Saturday, February 20, 2010

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မရဘဲ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသည့် ကင်တားနား၏ မထွက်ခွာမီ ပြောကြားချက်

By abma။ ။ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် နေအိမ် အကျယ်ချုပ် ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မရဘဲ မြန်မာ နိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

မစ္စတာ ကင်တာနာက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့် မရသည့် အပြင် အကြောင်း ပြချက် တစုံတရာ မပေးသောကြောင့် စိတ်မကောင်းကြောင်း မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ယနေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားပြီး ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်ဟု ရန်ကုန် အခြေစိုက် စာနယ်ဇင်း သမားတဦးက ပြောသည်။

ထို့အပြင် ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ဖြစ်ပေါ်ရန် မလွယ်ကူကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေး မည်ဟုလည်း မထင်မြင်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားရေး စနစ်သည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ကိုလည်း ပြောကြား သွားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေးအခြေအနေများကို လေ့လာရန် လာသော သူ၏တတိယ အကြိမ်မြောက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် တောင်းဆိုခဲ့သော်လည်း ယခင်အကြိမ်များက ကဲ့သို့ပင် စစ်အစိုးရမှ တွေ့ဆုံခွင့် မပြုခဲ့ပေ။

သူသည် နေပြည်တော်တွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်၊ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင် တို့နှင့် သောကြာနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး ရန်ကုန်သို့ ပြန်လာကာ နိုင်ငံခြား သံတမန်များနှင့် ဆက်လက်တွေ့ဆုံခဲ့သည်။

ကြာသပတေးနေ့က ကင်တာနာသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဌ ဦးတင်ဦး၊ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် အခြား NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

“ဦးတင်ဦးကတော့ ၇၄ ခုနှစ်အခြေခံဥပဒေဟာ ပျက်ပြယ်သွားပြီဖြစ်တဲ့အတွက် ၇၄ ခုနှစ် အခြေခံ ဥပဒေအရ ချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းကို လွှတ်ပေးဖို့သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးထဲမှာ ပါရမယ်ဆိုရင် လွှတ်ပေးဖို့ကောင်းတယ်ဆိုတာတွေပြောပြပါတယ်”ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရပြီး မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်ကမူ ၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အလေးထားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြန်လည်သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေးသမားများကို ဆက်ပြီး ချုပ်နှောင်ထားခြင်းသည် နိုင်ငံရေး ပြဿနာသာမက လူ့အခွင့်အရေးဖောက်ဖျက်ခြင်းဖြစ်သည်ဟု ကင်တာနာအား တင်ပြခဲ့သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ပြောသည်။

ကင်တာနာသည် ၂၀၀၈ ခုနှစ်မေလ အတွင်းက သူ၏ မြန်မာပြည်သို့ ပထမဆုံး ခရီးစဉ်တွင် သတင်းစာဆရာကြီး ဦးဝင်းတင် အင်းစိန် ထောင်တွင်းရှိစဉ် တွေ့ဆုံခဲ့ဖူးသည်။ ဦးဝင်းတင် ထောင်မှ ပြန်လွတ်ခါစ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင်မူ စစ်အစိုးရ၏ အစီအစဉ်ကို လက်မခံလိုသောကြောင့် ဦးဝင်းတင်မှ တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ကင်တာနာသည် NLD အဖွဲ့ဝင်များ၏ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားများကိုလည်း မေးမြန်းခဲ့ သည်ဟု သိရသည်။

“ရွေးကောက်ပွဲကတော့ အခုထိ အဆုံးအဖြတ်မရှိသေးပါဘူးလို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခါကျမှ ဆုံးဖြတ်သွားမှာဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရေးဟာ ပထမအရေးကြီးသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ရေးဟာ ဒုတိယအရေးအကြီးဆုံး ကိစ္စတွေ ဖြစ်ပါတယ်လို့ ဒီကိစ္စမှ မဖြစ်လို့ရှိရင်လည်း မြန်မာ့နိုင်ငံရေး ထွက်ပေါက်ကို သွားနိုင်မှာ မဟုတ်ဘူးလို့ အန်ကယ်လ်တို့ ပြောပြ လိုက်ပါတယ်”ဟု ဦးခင်မောင်ဆွေက ပြောသည်။

ကင်တာနာက သူနှင့် NLD အဖွဲ့ဝင်များ တွေ့ဆုံပြောဆိုသည်များကို မှတ်သားထားပြီး သက်ဆိုင်ရာသို့ တင်ပြပြောဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တဆည)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့ဝင်တချို့နှင့် ၁၉၉၈ ခုနှစ် အတွင်းက စစ်အစိုးရထံ လက်နက်ချခဲ့သည့် ဘုရားကုန်း အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့မှ ပဒိုအောင်ဆန်းလည်း ပါဝင်ခဲ့သည်။

သူ၏ ၅ ရက်တာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် စစ်တွေထောင်နှင့် ဘူးသီးတောင်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ၊ ရခိုင်ဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံရန် သွားရောက်ခဲ့ရာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများဖြင့် စွပ်စွဲအရေးယူထားသည့် ရခိုင်လူငယ် ခိုင်ကျော်မိုးနှင့် အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုံးလှ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတချို့နှင့် တွေ့ခွင့်ရခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုနေသည့် ကင်တာနာ ရောက်ရှိနေစဉ်ကာလအတွင်းတွင်ပင် စစ်အစိုးရက နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ လူမှုရေး ကူညီသူများကို ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်။

အင်းစိန်ထောင်တွင်း တရားရုံးက ဒေါ်နော်အုံးလှ အပါအ၀င် ၄ ဦးတို့ကို တနင်္လာနေ့တွင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး၊ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး ကူညီပေးသည့် ငါးထပ်ကြီး ကျောင်းတိုက်မှ ဆရာတော် ဦးဃောသိတ ကို ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၇ နှစ် စသဖြင့် ဆက်တိုက် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် တနင်္လာနေ့က တွေ့ဆုံစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်ခြင်း သည် ဥပဒေနှင့် မညီညွတ်ကြောင်းနှင့် စစ်အစိုးရ၏ တရားစီရင်ရေးမှာ တရားမျှတမှုများ မရှိကြောင်းကို ဝေဖန်ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းဖြင့် နာမည်ကျော်ကြားသော ရန်ကုန်တိုင်း ခရိုင်တရားသူကြီး ဦးသောင်းညွှန့်၊ ဦးညီစိုးတို့နှင့် ရန်ကုန်မြို့တွင် စစ်အစိုးရမှ တွေ့ဆုံစေခဲ့သည်။

ကင်တာနာက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးပြီး ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု ရှိစေရန်အတွက် စစ်အစိုးရအား တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ NLD အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဖမ်းဆီးထားသော သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရမှ အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီဝင်များအား အကျဉ်းချခြင်း၊ ပါတီဝင်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ဖိအားပေးခြင်းများ ပြုခဲ့သည်။

စစ်အစိုးရသည် ၂၀၀၈ ခုနှစ်မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင် စစ်အစိုးရအလိုကျ ရေးဆွဲထားသော အခြေခံ ဥပဒေကို အတည်ပြု မဲဆန္ဒပေးစေခဲ့ရာ ၉၀ ရာနှုန်းကျော် ထောက်ခံမဲ ရရှိသည် ဟူ၍ ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကို ၂၀၁၀ တွင် လွတ်လပ်၍ တရားမျှတစွာဖြင့် ပြုလုပ်မည်ဟု စစ်အစိုးရမှ ဆိုထားသော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး(A.B.M.A)

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....