Sunday, February 21, 2010

အထည်ချုပ် အလုပ်သမား ၇ ဦးတွင် A (H1N1) တွေ့ရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်ရှိ APT အထည်ချုပ် စက်ရုံမှ အလုပ်သမား ၇ ဦးတွင် A (H1N1) တုပ်ကွေးပို့ တွေ့ရှိသဖြင့် ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း မြို့နယ်ကောင်စီနှင့် အင်းစိန်ဆေးရုံ တာဝန်ရှိသူများ အဆိုအရ သိရသည်။

APT အလုပ်သမား ၃ ဦးကို ယခုလ ၁၇ ရက်နေ့နှင့် နောက်ထပ် ၄ ဦးကို ၁၈ ရက်နေ့တွင် A (H1N1) ပိုး ရှိကြောင်း တွေ့ရှိပြီးနောက် ထန်းတပင်နှင့် အင်းစိန် ဆေးရုံသို့ ခေါ်ဆောင်ကာ ကုသပေးနေခြင်း ဖြစ်သည်။

''မနေ့တုန်းက ၄ ယောက် တွေ့တာကို ထန်းတပင် အဆုတ်ဆေးရုံကို ပို့လိုက်တယ်။ အရင်နေ့ကဟာကိုတော့ ကျနော် မသိဘူးဗျ။ အဲဒီနေ့က ကျနော် တာဝန်မှူး မဟုတ်ဘူး'' ဟု ရွှေပြည်သာ မြို့နယ်ကောင်စီရုံးမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။


အင်းစိန်ဆေးရုံကြီးမှ တာဝန်ရှိတဦးက ယခုလ ၁၇ ရက်နေ့မှ စတင်၍ A (H1N1) ပိုးရှိသူ APT အလုပ်သမား ၃ ဦး လာရောက် ကုသနေကြောင်း ပြောသည်။

ကိုရီးယား နိုင်ငံသားပိုင် APT စက်ရုံမှ အလုပ်သမား ၄၀ ကျော်တွင် တုပ်ကွေးဝေဒနာ ခံစားနေရကြောင်း သိရှိပြီးနောက် မြို့နယ် ကျန်းမာရေးဌာနနှင့် မြို့နယ်ကောင်စီတို့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ရာ ပိုးရှိသူ ၇ ဦးကို ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိသည့် အလုပ်သမား ၃၀၀ ခန့်မှာ လုပ်ခ ဖြတ်တောက်ခံရမည်ကို စိုးရိမ်သဖြင့် ဆက်လက်၍ လုပ်ငန်းခွင် ဝင်နေကြသည်။

“အလုပ်သမားတွေ အလုပ် ဆင်းနေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောနိုင်မယ့်သူ အပြင်သွားနေပါတယ်” ဟု APT ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

မြို့နယ်ကောင်စီနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက APT သို့ လာရောက်ကာ ကျန်းမာရေး ပညာပေးမှုများ ပြုလုပ်နေကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ယနေ့ထုတ် စစ်အစိုးရ၏ ကြေးမုံ သတင်းစာတွင် လွန်ခဲ့သော ၂ ရက်ခန့်က ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံတရုံမှ A (H1N1) ပိုးတွေ့ရှိသူ လူနာ ၃ ဦးနှင့် မှော်ဘီရှိ ဘာသာရေးကျောင်းတခု၌ ၆ ဦး တွေ့ရှိကြောင်း ဖော်ပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နှင့် ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းတွင် လူနာသစ် ထပ်မံ မတွေ့ရှိသဖြင့် လူနာဟောင်းများကိုသာ ကုသရေးကာလ ပြည့်မီအောင် စောင့်ကြပ်ကုသနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂ ပတ်အတွင်း A (H1N1) ပိုးရှိသူ ၅၁ ဦး တွေ့ရှိခဲ့ကြောင်း ယခုလ ၁၇ ရက်နေ့တွင် မဇ္ဈိမကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုလအတွင်း ရန်ကုန်တိုင်း မင်္ဂလာဒုံတွင် ၅ ဦး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပိုးရှိသူနှင့် သံသယရှိသူ ၄၇ ဦး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ၂ ဦး၊ ရွှေပြည်သာတွင် ၃ ဦး၊ မှော်ဘီတွင် ၆ ဦး၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ၄ ဦးနှင့် ရှမ်းပြည်နယ် ကျောက်မဲမြို့တွင် ၅ ဦးတွင် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။

မြန်မာ့ရုပ်ရှင်သံကြားတွင် A (H1N1) ပိုး တွေ့ရှိမှုနှင့် ပတ်သက်၍ နေ့စဉ် နောက်ဆုံး အခြေအနေများ ထုတ်လွှင့်ပေးနေကြောင်း နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတဦးက ဆိုသည်။

“ကျနော်တို့ မြန်မာ့အသံနဲ့ သတင်းစာတွေမှာ update ဖော်ပြပေးထားပေးပါတယ်ခင်ဗျ။ အဲဒီသတင်းစာတွေမှာ ဖော်ပြထားတဲ့အတိုင်း ဘယ်ဆေးရုံမှာ ရောက်နေတယ်ဆိုတာ ရေးထားပြီးသားပါ” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....