန်ထွန်းဦးအပါအ၀င် အကျဉ်းသားများလွှတ်ပေးရန်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် ယင်းသို့မဟုတ်ပါက ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည်မဟုတ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။
The New Era Journal မှဖေါ်ပြပါသည်။
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....