Wednesday, February 3, 2010

မြန်မာ ဒုက္ခသည် ၃၀ ခန့်ကို ဂျပန်က နေထိုင်ခွင့်ပေးရန် စီစဉ်

ထိုင်း - မြန်မာ နယ်စပ်တွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင် လျက်ရှိသော မယ်လ ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၃၀ ခန့်ကို ဂျပန်နိုင်ငံသို့ ပထမဆုံး အကြိမ် အခြေချ နေထိုင်ခွင့် ရရှိရန် စီစဉ်နေသည်။

“ဂျပန်အစိုးရက ခေါ်မှာက လူဦးရေ အယောက် ၃၀၊ မိသားစုတွေကတော့ ခန့်မှန်းခြေ ၇ အိမ်ထောင်စုလောက်တော့ ရှိတယ်”ဟု မယ်လဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဂျပန်နိုင်ငံသို့ သွားရန် လျှောက်လွှာ တင်ထားသည့် ဒုက္ခသည်များကို ယမန်နေ့က စတင် စစ်ဆေးမှုများ ပြုလုပ်ပြီး အင်တာဗျူး လုပ်ရန် အစီအစဉ်အား တပတ် အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အထူးသဖြင့် မိသားစုဝင်ဖြစ်ရမယ်၊ အဖေ၊ အမေ ကလေးတွေလည်း ရှိရမယ်၊ ကလေးတွေကတော့ အသက်ငယ်တဲ့ ကလေးတွေ၊ အသက် ၂ နှစ် အရွယ်ကနေ ၁၅ နှစ်၊ မိဘတွေကလည်း လုပ်နိုင် ကိုင်နိုင်ဖြစ်ရမယ်၊ အသက် ၂၀ နဲ့ ၄၀ ကြားရှိသူတွေကို ဦးစား ပေး ခေါ်ယူဖို့ အဲဒီလိုတွေ သတ်မှတ်ထားတယ်”ဟု ကိုထွန်းထွန်းက ပြောသည်။

ဂျပန်နိုင်ငံမှ တာဝန်ရှိသူတချို့က ပြီးခဲ့သည့် တနင်္လာနေ့တွင် မယ်လဒုက္ခသည်စခန်းသို့ ရောက်ရှိလာပြီး စခန်းကော်မတီအပါအ၀င် ထိုင်း အဏာပိုင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒုက္ခသည်များအနေဖြင့် ဂျပန်နိုင်ငံသို့ သွားရန် အသိအမှတ်ပြုခံရသူများအား ယင်း စခန်းအတွင်း၌ အခြေခံ ဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှု စသည် ၃လခန့် သင်တန်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ဂျပန်သည် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ၏ အဓိက အလှူရှင် နိုင်ငံ ဖြစ်သော်လည်း ဒုက္ခသည်များကို အိမ်ရှင်အဖြစ် လက်ခံရန် တုံ့နှေးနေသည့် အတွက် ဝေဖန်ခံနေရကြောင်း သတင်းများ ဖော်ပြချက်အရ သိရသည်။

ထိုင်း - မြန်မာ နယ်စပ်ဒေသတလျှောက်တွင် တရားဝင်ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်း ၉ ခုရှိပြီး ကရင်ပြည်နယ် အနီးတွင် စခန်း ၆ ခု၊ ကယားပြည်နယ်အနီးတွင် ၂ ခု၊ ရှမ်းပြည်နယ် အနီးတွင် ၁ ခုရှိ၍ ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၃ သောင်း ကျော်ရှိ သည်ဟု ယခင်နှစ်က ထုတ်ပြန်ခဲ့သော ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ အချက်အလက်များ အရ သိရသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားများ၏ ခိုလှုံခွင့် တောင်းခံမှုပေါင်း ၈၀၀ ကျော်ရှိခဲ့ရာ ၄၁ ဦးခိုလှုံခွင့် ရခဲ့ပြီး ၈၈ ဦးမှာ လူသားချင်းစာနာမှု ခေါင်းစဉ်အောက်တွင် နေထိုင်ခွင့်ရခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ အစိုးရ အဆက်ဆက်၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သား အများအပြား ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးလျက်ရှိသည်။
ဧရာဝတီ

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....