Tuesday, March 16, 2010

ကျော်သူ သရုပ်ဆောင်သင်တန်းဖွင့်ပြီ

အထက်ပါ ဓါတ်ပုံများကိုကြည့်ပြီး ကျော်သူနှင့် ဆုရွှန်းလဲ့၊ သန်းသန်းစိုး၊ ဂွမ်းပုံကြီး ၊ ဦးချစ်ပြုံး၊ ညီဂျော်တို့အဖွဲ့ ဘာတွေများ ပြဿနာတက်နေပါလိမ့်၊ ဒုတ်ဆွဲ ဓါးဆွဲဖြစ်ကုန်ပြီလား၊ အော်ကြီးဟစ်ကျယ် တွေနှင့် ဘာတွေများဖြစ်ကုန်ပါလိမ့်ဟု . . . မထင်လိုက်ပါနှင့် ။

သရုပ်ဆောင်သင်တန်းပို့ချနေခြင်းပင် ဖြစ်တော့သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် သရုပ် ဆောင်သင်တန်း မည်ကဲ့သို့ပတ်သက်သနည်း၊ မည်သို့မျှမဆိုင်ဟု ပြောဆိုကြမည်ဟု မျှော်လင့်ပါသည်။ ရှင်းပါအံ့ . . . လူမှုရေးလုပ်ကိုင်ရာ၌ အထူးသဖြင့် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ လုပ်ကိုင်ရာတွင် နာရေးရှင်တို့၏ အပူမီးကို တတ်နိုင်သမျှ ငြိမ်းသပ်ပေးရန်၊ လူနာတို့၏ ဝေဒနာကို လျော့ပါးသက်သာစေရန် အလွန်အရေးကြီးပါသည်။ သို့ကြောင့် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ နာရေးကူညီပံ့ပိုးပေး သော လူမှုရေးကုသိုလ်ဖြစ်လုပ်အားေ
ပးများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လုပ်အားပေးကြသော လူမှုရေး သမားများအဖို့ ဆက်ဆံရေး (လူမှုဆက်ဆံရေး)သည် အလွန်အရေးကြီးသည်။ ကျွန်တော်တို့အသင်း၏ အလုံးစုံ သော နာရေး၊ ဆေးကူညီမှုတို့သည် အခမဲ့ကူညီပံ့ပိုးမှုဖြစ်သည်နှင့်အညီ တဖက်မှ ကျွန်တော်တို့အား ကျေးဇူးတင်စွာ၊ ၀မ်းမြောက်စွာ တုံပြန်မှုများကို ရရှိသလို . . . အချို့သောသူတို့သည် အခမဲ့ကူညီမှုကို တန်ဖိုးမထားမှု၊ ရိုင်းစိုင်းစွာတုန့်ပြန်မှု၊ မူးရူးကာဆက်ဆံမှုစသည်တို့ကို ကြုံတွေ့မှုများရှိခဲ့သည်။

သို့အတွက် . . . မိမိတို့ မည်သို့တုန့်ပြန်ရမည်နည်း . . . ။

မေးခွန်းများပေါ်ထွက်လာတော့သည်။ ထို့ကြောင့် . . . လူတစ်ယောက်၏ ဆက်ဆံရေးဆိုရာ၌ မျက်နှာပေး အမူအရာ၊ စကားအပြောအဆိုညင်သာမှု၊ တစ်ဖက်လူကို နွေးထွေးစေမှု စသည့် . . . လူမှုဆက်ဆံရေး ယဉ်ကျေးမှု များသည် အဓိကဖြစ်တော့သည်ဟု ကျွန်တော်မြင်မိသည်။

ဤသို့ မြင်မိသည်နှင့်အညီ ကျွန်တော်တတ်စွမ်းသော သရုပ်ဆောင်အနုပညာကို ခုတုံးလုပ်၍ ဤသင်တန်းကို ပို့ချ ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်၏ အနုပညာအသိုင်းအ၀န်းထဲမှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသော ၀ါရင့်သရုပ် ဆောင်များဖြစ်ကြသော မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ညီဂျော်နှင့် ဆုရွှန်းလဲ့ (အသင်းသူ) တို့၏ အကူ အညီနှင့် ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့၏ အသင်းသူ မတင်တင်ဦးမှလည်း ပံ့ပိုးကူညီခဲ့ရာ ၀ါရင်သရုပ်ဆောင်များကိုယ်တိုင် အထူးသဘောကျအားပေးမှုကို ရရှိခဲ့သည်။ Professional သရုပ်ဆောင်လုပ်ပါက အကယ်ဒမီမြောက်များစွာ၊ အော်စကာဆုမြောက်များစွာ ရရှိမည်ဟု ထော်ပနာပြုကြ၍ အသင်းသူ/အသင်းသားများအားလုံး ၀မ်းမြောက် ပျော်ရွှင်မှု၊ အားပေးမှုတို့ကိုဖြစ်စေခဲ့သည်။

လူမှုရေးလုပ်ရာ၌
- မိမိကိုယ်ကို နှိမ့်ချဆက်ဆံရေး၊
- ကာယံကံရှင်ကို ညင်သာရိုသေနွေးထွေးစွာဆက်ဆံရေး၊
- တစ်ဖက်လူ၏ဆက်ဆံရေးသည် မချေမငံဆက်ဆံလာပါက ဒေါသ ရှေ့မထားရေး၊
- မိမိတို့အသင်း၏ လုပ်ဆောင်ပေးမှု အတိုင်းအတာကို ကာယကံရှင် တို့ သဘောပေါက်နားလည်မှု ရှိသည်အထိ ပြောဆိုဆက်ဆံရေး၊
- ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ကို မြေ၀ယ်မကျလက်ကိုင်ကျင့်သုံးရေး၊


စသည့်အချက်များအပြင် ကိုယ်နုတ်အမူအရာ အလွန်အရေးကြီးကြောင်း မျိုးဆက်သစ်လူငယ်တို့ သဘော ပေါက်လာပြီဖြစ်၍ ရှေ့ဆက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေး သော လူမှုရေး၊ မင်းသား၊ မင်းသမီးများ မြောက်များစွာ မွေးထုတ်ပေးနိုင်တော့ မည်ဖြစ်ကြောင်း မင်္ဂလာစကားလက် ဆင့်ကမ်းလိုက်ရပါကြောင်း . . .
ဤသတင်းဆောင်းပါးနှင့်အတူ ပံ့ပိုးကူညီကုသိုလ်ယူခဲ့ကြသော မသန်းသန်းစိုး၊ ဦးချစ်ပြုံး၊ မဂွမ်းပုံကြီး၊ ဦးညီဂျော်၊ ဆုရွှန်းလဲ့၊ မတင်တင်ဦးတို့အား အထူးကျေးဇူးတင်ဂုဏ်ပြုပါကြောင်းနှင့် နောက်ပို့ချမည့် သင်တန်းများကိုလည်း စိတ်ဝင်စားသူ၊ ကုသိုလ်ပြုလိုသူ၊ သရုပ်ဆောင်များအား ကြိုဆိုပါကြောင်း . . . .

ကျော်သူ



No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....