Thursday, February 4, 2010

KNU ခေါင်းဆောင်နေအိမ်နှင့် သတင်းစာစောင်အဖွဲ့ရုံးကို ထိုင်းလုံခြုံရေးအဖွဲ့များ ဝင်ရောက်စစ်ဆေး

ထိုင်း- မြန်မာနယ်စပ်ရှိ KNU ခေါင်းဆောင်နေအိမ်နှင့် ကရင့်သတင်းစဉ် စာစောင်(KIC) ရုံးကို ထိုင်းအာဏာပိုင်များက ယနေ့နံနက် ၆ နာရီခန့်တွင် ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုင်းစစ်တပ်နှင့် ရဲအင်အား ၂၀ ခန့်က တရားဝင် ရှာဖွေပုံစံ (ဝရမ်း)များဖြင့် လာရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကရင့်သတင်းစဉ်စာစောင် တာဝန်ခံကပြောသည်။

“ကေအိုင်စီရုံးနဲ့ ပဒိုဒေးဗစ်သာကဘော နေထိုင်ခဲ့တဲ့ အခန်းကို ဝင်စစ်ဆေးသွားတယ်၊ တရားဝင် ဝရမ်းတွေပါ ယူလာတယ်၊ ကျမတို့ရုံးမှာကျတော့ ဘယ်သူမှမရှိဘူးလေ ဝန်ထမ်းတွေက ညမအိပ်တော့ သော့ခတ်ထားတယ်၊ အဲဒါကို သူတို့နည်း သူတို့ဟန်နဲ့ တံခါးတွေကိုဖွင့်ပြီး ဝင်စစ်သွားတာ” ဟု ပြောသည်။

ယင်းကဲ့သို့ လာရောက်ရှာဖွေရာတွင် အချိန် (၁) နာရီခန့် ကြာမြင့်ခဲ့ပြီး ၎င်းတို့ပါလာသည့် တရားဝင်စာရွက် စာတမ်း(ဝရမ်း)များကို ပြ၍ အဓိက မူးယစ်ဆေးဝါးနှင့် လက်နက်များကို ရှာဖွေခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည် ဟု ၎င်းကဆက်ပြောသည်။

“သူတို့က (၁)အချက်က ကေအန်ယူ ခေါင်းဆောင်တွေ ဒီမှာနေ သေးလားဆိုတာကို လာစစ်ဆေးတဲ့ သဘောပါ၊ နောက်တချက်က ကျမတို့ (KIC)ကို စစ်တယ်ဆိုတာက အနေနီးလို့ ကေအန်ယူနဲ့ ဆက်စပ်မှုရှိမရှိဆိုတာကို စစ်ဆေးတဲ့ သဘောဖြစ်မှာပါ၊ တဖက်က နအဖရဲ့ဖိအားပေးမှုတွေလည်း ပါမယ်ထင်တယ်” ဟု ၎င်းတာဝန်ခံက ပြောသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပဒိုဒေးဗစ်သာကဘော၏ မိသားစုဝင်များကို မေးမြန်းခြင်းများပြုလုပ်ကာ (KIC) ရုံးအတွင်းမှ ပစ္စည်းများကို ဓါတ်ပုံရိုက်၍ မှတ်တမ်းများ ယူသွားကြောင်း ၎င်းက ဆက်ပြောသည်။

“ပစ္စည်းတွေ တစုံတရာယူသွားတာမရှိဘူး၊ ရုံးဝန်ထမ်းတဦးကတော့ သူ (ယူအက်စပီ) memory stick တခု ပျောက်သွားတယ်လို့တော့ ပြောတယ်၊ ထူးခြားတဲ့ အချက်အလက်တွေတော့ မရှိဘူးပါဘူး၊ နောက်တခုက ကွန်ပြူတာတွေကို ဖွင့်မကြည့်ပေမဲ့ လက်တော့တွေကို အံဆွဲထဲက ဆွဲထုတ်ကြည့်ထားတဲ့ ပုံစံမျိုးတွေတော့ တွေ့ရတယ်” ဟု ပြောသည်။

နယ်စပ်အခြေစိုက် သတင်းဌာနများအနေဖြင့် လုံခြုံရေးအလွန်စိုးရိမ်နေရပြီး ဝန်ထမ်းများမှာလည်း ထိုင်းအာဏာပိုင်တို့ နှောက်ယှက်မှုများအပြင် မြန်မာဘက်မှနှောက်ယှက်လာမည့် အန္တရယ်ကို အချိန်မရွေးတွေ့ရနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယမန်နေ့ညက ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်တို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး ထိုင်းအာဏာများပါဝင်သည့် အုပ်စုလိုက်လူသတ်မှုတခုလည်း ဖြစ်ပွားကာ တရားခံများမှာ မြန်မာပြည်ဘက် ထွက်ပြေးသွားကြောင်း ဒေသခံ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ရိုးမ ၃

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....