Saturday, February 6, 2010

ဂေါပက လူကြီးသမီးလုပ်ရပ်ကို မြို့ခံများ မကျေနပ်

ဖြိုးကြီး။ ။ ကျိုက်ခေါက်ဘုရားဂေါပက အတွင်းရေးမှူးသမီးဖြစ်သူက ဘုရားရင်ပြင်တော်ပေါ်တွင် ရိုင်းပျစွာဆက်ဆံမှုကြောင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားပွဲတော်လပြည့်နေက ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးငွေထွန်း၏ သမီးဖြစ်သူက ဖိနပ်မစီးရန် အမိန်ထုတ်ထားသည့်နေရာသို့ ဖိနပ်စီးလာပြီး လာရောက်တားမြစ်သူများကို ရိုင်းစိုင်းစွာ ပြောဆို လိုက်ကြောင်း မြို့ခံမျက်မြင်တဦးက ပြောသည်။

“ဘုရားအရှေ့ဘက် စောင်းတန်းဓါတ်လှေကားကနေ ဖိနပ်စီးပြီးတက်လာတော့ လျှောက်လမ်းပေါ်မှာကျိုက်ခေါက် ဘုရား အင်္ဂါအသင်းက အသင်းဝင်ကောင်လေးတယောက်က့ အမရင်ပြင်ပေါ်ကိုရောက်နေပြီဖိနပ်ချွတ်ပါလို့ ယဉ်ယဉ်ကျေးကျေးသွားပြောတာကို အဲဒီဂေါပကလူကြီး သမီးက ငါ့ဖိနပ်က (၃၅၀၀)တန်တယ်၊ ပျောက်သွားရင် နင်တာဝန်ယူမလား၊ မကျေနပ်ရင် ဂေါပကရုံး သွားတိုင်လို့ ပြောလိုက်တာ” ဟု ပြောသည်။


ယင်းဖြစ်ရပ်ကို အင်္ဂါအသင်းဥက္ကဌနှင့် အသင်းသားများက ဘုရားဂေါပကရုံးကို သွားရောက်တိုင်ကြားရာ ဂေါပက အတွင်းရေးမှူးသမီးက ကြိုရောက်နှင့်ပြီး ထပ်မံရိုင်းပြစွာ ပြောကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီမိန်းကလေးက ဘာလဲ လူအင်အားလာပြတာလား၊ ဘယ်သူ့မှ စောက်ဂရုမစိုက်ဘူး၊ ကြိုက်တဲ့ကောင် ခေါ်လာခဲ့ဆိုပြီး ထပ်ပြောလိုက်တယ်၊ အဲဒီလိုပြောတာကို ဘယ်သူ့မှ အရေးယူဆောင်ရွက်ပေးတာမရှိဘူး” ဟု ဆက်ပြောသည်။

အဆိုပါ ဂေါပကအတွင်းရေးမှူးဦးငွေထွန်းသည် ဂေါပကအဖွဲ့မှ စံပြချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိသည့်အပြင် သမီးဖြစ်သူ၏ လုပ်ရပ်ကိုလည်း အရေးယူခြင်းမရှိကြောင်း ဒေသခံက ဆက်ပြောသည်။

၎င်းကျိုက်ခေါက်ဘုရားဂေါပက အတွင်းရေးမှူး ဦးငွေထွန်းသည် လာဘ်စားမှုတွင် နာမည်ကြီးသူတဦးဖြစ်ပြီး ဘုရားဝန်ထမ်းများအပေါ်တွင် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသူဖြစ်ကြောင်း မြို့ခံက ပြောသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကျိုက်ခေါက်ဘုရားပွဲသည် သမိုင်းဝင်ဘုရားပွဲတော်တခုဖြစ်ပြီး တပို့တွဲ လဆန်း (၈) ရက်နေ့မှ စတင်ကာ လပြည့်ကျော် (၁) ရက်နေ့အထိ အသံမစဲပဌာန်းပွဲများ၊ ဇါတ်ပွဲများထည့်သွင်း ကျင်းပခဲ့သည်။
Yoma3
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....